ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် သန္တာကျောက်တန်းအနီးသို့ သင်္ဘောများစေလွှတ်

ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် သန္တာကျောက်တန်းအနီးသို့ သင်္ဘောများစေလွှတ်
မတ် ၅ ရက်က တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများက ဖိလစ်ပိုင်ထောက်ပို့သင်္ဘောတစ်စင်းကို မီးသတ်ပိုက်များဖြင့်ထိုးနေစဉ်(Photo:AFP)
မတ် ၅ ရက်က တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများက ဖိလစ်ပိုင်ထောက်ပို့သင်္ဘောတစ်စင်းကို မီးသတ်ပိုက်များဖြင့်ထိုးနေစဉ်(Photo:AFP)
Published 12 May 2024

တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် သန္တာကျောက်တန်းအနီးသို့ သင်္ဘောများ စေလွှတ်ခဲ့ကြောင်း ဖိလစ်ပိုင်က မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်သည် ထိုနေရာတစ်ဝိုက်တွင် ကျွန်းတုတစ်ခုတည်ဆောက်နေသည်ဆိုသည့် တရားမဝင်လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ကမ်းခြေစောင့်တပ်ဖွဲ့က သင်္ဘောတစ်စင်းစေလွှတ်ခဲ့ပြီး အခြားသင်္ဘောနှစ်စင်းကိုလည်း အလှည့်ကျကင်းလှည့်ရန် ဖြန့်ကြက်ချထားခဲ့သည်ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ၏ ရုံးက ထုတ်ပြန်ခဲ့သည်။

ထိုနေရာတွင် ဆာဘီနာသောင်ခုံ (ဖိလစ်ပိုင်အခေါ် အက်စ်ကိုဘား သောင်ခုံ)အား အနည်းငယ် ပြန်လည်ဖော်ယူမှုရှိခဲ့ပြီး ထိုသောင်ကို ပြန်လည်ဖော်ယူသူသည် တရုတ်ဖြစ်နိုင်ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဂျေးတာရီလာက က ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးအကွဲအပြဲကို ပိုမိုနက်ရှိုင်းစေမည့် ဖိလစ်ပိုင်၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး မနီလာမြို့တော်ရှိ တရုတ်သံရုုံးက မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းမတုံ့ပြန်ခဲ့ပေ။

ဖိလစ်ပိုင်အမျိုးသားလုံခြံရေးအကြံပေးပုဂ္ဂိုလ်က ပင်လယ်ရေကြောင်းဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်ရေတပ် ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် မေ ၁၀ ရက်က ဖုန်းဆက်သွယ်ပြောဆိုမှုတွင် တရုတ်သံတမန်များ အားနှင်ထုတ်ရန် တိုက်တွန်းခဲ့ပြီး ထိုဖုန်းပြောဆိုမှုသည် ပေါက်ကြားခဲ့သည်။

မကြာသေးမီကလည်း ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်တွင် အမေရိကန်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီး တရုတ်၏ မြင့်တက်လာသည့် ရန်လိုသည့်လှုပ်ရှားမှုများကို အထူးစိုးရိမ်နေရချိန်တွင် ဖိလစ်ပိုင်သမ္မတ မားကို့စ်က ဆယ်စုနှစ်များစွာကြာ ကျင့်သုံးခဲ့သည့် ပြည်တွင်းသောင်းကျန်းသူ နှိမ်နင်းသည့် စစ်ဆင်ရေးမှ ပြည်ပကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပြောင်းလဲအာရုံစိုက်ရန် စစ်တပ်ကို ညွှန်ကြားခဲ့သည်။

တရုတ်၏ ရေတပ်နှင့် ကမ်းခြေစောင့် တပ်ဖွဲ့သင်္ဘောများသည် ဖိလစ်ပိုင်နှင့်ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်းရှိ သောင်ခုံများအနီးတွင် ဖိလစ်ပိုင်သင်္ဘောများကို အင်အားပြင်းသည့် မီး သတ်ပိုက်များ၊ စစ်ဘက်သုံးအဆင့် လေဆာရောင်ခြည်များအသုံးပြုခြင်း၊ သင်္ဘောလမ်းကြောင်းများကို ပိတ်ဆို့မှုများ ပြုလုပ်ခြင်းဖြင့် မကြာခဏနှောင့်ယှက်နေမှုကြောင့် ဖိလစ်ပိုင်ကို ဒေါသထွက်စေခဲ့သည်။

ထိုလုပ်ဆောင်မှုများကြောင့် ဖိလစ်ပိုင် ရေတပ်စစ်မှုထမ်းအချို့ဒဏ်ရာရခဲ့ကာ ထောက်ပို့သင်္ဘောများ ထိခိုက်ပျက်စီးခဲ့သည်။

တောင်တရုတ်ပင်လယ် နယ်နိမိတ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်အကြား ထိပ်တိုက်တွေ့မှုများ မြင့်တက်လျက်ရှိရာ အမေရိကန် နှင့် အခြားမဟာမိတ်များပါ ပါဝင်ပတ်သက်လာရသည်အထိ ကျယ်ကျယ်ပြန့်ပြန့် ပဋိပက္ခ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ ကြီးထွားလာခဲ့သည်။

တရုတ်နှင့် ဖိလစ်ပိုင်သည် နှစ်စဉ်ကုန်သွယ်မှု တန်ဖိုးဒေါ်လာ ၃ ထရီလျံရှိသည့် ပင် လယ်ကူးသင်္ဘောများသွားလာသည့် လမ်းကြောင်းများရှိရာ တောင်တရုတ်ပင်လယ်တွင် ပြိုင်ဆိုင်မှုများမြင့်တက်ခဲ့သည်။ တရုတ်က တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်အားလုံး နီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသဖြင့် ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဘရူနိုင်းတို့နှင့် အငြင်းပွားလျက်ရှိသည်။

                                               Ref:AFP

Most Read

Most Recent