တန်ဟက်ဂ်သည် မန်ယူအသင်းကို အောင်မြင်မှုများရရှိအောင် စွမ်းဆောင်ပေးနိုင်မည့်သူမဟုတ်ကြောင်း နှင့် ထိပ်တန်းကစားသမားများကို ကိုင်တွယ်နိုင်သူမဟုတ်ကြောင်း ပီယာ့စ်မော်ဂန် ဝေဖန်

တန်ဟက်ဂ်သည် မန်ယူအသင်းကို အောင်မြင်မှုများရရှိအောင် စွမ်းဆောင်ပေးနိုင်မည့်သူမဟုတ်ကြောင်း နှင့် ထိပ်တန်းကစားသမားများကို ကိုင်တွယ်နိုင်သူမဟုတ်ကြောင်း ပီယာ့စ်မော်ဂန် ဝေဖန်
Photos: Eurosport
Photos: Eurosport
Published 12 September 2024

 

နာမည်ကျော်ဂျာနယ်လစ်နှင့် ရုပ်သံတင်ဆက်သူ ပီယာ့စ်မော်ဂန်က မန်ယူနည်းပြ တန်ဟက်ဂ်သည် နလပိန်းတုံးအစစ်ဖြစ်ပြီး မန်ယူအသင်းကို အရင်လိုအောင်မြင်မှုများ ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်မည့်သူ မဟုတ်ကြောင်းနှင့် ထိပ်တန်းကစားသမားများကို ကိုင်တွယ်နိုင်သူမဟုတ်ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားခဲ့သည်။ 

ပီယာ့စ်မော်ဂန်သည် ၂၀၂၂ ခုနှစ်တွင် ၎င်းနှင့် ခင်မင်ရင်းနှီးသည့် စီရော်နယ်လ်ဒို တန်ဟက်ဂ်နှင့် ပြဿနာဖြစ်ပြီး မန်ယူအသင်းမှထွက်ခွာခဲ့ရပြီးကတည်းက တန်ဟက်ဂ်ကို ကြမ်းတမ်းသည့်စကားလုံးများနှင့် ဝေဖန်ခဲ့သူဖြစ်သည်။ ၎င်းသည် မန်ယူအသင်းမှ စီရော်နယ်လ်ဒို ထွက်ခွာခဲ့ရပြီးနောက် တန်ဟက်ဂ်ကို လူပြက်ဟု တံဆိပ်ကပ်ခဲ့ပြီး ယခုအခါ ပိုမိုပြင်းထန်သည့်စကားလုံးဖြင့် ဝေဖန်ခဲ့ခြင်းလည်းဖြစ်သည်။ ပြီးခဲ့သည့်ရာသီက FA ဖလား ရရှိခဲ့ခြင်းကြောင့် မန်ယူနည်းပြအဖြစ် ဆက်ရှိနေသည့် တန်ဟက်ဂ်သည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရပြီး ပွဲစဉ် (၃) အပြီးတွင် (၂) ပွဲအထိ ရှုံးနိမ့်ထားသည်။ 

ပီယာ့စ်မော်ဂန်က "တန်ဟက်ဂ်က နလပိန်းတုံးအစစ်ပါ။ ဒီလိုပြောရတာကို ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမဲ့ သူက တကယ့် နလပိန်းတုံးပါ။ မန်ယူကိုရောက်ကတည်းက ဒီအတိုင်းပဲလေ ဟုတ်တယ်မလား။ သူက အခု ဟယ်ရီပေါ်တာတွေ၊ ဘာတွေ လျှောက်ပြောနေတယ်။ ယူနိုက်တက်(မန်ယူ)ကနေ သူ ထွက်ခဲ့ရတာ တန်ဟက်ဂ်ကြောင့်လို့ ကျွန်တော့်ကို အင်တာဗျူးမှာ စီရော်နယ်လ်ဒို ပြောဖူးတယ်။ တန်ဟက်ဂ်ရဲ့ အဓိကပြဿနာက ဘာလဲဆိုတော့ စာသိပ်တော်တဲ့ ပါရမီရှင်ကျောင်းသားတွေအကြောင်းကို မသိဘဲ မနူးမနပ် ကျောင်းဆရာတစ်ယောက်က ဆရာကြီးလုပ်ချင်နေတာပါပဲ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ပီယာ့စ်မော်ဂန်က တန်ဟက်ဂ်သည် ထိပ်တန်းကစားသမားများကို ကိုင်တွယ်နိုင်သူမဟုတ်ကြောင်းလည်း ဝေဖန်ခဲ့သည်။ "ယူနိုက်တက်မှာ ထိပ်တန်းကစားသမားတွေကို သူ မကိုင်တွယ်နိုင်တာကို လူတိုင်းသိမှာပါ။ စီရော်နယ်လ်ဒို၊ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့ကို သူ မကိုင်တွယ်နိုင်ဘူး။ အေဂျက်စ်ကခေါ်တဲ့ ကစားသမားတွေလောက်ပဲ သူ ကိုင်တွယ်နိုင်တယ်။ မန်ယူကိုကြည့်လိုက် အခုရာသီက မနှစ်ကထက်တောင် ပိုဆိုးတယ်"ဟု ၎င်းက ဆိုခဲ့သည်။

Most Read

Most Recent