မြောက်ကိုရီးယားကို တန်ပြန်ရန် တောင်ကိုရီးယားနှင့် အမေရိကန်က တိုက်လေယာဉ် အစင်း ၂၀၀ ကျော်ဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

မြောက်ကိုရီးယားကို တန်ပြန်ရန် တောင်ကိုရီးယားနှင့် အမေရိကန်က တိုက်လေယာဉ် အစင်း ၂၀၀ ကျော်ဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်
သြဂုတ် ၁၄ ရက်က တောင်ကိုရီးယားနိုင်ငံ ပိုချွန်းမြို့တွင် အမေရိကန်စစ်တပ်၏ AH-64 အပါချီ တိုက်ခိုက်ရေးရဟတ်ယာဉ်များ ကျည်အစစ်သုံးသည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ်(Photo: AFP)
သြဂုတ် ၁၄ ရက်က တောင်ကိုရီးယားနိုင်ငံ ပိုချွန်းမြို့တွင် အမေရိကန်စစ်တပ်၏ AH-64 အပါချီ တိုက်ခိုက်ရေးရဟတ်ယာဉ်များ ကျည်အစစ်သုံးသည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ်(Photo: AFP)
Published 21 August 2024

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ဂျက်တိုက်လေယာဉ် အစင်း ၂၀၀ ကျော်သည် ယခုသီတင်းပတ်အတွင်း ငါးရက်ကြာ နေ့ရောညပါ လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားလေတပ်က သြဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ယင်းသည် မဟာမိတ်များဖြစ်သည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ စစ်ရေးလေ့ကျင့်မှုအတွင်း စစ်လေယာဉ်အစင်းရေ အများဆုံး ပျံသန်းမှုဖြစ်လာမည်ဖြစ်သည်။

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရာတွင် တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်တို့၏ အသင့်အနေအထားရှိမှုကို တိုးမြှင့်ရန်ရည်ရွယ်သော နှစ်စဉ်ပြုလုပ်မြဲ Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုများ၏ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုဖြစ်ကြောင်း တောင်ကိုရီးယားလေတပ်က ပြော ကြားသည်။

သဏ္ဌာန်တူဖန်တီးထားသော ရန်သူ့လေယာဉ်များက ကြားဖြတ်ဟန့်တားခြင်းနှင့် ခရုစ်ဒုံးကျည် ကာကွယ်ရေးစနစ်များပါဝင်သော သရုပ်သကန်ဖန်တီးထားသည့် လေ့ကျင့်ခန်းများတွင် ကာကွယ်ရေးအတွက်ကင်းလှည့်ပျံသန်းနေသည့် လေယာဉ်များကို လေကြောင်းတိုက်ပွဲ ဖြစ်နိုင်ခြေအတွက် ပြောင်း လဲပြင်ဆင်သည့် လေ့ကျင့်ခန်းများပါဝင်မည်ဟု သိရသည်။

ယင်းစစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားအခြေစိုက် အမေရိကန်၏ တိုက်လေယာဉ်အုပ်နှစ်အုပ် ပါဝင်မည်ဟု တောင်ကိုရီးယားလေတပ်က ဆိုသည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယား၏ အန္တရာယ်ကို စုပေါင်းကာကွယ်ရန်အတွက် တောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ ခန့် အခြေစိုက်သည်။

သြဂုတ် ၁၉ ရက်မှ ၂၉ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားသည့် ယခုနှစ်၏ Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုများတွင် ဒုံးလက်နက်များ၊ ဂျီပီအက်စ်စနစ် ဖိဖျက်နှောင့်ယှက်မှုများနှင့် ဆိုက်ဘာတိုက်ခိုက်မှုများကို တုံ့ပြန်ရာတွင် အသင့်ရှိနေမှုကို တိုးမြှင့်ရန်ရည်ရွယ်သည့် ကွန်ပျူတာဖြင့် သဏ္ဌာန်တူဖန်တီးထားသော လေ့ကျင့်ခန်းများ၊ ချိန်ကိုက်စစ်ကစားမှု လေ့ကျင့်ခန်းများနှင့် ကျည်အစစ် သုံးသည့် လေ့ကျင့်ခန်းများပါဝင်သည်။

ယင်းစစ်ရေးလေ့ကျင့်မှုများတွင် တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၁၉,၀၀၀ ခန့် ပါဝင်မည်ဖြစ်ကြောင်းနှင့် ယင်းသည် တောင်ကိုရီးယား၏ ခိုင်မာအားကောင်းသော ကာကွယ်ရေးဆိုင်ရာ မူဝါဒကို ထိန်းသိမ်းရန်မရှိမဖြစ်လို အပ်သောအရာဖြစ်သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ပြောခွင့်ရ လီဆွန်းဂျွန်က ပြောကြားသည်။

မြောက်ကိုရီးယားက Ulchi Freedom Shield ကဲ့သို့ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်စေရန် မီးထိုးပေးခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယားက အမြဲတစေပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းစစ်ရေးလေ့ကျင့်မှုများသည် နျူ ကလီးယားစစ်ပွဲအတွက် ကြိုတင်လေ့ကျင့်ခြင်းဖြစ်သည်ဟုလည်း မြောက်ကိုရီးယားက ပြောဆိုလေ့ရှိသည်။

မြောက်ကိုရီးယားသည် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယား အစီအစဉ်တို့တွင် တိုးတက်မှု သိသိသာသာရရှိခဲ့ပြီးနောက် တောင်ကိုရီးယားအား တိုက်ခိုက်ရန်ရည်ရွယ်သည့် တာတိုပစ်ဒုံးကျည်များနှင့် လက်နက်ကြီးစနစ်များ ပါဝင်သော စစ်နည်းဗျူဟာမြောက် စစ်ရေးစွမ်းရည်များကို မြှင့်တင်လျက်ရှိသည်။

မြောက်ကိုရီးယား နိုင်ငံသားတစ်ဦးသည် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် အခိုင်အမာ ခံစစ်ပြင်ထားသော နယ်စပ်ကိုဖြတ်၍ တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်းခိုလှုံခဲ့သည်ဟု တောင်ကိုရီးယား စစ်တပ်က သြဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ အရှေ့ဘက်နယ်စပ်၌ သံသယဖြစ်ဖွယ် မြောက်ကိုရီးယား နိုင်ငံသားတစ်ဦးကိုတွေ့ရှိခဲ့ပြီး အာဏာပိုင်များထံလွှဲပြောင်းခဲ့ဟု တောင်ကိုရီးယားစစ်တပ်က ဆိုသည်။    

Ref: AFP

Most Read

Most Recent