မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် မိုက်ကယ်ဖိုက်ရှ်အွန်ဘိုင်နာနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) နှစ်ဖက်သဘောတူညီမှုဖြင့် လမ်းခွဲ

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် မိုက်ကယ်ဖိုက်ရှ်အွန်ဘိုင်နာနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) နှစ်ဖက်သဘောတူညီမှုဖြင့် လမ်းခွဲ
Photo: MFF
Photo: MFF
Published 12 August 2024

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား မိုက်ကယ်ဖိုက်ရှ်အွန်ဘိုင်နာနှင့် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက နှစ်ဖက်သဘောတူညီမှုဖြင့် လမ်းခွဲခဲ့ကြောင်း သိရသည်။

ဂျာမနီနိုင်ငံသားနည်းပြ မိုက်ကယ်ဖိုက်ရှ်အွန်ဘိုင်နာသည် မြန်မာ့လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့စဉ်အတွင်း ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်တွင် ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး မြန်မာအသင်းသည် ဂျပန်အသင်းကို အိမ်ကွင်း၌(၀-၅) ဂိုး၊ အဝေးကွင်း၌(၀-၅) ဂိုး၊ မြောက်ကိုရီးယားအသင်းကို အိမ်ကွင်း ၌ (၁-၆) ဂိုး၊ အဝေးကွင်း၌(၁-၄) ဂိုးတို့ဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်းသည် ဆီးရီးယားအသင်းနှင့်ပွဲတွင် အိမ်ကွင်း၌(၁-၁) ဂိုးဖြင့် သရေကျခဲ့သော်လည်း အဝေးကွင်းတွင် (၀-၇) ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့သည်။

ဂျာမနီနိုင်ငံသားနည်းပြ မိုက်ကယ်ဖိုက်ရှ်အွန်ဘိုင်နာသည် မြန်မာ့လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့စဉ်အတွင်း အသင်းကြီးများကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို အသင်းငယ်များဖြစ်သည့် မကာအို၊ နီပေါအသင်းတို့ကိုလည်း သရေကျခဲ့သည်။

နည်းပြ မိုက်ကယ်ဖိုက်ရှ်အွန်ဘိုင်နာသည် မြန်မာ့လက်ရွေးစင်အသင်းကို တာဝန်ယူခဲ့စဉ်အတွင်း နိုင်ငံတကာခြေစမ်းပွဲများအပါအဝင် ပြိုင်ပွဲစုံ(၁၄) ပွဲ ကိုင်တွယ်ခဲ့ရာ (၃) ပွဲသာအနိုင်ရခဲ့ပြီး (၄) ပွဲသရေ၊ (၇) ပွဲရှုံးနိမ့်ခဲ့သည်။

ယင်း(၁၄) ပွဲတွင် ပြည်တွင်းကလပ်အသင်းများနှင့် ကစားခဲ့သည့် လေ့ကျင့်ရေးခြေစမ်းပွဲများ မပါဝင်ခဲ့ကြောင်း သိရသည်။

ဂျာမနီနိုင်ငံသားနည်းပြ မိုက်ကယ်ဖိုက်ရှ်အွန်ဘိုင်နာသည် မြန်မာ ယူ-၂၃ အသင်းကိုလည်း တာဝန်ယူကိုင်တွယ်ခဲ့ပြီး ၂၀၂၃ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အာဆီယံဒေသတွင်း အသင်းငယ်တစ်သင်းဖြစ်သည့် ကမ္ဘောဒီးယား ယူ-၂၃ အသင်းကို (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။

ဂျာမနီနိုင်ငံသားနည်းပြ မိုက်ကယ်ဖိုက်ရှ်အွန်ဘိုင်နာသည် မြန်မာ ယူ-၂၃ အသင်းကိုလည်း တာဝန်ယူခဲ့စဉ်အတွင်း (၁၃) ပွဲ ကိုင်တွယ်ခဲ့ရာတွင် (၅) ပွဲနိုင်၊ (၂) ပွဲသရေ၊ (၆) ပွဲရှုံးနိမ့်ခဲ့သည်။

ယင်း (၁၃) ပွဲတွင် ပြည်တွင်းကလပ်အသင်းများနှင့် ကစားခဲ့သည့် လေ့ကျင့်ရေးခြေစမ်းပွဲများ မပါဝင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည်  ဂျာမနီနိုင်ငံသားနည်းပြ မိုက်ကယ်ဖိုက်ရှ်အွန်ဘိုင်နာ နှင့် လမ်းခွဲခဲ့ရာတွင် ၎င်း၏ နိုင်ငံခြားသား လက်ထောက်နည်းပြလောရင့်ဇ်၊ ဂိုးနည်းပြအဖြစ် မိုက်အန်ဒရီတို့နှင့်ပါ တစ်ပါတည်း လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂျာမနီနိုင်ငံသား ဖိုက်ရှ်အွန်ဘိုင်နာနှင့် ၎င်း၏ နိုင်ငံခြားသားလက်ထောက်နည်းပြနှစ်ဦးကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ် ၁၆ ရက်က (၂) နှစ်စာချုပ်ချုပ်ဆို၍ ခန့်အပ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent