အပူချိန် ပြန်လည်မြင့်တက်မှုကြောင့် မန္တလေးမြို့တွင် မေ ၁၈ ရက် နံနက်ပိုင်းက လူသုံးဦး Heat Stroke ကြောင့် မူးလဲခဲ့ပြီး Heat Stroke ခံစားရသူများ တစ်ရက်ထက်တစ်ရက်ပိုများလာ

အပူချိန် ပြန်လည်မြင့်တက်မှုကြောင့် မန္တလေးမြို့တွင် မေ ၁၈ ရက် နံနက်ပိုင်းက လူသုံးဦး Heat Stroke ကြောင့် မူးလဲခဲ့ပြီး Heat Stroke ခံစားရသူများ တစ်ရက်ထက်တစ်ရက်ပိုများလာ
မဏီစလလူမှု ကူညီရေးအသင်းက Heat Heat Stroke ခံစားရသူ သက်ကြီးရွယ်အိုတစ်ဦးကို ပြုစုစောင့်ရှောက်မှုပေးနေစဉ် - Photo - မဏီစလလူမှု ကူညီရေးအသင်း
မဏီစလလူမှု ကူညီရေးအသင်းက Heat Heat Stroke ခံစားရသူ သက်ကြီးရွယ်အိုတစ်ဦးကို ပြုစုစောင့်ရှောက်မှုပေးနေစဉ် - Photo - မဏီစလလူမှု ကူညီရေးအသင်း
Published 18 May 2024

အပူချိန်ပြန်လည်မြင့်တက်မှုကြောင့် မန္တလေးမြို့တွင် မေ ၁၈ ရက် နံနက်ပိုင်းက လူသုံးဦး Heat Stroke ကြောင့် မူးလဲခဲ့ပြီး Heat Stroke ခံစားရသူများ တစ်ရက်ထက်တစ်ရက် ပိုများလာကြောင်း မန္တလေးအခြေ စိုက်လူမှုကူညီရေးအသင်းများထံမှ သိရ သည်။

“ဒီနေ့(မေ ၁၈ ရက်) နံနက်ပိုင်းမှာက တည်းက Heat Stroke လူနာသုံးယောက်ကို  ကုသပေးလိုက်ရတယ်။ ဒါတောင် မနက်ပိုင်းပဲ ရှိသေးတယ်။ အခုဒီရက်ပိုင်းမှာ Heat Stroke ဖြစ်တဲ့သူ ပိုများလာတယ်”ဟု မဏီစလလူမှု ကူညီရေးအသင်း ဥက္ကဌက ပြောကြားသည်။

Heat Stroke ခံစားရသူများမှာ အသက် ၅၀ ကျော် လူသုံးဦးဖြစ်ကြောင်း၊ အသက်ဆုံး ရှုံးခဲ့ခြင်းမရှိကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။

“ အသက် ၅၀ ကျော်တွေပေါ့။ အသက် မဆုံးရှုံးခဲ့ပါဘူး” ဟု မဏီစလ လူမှုကူညီရေး အသင်းဥက္ကဋ္ဌက ပြောကြားသည်။

မေ ၁၆ ရက်တွင်လည်း လူသုံးဦးမှာ Heat Stroke ခံစားခဲ့ရပြီး လူလတ်ပိုင်းများ လည်းပါဝင်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ မနေ့ကဆိုရင်လည်း သုံးယောက်ပဲ။ လူလတ်ပိုင်းတွေလည်းပါတယ်။ နေပူမှာ ကုန် ထမ်းရတဲ့သူလည်းပါတယ်” ဟု မဏီစလ လူမှုကူညီရေး အသင်းဥက္ကဋ္ဌက ပြောကြားသည်။

ဧပြီလဆန်းပိုင်းမှ စတင်ကာ မန္တလေးမြို့ တွင်အပူချိန်မြင့်တက်မှုကြောင့် Heat Stroke  ခံစားရသူများရှိလာပြီး သေဆုံးမှုများလည်း ဖြစ်ပွားခဲ့သည်။

သို့သော် မေလဆန်းပိုင်းတွင် မိုးရွာသွန်း မှုများကြောင့် အပူချိန်လျော့ကျခဲ့သော်လည်း မေ ၁၀ ရက်နောက်ပိုင်းမှ စတင်ကာ အပူချိန် ပြန်လည်မြင့်တက်လာခဲ့သည်။

ယင်းနောက် Heat Stroke ခံစားရသူများ ပြန်လည်များပြားလာခဲ့ခြင်းဖြစ်ကြောင်း မန္တ လေးမြို့ခံလူမှုကူညီရေးအသင်းများထံမှ သိရ သည်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မေ ၁၆ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ တံတားဦး၊ စစ်ကိုင်း၊ ရွှေဘို၊ အောင်လံ၊ တောင်တွင်းကြီး၊ ကျောက်ဆည်မြို့များတွင် အမြင့်ဆုံးအပူချိန် စံချိန်များတင်ခဲ့ကြောင်း သိရသည်။

မိုးလေဝသအချက်အလက်များကိုထုတ် ပြန်လျက်ရှိသည့် Eldorado weather ၏ ဖော်ပြချက်များအရ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများဖြစ်သည့် မကွေးတိုင်းချောက်မြို့နှင့် မကွေးမြို့များမှာ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ဆက်တိုက်ပါဝင်လျက်ရှိပြီး အပူချိန်များမှာ လည်း ဆက်တိုက်မြင့်တက်လာကြောင်း သိရ သည်။

Most Read

Most Recent