တရုတ်၏ အဓိကမဟာမိတ် ကမ္ဘောဒီးယားနှင့် ဆက်ဆံရေးတိုးမြှင့်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ကမ္ဘောဒီးယားသို့သွားရောက်

တရုတ်၏ အဓိကမဟာမိတ် ကမ္ဘောဒီးယားနှင့် ဆက်ဆံရေးတိုးမြှင့်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ကမ္ဘောဒီးယားသို့သွားရောက်
ဇွန် ၄ ရက်က ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်(ဝဲ)နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်(ယာ)တို့ တွေ့ဆုံစဉ်(Photo: AFP)
ဇွန် ၄ ရက်က ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်(ဝဲ)နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်(ယာ)တို့ တွေ့ဆုံစဉ်(Photo: AFP)
Published 4 June 2024

တရုတ်၏အဓိကမဟာမိတ် ကမ္ဘောဒီးယားနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှုအဖြစ် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ဇွန် ၄ ရက်က ကမ္ဘောဒီးယားသို့ သွားရောက်ခဲ့သည်။

အမေရိကန်-ကမ္ဘောဒီးယား ဆက်ဆံရေး ယိုယွင်းနေသည်မှာ နှစ်အတန်ကြာမြင့်နေပြီဖြစ်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်လက်ထက်တွင် ကမ္ဘောဒီးယား၏ အခြေခံအဆောက်အအုံကဏ္ဍ၌ တရုတ်က ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့သည်။

လေဆိပ်နှင့် ကားလမ်းကဲ့သို့ အခြေခံ အဆောက်အအုံများအပြင် ဟိုတယ်၊ ကာစီနိုနှင့် အိမ်ခြံမြေလုပ်ငန်းကဲ့သို့ ပုဂ္ဂလိကစီးပွားရေးစီမံကိန်းများ အပါအဝင် ကမ္ဘောဒီးယား၌ တရုတ်က ငွေကြေးထောက်ပံ့ထားသည့် စီမံ ကိန်းအများအပြားရှိသည်။ ကမ္ဘောဒီးယား၏ ပြည်ပကြွေးမြီ ဒေါ်လာ ၁၀ ဘီလျံအနက် ၄၀ ရာခိုင်နှုန်းကျော်သည် တရုတ်ကို ပေးချေရမည်ဖြစ်သည်။

တရုတ်က အဆင့်မြှင့်တင်နေသည့် ထိုင်းပင်လယ်ကွေ့ရှိ ကမ္ဘောဒီးယား ရေတပ်စခန်းကို အသုံးချ၍ ဒေသတွင်း၌ သြဇာချဲ့ ထွင်လာမည်ကို အမေရိကန်က အကြီးအကျယ် စိုးရိမ်လျက်ရှိသည်။

ကမ္ဘောဒီးယားသည် အရှေ့တောင်အာရှတွင် တရုတ်၏အရင်းနှီးဆုံးမဟာမိတ်ဖြစ်သည့်နည်းတူ တရုတ်သည်လည်း ကမ္ဘောဒီးယား၏ အရေးအပါဆုံးမဟာမိတ်နှင့် အဓိကအထောက်အပံ့ပေးနေသည့် နိုင်ငံဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က စင်ကာပူတွင် ကျင်းပခဲ့သည့် ရှန်ဂရီလာဆွေးနွေးပွဲ တက်ရောက်ပြီးနောက် အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်သည် ဇွန် ၄ ရက်က ကမ္ဘောဒီးယား၏မြို့တော် ဖနွမ်းပင်သို့ တစ်ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။ ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးခိုင်မာအောင်လုပ်ဆောင် နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေမည်ဖြစ်ကြောင်း အော်စတင်က ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်သည့် X တွင် ရေးသားခဲ့သည်။

အော်စတင်သည် ကမ္ဘောဒီးယားကို ဆယ်စုနှစ်လေးခုနီးပါး အုပ်ချုပ်ခဲ့ပြီးနောက် ယမန်နှစ်သြဂုတ်လတွင် ရာထူးမှအနားယူသွားသည့် ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နှင့် အဦးဆုံးတွေ့ဆုံခဲ့ပြီး ဟွန်ဆန်၏သားဖြစ်သူ လက်ရှိဝန်ကြီးချုပ် ဟွန်မာနက်နှင့်လည်းတွေ့ ဆုံမည်ဖြစ်သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်မြှင့်တင်နိုင်မည့် နောက်ထပ်အခွင့်အရေးကောင်းတစ်ခုဖြစ်လာမည်ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောကြားခဲ့သည်။

အော်စတင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့သည် အမေရိကန်၏ အထင်ကရ West Point စစ်တက္ကသိုလ် သင်တန်းဆင်းများဖြစ်သည်။

ကမ္ဘောဒီးယားနှင့် တရုတ်၏ Golden Dragon စစ်ရေးလေ့ကျင့်မှုပြီးဆုံးပြီး ရက်ပိုင်းအကြာတွင် အော်စတင်၏ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခုခရီးစဉ်အတွင်း၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယားက ဖျက်သိမ်းခဲ့သည့် အမေရိကန်-ကမ္ဘောဒီးယား ပူးတွဲစစ်ရေးလေကျင့်မှုများ ပြန်လည်စတင်ရေးအတွက် ဆွေး နွေးဖွယ်ရှိကြောင်း ကမ္ဘောဒီးယား နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ခဲ့သည်။                   

Ref: AFP

Most Read

Most Recent