(၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မန္တလေးမြို့တွင် ကျင်းပ

(၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မန္တလေးမြို့တွင် ကျင်းပ
ဓာတ်ပုံ- သက်ထွန်းအောင်
ဓာတ်ပုံ- သက်ထွန်းအောင်
Published 5 May 2024

 

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မန္တလေးမြို့၊ ၂၆ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ မြို့တော်ခန်းမ တွင် ၂၀၂၄ ခုနှစ် မေလ ၅ ရက်  နံနက် ၇ နာရီက ကျင်းပ ခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ မိန့်ခွန်းပြောကြားခြင်း၊ ဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်ခြင်း၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများ ခင်းကျင်းပြသခဲ့ကြသည်။

"ဒီနေ့ဟာ တိုင်းရင်းသားမိဘပြည်သူများရဲ့ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နဲ့ အခြားသော ဘေးအန္တရာယ်အမျိုးမျိုးကနေ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့တဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းကို ပြန်ကြည့်ရင် ပုဂံထီးနန်းကို တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းစောလက်ထက် ခရစ်နှစ် (၁၀၄၄)ခုနှစ် ကတည်းက မီးသတ်တပ်ဖွဲ့တွေ ဖွဲ့စည်းလာခဲ့တယ်ဆိုတာတွေ့ရပါတယ်။ ပုဂံခေတ်ကစလို့ ကုန်းဘောင်ခေတ်အထိ ခေတ်အဆက်ဆက်မှာလည်း နိုင်ငံတော်ကို မီးဘေးမသင့်စေဖို့ မီးသတ်လုပ်ငန်းတွေကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ မီးသတ်တပ်ဖွဲ့သမိုင်းဟာ နှစ်ပေါင်း ၁၀၀၀ နီးပါးရှိခဲ့တာကို ဂုဏ်ယူဖွယ်ရာ တွေ့ရမှာဖြစ်ပါတယ်"ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် က အခမ်းအနားတွင် ပြောကြားခဲ့သည်။

"ကိုလိုနီခေတ်မှာ အင်္ဂလိပ်နယ်ချဲ့တို့ဟာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့အတွက်သာ မြူနီစီပယ်မီးသတ်တပ်ဖွဲ့တွေဖွဲ့စည်းခဲ့ကြပါတယ်။ ဒါ့ကြောင့် မျိုးချစ်လူငယ်တွေဟာ မိမိတို့ရဲ့ရပ်ရွာဒေသကို မီးဘေးအန္တရာယ်က ကာကွယ်နိုင်ဖို့ အမျိုးသားရေးစိတ်ဓာတ်နဲ့ အပျော်တမ်းမီးသတ်အဖွဲ့တွေကို ဖွဲ့စည်းပြီး ကာကွယ်ခဲ့ကြပါတယ်။ ၁၉၀၀ ပြည့်နှစ် နှောင်းပိုင်းကစပြီး စေတနာ့ဝန်ထမ်းအပျော်တမ်းမီးသတ်တပ်ဖွဲ့တွေကို တစ်နိုင်ငံလုံး မြို့နယ်အလိုက်ဖွဲ့စည်းခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်၊ တနင်္ဂနွေနေ့မှာတော့ ရန်ကုန်မြို့၊ ကန်တော်ကလေးမှာရှိတဲ့ အမျိုးသမီးကျောင်းမှာ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ မီးသတ်အဖွဲ့အစည်းတွေဟာ ပထမအကြိမ် စေတနာ့ဝန်ထမ်းမီးသတ်အစည်းအရုံးညီလာခံကို ကျင်းပနိုင်ခဲ့ပြီး အဲဒီညီလာခံကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီလို မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးညီလာခံ ကျင်းပခဲ့တဲ့မေလ ၅ ရက်နေ့ကို အစွဲပြုပြီး “မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အဖြစ် ကျင်းပလာခဲ့တာ ယနေ့ဆိုရင် (၇၈)နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်" ဟု ဝန်ကြီးချုပ် ဦးမျိုးအောင် က ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား သို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာရှိများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

သတင်းနှင့် ဓာတ်ပုံ- သက်ထွန်းအောင်

Most Read

Most Recent