လူသားတိုင်း လူ့အခွင့်အရေးကို အပြည့်အဝခံစားရရှိနိုင်ရေးအတွက် လူ့အခွင့်အရေးကော်မရှင်၏ လွတ်လပ်စွာဆောင်ရွက်အကြံပြုနိုင်မှုကို နားလည်သဘောပေါက်ပြီး အစိုးရ၊ ပြည်သူ၊ လူ့အခွင့်အရေးကော်မရှင်တို့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

လူသားတိုင်း လူ့အခွင့်အရေးကို အပြည့်အဝခံစားရရှိနိုင်ရေးအတွက် လူ့အခွင့်အရေးကော်မရှင်၏ လွတ်လပ်စွာဆောင်ရွက်အကြံပြုနိုင်မှုကို နားလည်သဘောပေါက်ပြီး အစိုးရ၊ ပြည်သူ၊ လူ့အခွင့်အရေးကော်မရှင်တို့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 10 December 2017

ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့၌ကျင်းပသည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားစဉ်

လူသားတိုင်း လူ့အခွင့်အရေးကို အပြည့်အဝခံစားရရှိနိုင်ရေးအတွက် လူ့အခွင့်အရေးကော်မရှင်၏ လွတ်လပ်စွာဆောင်ရွက်အကြံပြုနိုင်မှုကို နားလည်သဘောပေါက်ပြီး အစိုးရ၊ ပြည်သူ၊ လူ့အခွင့်အရေးကော်မရှင်တို့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ Panda Hotel ၌ ဒီဇင်ဘာ ၉ ရက်ကကျင်းပသည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ ဦးဝင်းမြက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လူ့အခွင့်အရေးနယ်ပယ်ဟာ ကျယ်ဝန်းလှတဲ့အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ မိမိတို့တာဝန်ဖြစ်တဲ့ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ပြီလို့ မဆိုနိုင်သေးသော်လည်း နိုင်ငံသားများရဲ့ လူ့အခွင့်အရေး အသိပညာတိုးတက်ရေးနဲ့ နိုင်ငံသားများရဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွေမှာ ကော်မရှင်က စွမ်းအားရှိသလောက် ကျယ်ကျယ်ပြန့်ပြန့် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြလိုပါတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောကြားသည်။

ထို့ပြင် ပြည်သူများအနေဖြင့် လူ့အခွင့်အရေးဆိုသည်ကို တဖြည်းဖြည်း သိရှိလာကြပြီဖြစ်သော်လည်း လူ့အခွင့်အရေးစံနှုန်းများကို ပိုမိုနားလည်သိရှိရန်၊ လက်တွေ့ကျင့်သုံးနိုင်ရန် လိုအပ်လျက်ရှိသေးကြောင်း၊ လူ့အခွင့်အရေးကို လူတိုင်းရရှိခံစားနိုင်ခွင့်ရှိသော်လည်း ဥပဒေနှင့်အညီသာ ခံစားပိုင်ခွင့်ရှိကြောင်း၊ လူသားတိုင်း လူ့အခွင့်အရေးကို အပြည့်အဝခံစားရရှိနိုင်ရေးအတွက် လူ့အခွင့်အရေးကော်မရှင်၏ လွတ်လပ်စွာဆောင်ရွက်အကြံပြုနိုင်မှုကို နားလည်သဘောပေါက်ပြီး အစိုးရ၊ ပြည်သူ၊ လူ့အခွင့်အရေးကော်မရှင်တို့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် လိုအပ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌကဆိုသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် နိုင်ငံသားများ၏ လူ့အခွင့်အရေး အသိပညာတိုးမြင့်လာစေရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိစေရန်အတွက် အဓိကတာဝန်ကြီးနှစ်ရပ်ဖြစ်သည့် လူ့အခွင့်အရေးမြှင့်တင်ရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို လွတ်လပ်တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း ဦးဝင်းမြက ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်း ချက်ပေါင်း ၃၀၀ ကျော်ရောက်ရှိပြီး မြေယာသိမ်းဆည်းမှုနှင့်ဆိုင်သောကိစ္စ၊ ရဲတပ်ဖွဲ့နှင့်ဆိုင်သောကိစ္စ၊ တရားရေးနှင့်ဆိုင်သောကိစ္စများမှာ အများဆုံးပါဝင်ကြောင်းသိရပြီး ကော်မရှင်အနေဖြင့် တိုင်တန်းချက်များနှင့်ပတ်သက်၍လည်း ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ကြောင်း သိရသည်။