ကာကွယ်ရေးအတွက် ထိုင်ဝမ်က အမေရိကန်ကို ငွေကြေးပေးသင့်သည်ဟု ဒေါ်နယ်ထရန့် ပြောကြားခဲ့သဖြင့် ထိုင်ဝမ်ချစ်ပ်ကုမ္ပဏီ TSMC ၏ ရှယ်ယာများ စျေးကျ

ကာကွယ်ရေးအတွက် ထိုင်ဝမ်က အမေရိကန်ကို ငွေကြေးပေးသင့်သည်ဟု ဒေါ်နယ်ထရန့် ပြောကြားခဲ့သဖြင့် ထိုင်ဝမ်ချစ်ပ်ကုမ္ပဏီ TSMC ၏ ရှယ်ယာများ စျေးကျ
ပထမနေ့ ရီပတ်ဘလီကင်ပါတီညီလာခံကို တက်ရောက်လာသည့် ဒေါ်နယ်ထရန့်ကို ဇူလိုင် ၁၅ ရက်တွင်တွေ့ရစဉ်(Photo:AFP)
ပထမနေ့ ရီပတ်ဘလီကင်ပါတီညီလာခံကို တက်ရောက်လာသည့် ဒေါ်နယ်ထရန့်ကို ဇူလိုင် ၁၅ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 18 July 2024

ထိုင်ဝမ်သည် ၎င်း၏ကာကွယ်ရေးအတွက် အမေရိကန်ပြည်ထောင်စုကို မည်သည့်အရာမျှမပေးသောကြောင့် ထိုင်ဝမ်အနေဖြင့်  အမေရိကန်ကို ငွေကြေးပေးသင့်သည်ဟု အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားလိုက်သောကြောင့်  ထိုင်ဝမ်ချစ်ပ်ထုတ်လုပ်သည့် ကုမ္ပဏီ TSMC ၏ရှယ်ယာစျေးများသည် ဇူလိုင် ၁၇ ရက်တွင် ကျဆင်းခဲ့သည်။

“ကျွန်တော်ဟာ ထိုင်ဝမ်ပြည်သူတွေကို ကောင်းကောင်းသိပါတယ်။ သူတို့ကို အလွန်လေးစားပါတယ်။ သူတို့ဟာ ကျွန်တော်တို့ ချစ်ပ်လုပ်ငန်းရဲ့ ၁၀၀ ရာခိုင်နှုန်းလောက်ကို ရယူထားကြတာပါ။ ထိုင်ဝမ်ဟာ ကာကွယ်ရေးအတွက် ကျွန်တော်တို့ကို ငွေကြေးပေးသင့်တယ်လို့ ထင်ပါတယ်”ဟု ထရန့်က ဇွန် ၂၅ ရက်တွင် Bloomberg Businessweek နှင့်အင်တာဗျူးတွင် ဖြေကြားခဲ့သည်ဆိုသော်လည်း အဆိုပါအင်တာဗျူးကို Bloomberg က ဇူလိုင် ၁၆ ရက်တွင်မှ ထုတ်ပြန်ပေးခဲ့သည်။

“သိတဲ့အတိုင်းပဲ၊ကျွန်တော်တို့ဟာ အာမခံကုမ္ပဏီဆိုတာထက် ဘာမှမကွာပါ ဘူး။ ထိုင်ဝမ်က ကျွန်တော်တို့ကို ဘာမှမပေးပါဘူး”ဟု ထရန့်က ပြောကြားခဲ့သည်။

TSMC သည် AI မှသည် ဆမတ်ဖုန်းများနှင့်တိုက်လေယာဉ်များအထိ အရာရာတိုင်းတွင် အသုံးပြုနေသော အဆင့်မြင့်ချစ်ပ်များကို အဓိက ထုတ်လုပ်နေသော ကုမ္ပဏီဖြစ်သည်။ ထို့ကြောင့် ထိုင်ဝမ်နှင့်ပဋိပက္ခမှန် သမျှသည် ကမ္ဘာ့စီးပွားရေးကို ကျဆင်းစေလိမ့်မည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်၏အရေးအကြီးဆုံး နိုင်ငံတကာ ထောက်ခံသူနှင့်လက်နက်များ ပ့ံပိုးသူဖြစ်သည်ဆိုသော်လည်း တရားဝင်ကာကွယ်ရေး သဘောတူညီချက်မရှိပေ။ သို့သော်လည်း အမေရိကန် သည် ထိုင်ဝမ် သူ့ဘာသာသူ ကာကွယ်ရေးရေးအတွက်နည်းလမ်းများ ပံ့ပိုးပေးခြင်းကို ဥပဒေဖြင့် လုပ်ဆောင်ပေးလျက်ရှိသည်။

“ထိုင်ဝမ်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက် တာဝန်တွေ ပိုယူဖို့ လိုလားပါတယ်။ ကာကွယ်ရေး အသုံးစရိတ်တွေကိုလည်း မှန်မှန်တိုးသုံးနေပါတယ်”ဟု ဇူလိုင် ၂၅ ရက်တွင်  ထိုင်ဝမ်ဝန်ကြီးချုပ် ချိုဂျန်တိုင်း ကပြောကြားကာ ထရန့်၏စကားများကို တုံ့ပြန်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာပါက အင်အားသုံးသိမ်းယူသွားမည်ဟု ကြေညာထားသည်။

ထို့ပြင် မေလတွင် ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တယ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ရက်ပိုင်းအကြာတွင် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီး စစ်ရေးဖိအားများကို တိုးမြှင့်ခဲ့သည်။တရုတ်သည် လိုင်ကို အန္တရာယ်များ သည့် ခွဲထွက်ရေးဝါဒီတစ်ဦးအဖြစ် သတ်မှတ်ထားသည်။

တရုတ်သည် ထိုင်ဝမ်အပေါ် အမေရိကန်၏ ထောက်ခံမှုကို မကျေနပ်ကြောင်း ဖော်ပြရန်အတွက် ထိုင်ဝမ်ကို ဖိအားများတိုး မြှင့်နေကြောင်း ထိုင်ဝမ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးသုတေသနအင်စတီကျုမှ ကျွမ်းကျင်သူတစ်ဦးကပြောသည်။

မကြာသေးမီက အမေရိကန်ထိပ်တန်းအရာရှိနှင့် ထိုင်ဝမ်တို့တွေ့ဆုံမှု၊ထိုင်ဝမ် ကိုထောက်ခံကြောင်း ပြောကြားမှုများ အပါအဝင် နိုင်ငံရေးဖြစ်စဉ်များကို တုံ့ပြန်သည့် အနေဖြင့် တရုတ်က စစ်အင်အားပြသနေ သည်ဟု သုံးသပ်နေကြသည်။

Ref:Reuters

Most Read

Most Recent