အာဖဂန်အမျိုးသမီးများ၏ အခွင့်အရေးသည် ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်း တာလီဘန်အဖွဲ့ ပြောကြား

အာဖဂန်အမျိုးသမီးများ၏ အခွင့်အရေးသည် ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်း တာလီဘန်အဖွဲ့ ပြောကြား
ဇွန် ၂၉ ရက်က ကဘူးလ်မြို့တော်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် တာလီဘန်ပြောရေးဆိုခွင့်ရှိသူ မူဂျာဟစ်ကို တွေ့ရစဉ်
ဇွန် ၂၉ ရက်က ကဘူးလ်မြို့တော်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် တာလီဘန်ပြောရေးဆိုခွင့်ရှိသူ မူဂျာဟစ်ကို တွေ့ရစဉ်
Published 30 June 2024

အာဖဂန်အမျိုးသမီးများ၏ အခွင့်အရေးနှင့်ပတ်သက်ပြီး တောင်းဆိုမှုများသည် အာဖဂန်နစ္စတန်က ဖြေရှင်းရမည့် ပြည်တွင်းရေး ကိစ္စများသာဖြစ်ကြောင်း တာလီဘန် အာဏာပိုင်များက ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အာဖဂန်တွင် အမျိုးသမီးများကို ဖယ်ကြဉ်ထားမှုနှင့်ပတ်သက်ပြီး ကုလသမဂ္ဂက ဦးဆောင်သည့် ဆွေးနွေးမှုများမပြုလုပ်မီ တာလီဘန်အဖွဲ့က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တာလီဘန်အဖွဲ့သည် ၂၀၂၁ ခုနှစ်က အာဏာပြန်ရလာခဲ့ပြီးကတည်းက အမျိုးသမီးများအပေါ် တားမြစ်ကန့်သတ်မှုများ လုပ်ဆောင်ခဲ့သဖြင့် ထိုလုပ်ဆောင်ချက်သည် ကျား၊ မ ခွဲခြား ဆက်ဆံမှုဖြစ်သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်ပြီး ကာတာတွင် တတိယအကြိမ်မြောက် ဆွေးနွေးမှုများ ပြုလုပ်ရန် တာလီဘန်တို့က ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဖြစ်သည်။

လူ့အခွင့်အရေးအဖွဲ့များကမူ အာဖဂန်အမျိုးသမီးများအား ဖယ်ကြဉ်ထားမှုကို ရှုတ်ချခဲ့သည်။

တာလီဘန်အာဏာပိုင်များသည် အမျိုးသမီးများနှင့်ပတ်သက်သည့် အရေးကိစ္စကို သိရှိနားလည်ကြောင်း တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ကဘူးလ်မြို့တော်တွင်ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သို့သော် ထိုအရေးကိစ္စသည် အာဖဂန်၏ အရေးကိစ္စသာဖြစ်သည်ဟု ကာတာကို သွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည့် မူဂျာဟစ်က ပြောသည်။

“အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှာပဲ ယုတ္တိရှိတဲ့ လမ်းကြောင်းနဲ့ အဖြေတွေရှာဖို့ လုပ်ဆောင်နေပါတယ်။ အဲဒါမှ ကျွန်တော်တို့နိုင်ငံဟာ နောက်တစ်ကြိမ် ပဋိပက္ခအတွင်း ကျရောက်မသွားအောင် ဘုရားသခင်က တားဆီး ပေးပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

တာလီဘန်အစိုးရသည် ထိုအစည်းအဝေးများတွင် အာဖဂန်နစ္စတန်တစ်နိုင်ငံလုံးကို ကိုယ်စားပြု တက်ရောက်မည်ဖြစ်ကြောင်း  မူဂျာဟစ်က ပြောကြားခဲ့သည်။

“အာဖဂန်နိုင်ငံသားတွေဟာ မတူညီတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေမှာ ပါဝင်နေမယ်ဆိုရင် စည်းလုံးမှုမရှိဘဲ ဟိုတစ်စ၊ ဒီတစ်စ ပျံ့ကြဲနေတဲ့ သဘောဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံဟာ စည်းလုံးမှုမရှိသေးပါဘူး”ဟု မူဂျာဟစ်က ပြောကြားခဲ့သည်။

အာဖဂန်အမျိုးသမီးများအခွင့်အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲများကို ၂၀၂၃ ခုနှစ် မေလတွင် ကုလသမဂ္ဂက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တာလီဘန်အာဏာပိုင်များနှင့် နိုင်ငံတကာအကြား ပူးပေါင်းဆောင်ရွက်မှုကို မြင့်တက်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

တာလီဘန်အစိုးရကို မည်သည့်နိုင်ငံက မျှတရားဝင်အသိအမှတ်ပြုထားခြင်းမရှိဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အာဖဂန်၏ အုပ်ချုပ်သူအသစ်များဖြစ်သည့် တာလီဘန်များနှင့် ဆက်ဆံရေးကို သတိထား စောင့်ကြည့်လျက်ရှိသည်။

အထူးသဖြင့် အာဖဂန်တွင် အမျိုးသမီးများ၏ အခွင့်အရေးများ ဖိနှိပ်ခံထားရခြင်းသည် တာလီဘန်နှင့် နိုင်ငံတကာအကြား ဆက်ဆံရေးအတွက် အဟန့်အတားတစ်ခု ဖြစ်ခဲ့သည်။

တာလီဘန်အဖွဲ့သည် ပြီးခဲ့သည့်နှစ်က ဒိုဟာတွင်ပြုလုပ်ခဲ့သည့် ပထမကြိမ် ဆွေးနွေးပွဲကို တက်ရောက်ရန် ဖိတ်ကြားခြင်းမခံခဲ့ရဘဲ၊ ဒုတိယအကြိမ် ဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားမှုကိုလည်း ငြင်းဆိုခဲ့သည်။

ထို့ကြောင့် ယခုတတိယအကြိမ်ဆွေးနွေးပွဲသည် တာလီဘန်ကိုယ်စားလှယ်များ တက်ရောက်သည့် ပထမဆုံး ဆွေးနွေးပွဲ ဖြစ်လာမည်ဖြစ်သည်။

မူဂျာဟစ်ကမူ တာလီဘန်အစိုးရသည် နိုင်ငံအားလုံးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရရှိရန် ကြိုးပမ်းခဲ့ကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်။

Ref:AFP