ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၃၈ စင်းနှင့် ရေတပ်သင်္ဘော ၁၁  စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၃၈ စင်းနှင့် ရေတပ်သင်္ဘော ၁၁  စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
မေ ၂၅ ရက်က တရုတ်နိုင်ငံ ဖူကျန်းပြည်နယ် တိုင်လူကျေးရွာတွင် တရုတ်ငါးဖမ်းသင်္ဘောများကို တွေ့ရစဉ်(Photo: AFP)
မေ ၂၅ ရက်က တရုတ်နိုင်ငံ ဖူကျန်းပြည်နယ် တိုင်လူကျေးရွာတွင် တရုတ်ငါးဖမ်းသင်္ဘောများကို တွေ့ရစဉ်(Photo: AFP)
Published 30 May 2024

ထိုင်ဝမ်ကျွန်းအနီးတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း တရုတ်စစ်လေယာဉ် ၃၈ စင်းနှင့် ရေတပ်သင်္ဘော သို့မဟုတ်ကမ်းခြေစောင့် တပ်ဖွဲ့သင်္ဘော ၁၁ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မေ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင်  အကြီးစားစစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်ခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် အဆိုပါစစ်လေယာဉ်များနှင့် သင်္ဘောများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏နယ်နိ မိတ်တစ်ခုအဖြစ်ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးသိမ်းယူသွားမည်ဟု ပြောကြားထားသည်။

တရုတ်လေယာဉ် ၂၈ စင်းသည် ထိုင်ဝမ်နှင့်တရုတ်ကို ပိုင်းခြားထားသည့် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို ကျော်ဖြတ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်စဉ်ကိုတုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်စစ်တပ်က လေယာဉ်များနှင့် သင်္ဘောများကိုဖြန့်ကြက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ်တွင် မေ ၂၀ ရက်က သမ္မတလိုင်ချင်တယ်၏ကျမ်းသစ္စာကျိန်ဆိုပွဲပြီးနောက် ထိုင်ဝမ်သို့ ပထမဆုံး အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့လာရောက်သည့်ခရီးစဉ်အတွင်း ထိုသတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လိုင်သည် သမ္မတအဖြစ်စတင်ရုံးထိုင်ပြီး သုံးရက်အကြာတွင် တရုတ်က ထိုင်ဝမ်ကျွန်းကို စစ်လေယာဉ်များ၊ တိုက်လေယာဉ်များဖြင့် ၀ိုင်းပတ်ပိတ်ဆို့ပြီး စစ်ရေးလေ့ကျင့်သည်ကာ ထိုစစ်ရေးလေ့ကျင့်မှုများသည် ထိုင်ဝမ်၏  လွတ်လပ်ရေးအကြောင်း ဖွင့်ဟပြောဆိုခဲ့သည့် လိုင်၏မိန့်ခွန်းကို အပြစ်ပေးခြင်းဖြစ်ကြောင်းနှင့် ထိုင်ဝမ်ကျွန်းကို သိမ်းယူရန် ၎င်း၏ စွမ်းဆောင်ရည်ကို စမ်းသပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် လိုင်က ထိုင်ဝမ်၏ ဒီမိုကရေစီနှင့် အချုပ်အခြာအာဏာကို ကာ ကွယ်သွားမည်ဖြစ်ကြောင်း မိန့်ခွန်းပြောကြားခဲ့ပြီးနောက် တရုတ်အစိုးရက လိုင်ကို“သစ္စာဖောက်” ၊ “ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖျက်ဆီးသူ” ဟူ၍ တံဆိပ်ကပ်ခဲ့သည်။

၁၉၇၉ ခုနှစ်တွင် အမေရိကန်က တရုတ်ကို ပြောင်းလဲအသိအမှတ်ပြုချိန်မှစ၍ အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားဝင်သံတမန်ရေးနှင့် စစ်ဘက်ဆက်ဆံရေး ထူထောင်ခြင်းမရှိတော့သည့်တိုင် အမေရိကန်သည် ၎င်း၏ ဥပဒေအရ ထိုင်ဝမ်၏ကိုယ်ပိုင်ကာကွယ်ရေးအတွက် အကူအညီပေးခွင့်ရှိသည်။ အမေရိကန်သည် နိုင်ငံတကာမျက်နှာစာ၌ ထိုင်ဝမ်ကို ကျောထောက်နောက်ခံပေးနေသည့် အရေးအပါဆုံး နိုင်ငံဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံသော်လည်း ထိုင်ဝမ်တိုက်ခိုက်ခံရမည်ဆိုလျှင် အမေရိကန်က တပ်ဖွဲ့ဝင်များစေလွှတ်ကာ ကာကွယ်ပေးမည်ဟု ပြောဆိုထားသည်။

တရုတ်သည် မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များ၊ ရေတပ်သင်္ဘောများနှင့် ဒရုန်များကို နေ့စဉ်နီးပါးစေလွှတ်ခဲ့ပြီး ထိုင်ဝမ်အပေါ်စစ်ရေးဖိအားများတိုးမြှင့်ခဲ့သည်။

တရုတ်သည် စစ်ပွဲဆင်နွှဲမည့်အခြေအနေမျိုးအထိ လုပ်ဆောင်ခြင်းမရှိသော်လည်း ထိုင်ဝမ်စစ်တပ်ကို အင်အားချိနဲ့စေရန် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်နေခြင်းအားဖြင့် မခန့်မှန်းနိုင်သည့် နည်းဗျူဟာများကို အသုံး ပြုနေခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။                      

Ref: AFP

Most Read

Most Recent