ဒီအာရ်ကွန်ဂိုတွင် သီတင်းတစ်ပတ်အတွင်း mpox ရောဂါ ကူးစက်ခံရသည့်လူနာသစ် ၁၀၀၀ ကျော်ရှိခဲ့

ဒီအာရ်ကွန်ဂိုတွင် သီတင်းတစ်ပတ်အတွင်း mpox ရောဂါ ကူးစက်ခံရသည့်လူနာသစ် ၁၀၀၀ ကျော်ရှိခဲ့
သြဂုတ် ၁၉ ရက်က ဒီအာရ်ကွန်ဂိုနိုင်ငံ မြူနီဂီမြို့ရှိ ဆေးကုသရေးစင်တာတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက mpox လူနာတစ်ဦးကို ကုုသပေးနေစဉ်(Photo:AP)
သြဂုတ် ၁၉ ရက်က ဒီအာရ်ကွန်ဂိုနိုင်ငံ မြူနီဂီမြို့ရှိ ဆေးကုသရေးစင်တာတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက mpox လူနာတစ်ဦးကို ကုုသပေးနေစဉ်(Photo:AP)
Published 23 August 2024

အာဖရိကကျန်းမာရေးအာဏာပိုင်များက mpox ရောဂါကာကွယ်ဆေးများ အရေးတကြီးလိုအပ်ကြောင်း ပြောကြားနေချိန်တွင် ဒီအာရ်ကွန်ဂိုနိုင်ငံ၌ သီတင်းတစ်ပတ်အတွင်း mpox ရောဂါကူးစက်ခံရသည့် လူနာအသစ် ၁၀၀၀ ကျော်ရှိခဲ့သည်။

ယခုဖြစ်ပွားသည့် ရောဂါကူးစက်မှုများအတွင်း အာဖရိက၏ နိုင်ငံပေါင်း ၅၄ နိုင်ငံတွင် ကူးစက်ဖြစ်ပွားနေပြီး အာဖရိကအလယ်ပိုင်းရှိ ကြီးမားကျယ်ပြန့်သည့် ဒီအာရ်ကွန်ဂိုနိုင်ငံတွင် ယခုနှစ်အတွင်း mpox ရောဂါကူး စက်မှုများ စံချိန်တင်တွေ့ရှိခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း အာဖရိက၏ mpox ရောဂါကူးစက်မှုစုစုပေါင်း ၁၈၉၁၀ ဦးအနက် ၉၄ ရာခိုင်နှုန်း သို့မဟုတ် ၁၇၇၉၄ ဦးနှင့် သေဆုံးသူစုစုပေါင်း ၅၄၁ ဦးအနက် ၅၃၅ ဦးသည် ဒီအာရ်ကွန်ဂိုမှဖြစ်ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးစင်တာ (CDC) က ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသည့် ရောဂါကူး စက်သူအရေအတွက်နှင့် သေဆုံးသူအရေအတွက်သည် လျှော့ချခန့်မှန်းထားခြင်းဖြစ်နိုင်ပြီး ဒီအာရ်ကွန်ဂိုတွင် သံသယလူနာ ငါးဦးတွင် တစ်ဦးသည် mpox ကူးစက်ခံရ ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အခြား အာဖရိကနိုင်ငံများတွင်လည်း ရောဂါစစ်ဆေးမှုများနှင့် ခြေရာခံစောင့်ကြည့် ရေးစွမ်းဆောင်ရည်များ သည် အကန့်အသတ်ရှိနေကြောင်း အာဖရိက CDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဂျန်း ကာဆီယာက ပြော ကြားခဲ့သည်။

ပြီးခဲ့သည့် ခုနစ်ရက်အတွင်း အာဖရိကတွင် mpox ရောဂါကူးစက်ခံရသူ ၁၄၀၅ ဦး အနေက် ၁၀၃၀ ဦးမှာ ဒီအာရ်ကွန်ဂိုမှဖြစ်ကြောင်း အာဖရိက CDC က သြဂုတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုအချိန်အတောအတွင်း ဥရောပသမဂ္ဂနှင့် အခြားကာကွယ်ဆေးထုတ်လုပ်သည့် Bavarian Nordic တို့က  mpox ကာကွယ်ဆေးအလုံးရေ ၂၁၅၀၀၀ ထောက်ပံ့ပေးမည် ဟုကတိပြုခဲ့ပြီး ထိုကာကွယ်ဆေးများသည် လာမည့်ရက်ပိုင်းတွင် ရောက်ရှိလာလိမ့်မည်ဟု အာဖရိက CDC အကြီးအကဲ ကာဆီယာ က ပြောကြားခဲ့သည်။

အမေရိကန်ကလည်း ဒီအာရ်ကွန်ဂိုနိုင်ငံကို mpox ကာကွယ်ဆေးအလုံးရေ ၅၀၀၀၀ လှူဒါန်းခဲ့ကြောင်း ပြောကြားခဲ့ပြီး ဂျပန်ကလည်း ဒီအာရ်ကွန်ဂိုကို ကာကွယ်ဆေးများ လှူဒါန်းခဲ့သည်။

သို့သော် ဒီအာရ်ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနကမူ လက်ရှိဖြစ်ပွားနေသည့် ရောဂါကူးစက်မှုကို အဆုုံးသတ်ရန် ၎င်းတစ်နိုင်ငံတည်းနှင့် ကာကွယ်ဆေးအလုံးရေ သုံးသန်း လိုအပ်သည်ဟု ပြောကြားခဲ့သည်။

Mpox ရောဂါ၏ လက္ခဏာရပ်များတွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ ခါးနာခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို့ ပါဝင်သည်။

အဖျားပျောက်ပြီးသည်နှင့် အဖုအပိမ့်များ ဖြစ်ပေါ်လာတတ်ပြီး မျက်နှာပေါ်မှ စတင်ကာ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည်။ အများအားဖြင့် လက်ဖဝါးနှင့် ခြေဖဝါးများတွင် အဖြစ်များ သည်။အလွန်အမင်း ယားယံခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်နိုင်သည့် အဖုအပိမ့်များသည် နောက်ဆုံးတွင် အနာဖေးမဖြစ်ပေါ်မီ အဆင့်အမျိုးမျိုးသို့ ပြောင်းလဲသွားကာ နောက်ဆုံးတွင် ကျွတ်ထွက်သွားသည်။ အနာများက အမာရွတ်များ ဖြစ်ကျန်စေနိုင်သည်။

ရောဂါပိုးသည် အများအားဖြင့် သူ့အလိုလို ရှင်းလင်းသွားပြီး ၁၄ ရက်မှ ၂၁ ရက်ကြား ကြာမြင့်သည်။ mpox သည် ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းမှတစ်ဆင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်တတ်သည် ။ လိင်ဆက်ဆံခြင်း၊ အရေပြားချင်း ထိတွေ့ခြင်း၊ အခြားသူတစ်ဦးနှင့် နီးကပ်စွာ စကားပြောခြင်း သို့မဟုတ် အသက်ရှူခြင်းတို့ အပါအဝင်ဖြစ်သည်။

Ref:AFP

                                             

Most Read

Most Recent