ဂါဇာ၌ အရပ်သား ထိိခိုက်သေဆုံးမှုများ လက်မခံနိုင်လောက်အောင်များနေသည်ဟု အမေရိကန်က အစ္စရေးတာဝန်ရှိသူများကို ပြောကြား

ဂါဇာ၌ အရပ်သား ထိိခိုက်သေဆုံးမှုများ လက်မခံနိုင်လောက်အောင်များနေသည်ဟု အမေရိကန်က အစ္စရေးတာဝန်ရှိသူများကို ပြောကြား
ဂါဇာစစ်ဆင်ရေးတွင် ပါဝင်နေသည့် အစ္စရေးစစ်သားတစ်ဦးကို ဇူလိုင် ၁၅ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ဂါဇာစစ်ဆင်ရေးတွင် ပါဝင်နေသည့် အစ္စရေးစစ်သားတစ်ဦးကို ဇူလိုင် ၁၅ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 16 July 2024

အဝိုင်းခံထားရသော ဂါဇာကမ်းမြောင်ကို အစ္စရေး၏ဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများသည် လက်မခံနိုင်လောက်အောင် မြင့်မားနေသည်ဟု ဇူလိုင် ၁၅ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အစ္စရေးအရာရှိကြီးနှစ်ဦးကို ပြောကြားခဲ့သည်ဟု ဘလင်ကင်၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အစ္စရေးသည် လွန်ခဲ့သောရက်ပိုင်းတွင်  ပြင်းထန်သောတိုက်ခိုက်မှုအချို့ကို လုပ်ဆောင်ခဲ့ရာ အရပ်သားများ ခိုလှုံနေသော ဒုက္ခသည်စခန်းတစ်ခုနှင့် ကုလသမဂ္ဂက ဖွင့်ထားသောစာသင်ကျောင်းများ တိုက်ခိုက်ခံ ရသည့်အထဲတွင် ပါဝင်ခဲ့သည်။

ယင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများမှ နုတ်ထွက်ခဲ့သည်ဟု ဟားမာ့စ်က ပြောကြားခဲ့သည်။ ထို့ကြောင့် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေးတို့အတွက် သဘောတူညီချက်ရရှိရေးသည် ထပ်မံနှောင့်နှေးမည့်အနေအထားဖြစ်လာခဲ့သည်။

ဘလင်ကင်သည် သြဇာရှိသော အစ္စရေးတာဝန်ရှိသူများဖြစ်သည့် မဟာဗျူဟာရေးရာ ဝန်ကြီးရွန်ဒါမားနှင့် အမျိုးသားလုံခြုံရေးအကြံပေးတီဇာချီဟာနစ်ဘီတို့နှစ်ဦးကို လက်ခံတွေ့ဆုံခဲ့ပြီး မကြာသေးမီကဂါဇာ၌ အရပ်သားထိခိုက်သေဆုံးမှုများနှင့် စပ်လျဉ်း၍ မိမိတို့ အလွန်စိုးရိမ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

“အရပ်သားထိခိုက်သေဆုံးမှုတွေဟာ လက်မခံနိုင်လောက်အောင် မြင့်မားနေဆဲဖြစ်ပါတယ်။ ဒီပဋိပက္ခမှာ အရပ်သားသေဆုံးတာတွေ များလွန်းနေတာကို ကျွန်တော်တို့တွေ့ရပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ မတ်သရူးမေလာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဇူလိုုင် ၂၀ ရက်တိုက်ခိုက်မှုများကခန်းယူနစ်အနီးရှိ အယ်လ်မာဝါဆီစခန်းတွင် လူ ၉၀ ကျော်သေဆုံးစေခဲ့သည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေးက ဘေးကင်းဇုန်အဖြစ် ကြေညာထားသော အယ်လ်မာဝါဆီတွင် သွေးများထွက်နေပြီး မလှုပ်နိုင်ဖြစ်နေသောကလေးများကို အပျက်အစီးများထဲမှ ဆွဲထုတ်စဉ် အချက်ပေးဥသြသံများ ထွက်ပေါ်နေပြီး အမျိုးသမီးများက အော်နေသည်ဟု အေအက်ဖ်ပီက သတင်းဖော်ပြခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုသည် လူနှစ်ဦးကို  ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ဟားမာ့စ်အဖွဲ့ခွဲ၏ခေါင်းဆောင် မိုဟာမက်ဒိယက်ဖ်နှင့် သေဆုံးသွားသည်ဟု အစ္စရေးစစ်တပ်က ပြောသော ရာဖာဆလာမာတို့ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ရာဖာဆလာမာ သည် မိုဟာမက်ဒိယက်ဖ်၏ရင်းနှီးသော မိတ်ဆွေဖြစ်သည်ဟု သိရသည်။

ဒိယက်ဖ်သည် စစ်ဆင်ရေးများကို ကောင်းမွန်စွာ တိုက်ရိုက်အားဖြင့် ကွပ်ကဲနေသည်ဟု ဇူလိုင် ၁၄ ရက်တွင် ဟားမာ့စ်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဆိုသော်လည်း သံသယရှိစရာများ ရှိနေဆဲဖြစ်သည်။

ဒိယက်ဖ်၏ကံကြမ္မာကို ၎င်းတို့ သေသေချာချာမပြောနိုင်ဟု အစ္စရေးတာဝန်ရှိသူနှစ်ဦးက ဘလင်ကင်ကို ပြောကြားခဲ့သည်ဟု မေလာက ပြောကြားသည်။

နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများသည် အစ္စရေးနှင့်ဟားမာ့စ် အပစ်အခတ်ရပ်စဲရေး၊ ဂါ ဇာအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ၊ စစ်ပွဲအပြီး အစီအစဉ်များဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟု အမေရိကန်ကွန်ဂရက်ကို မိန့်ခွန်းပြောကြားမည်ဟု မျှော်လင့်ရသည့် ဇူလိုင် ၂၄ ရက်မတိုင်မီ အထက်ပါအစ္စရေးတာဝန်ရှိသူနှစ်ဦး အမေရိကန်ကို လာရောက်ခြင်းဖြစ်သည်။

“အပစ်အခတ်ရပ်စဲချင်တယ်လို့ အစ္စရေးက ပြောနေတာကို ကျွန်တော်တို့တိုက်ရိုက်ကြားနေရပါတယ်။ သူတို့ဟာသူတို့တင်ပြထားတဲ့အတိုင်း လုပ်ဆောင်နေပါတယ်”ဟု မေလာက ပြောသည်။             

Ref: AFP

Most Read

Most Recent