မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေများနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေများနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား
Published 12 August 2024

မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေများနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စမော်နင်းက ပြောကြားသည်။

သြဂုတ် ၉ ရက်က ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ AFP သတင်းဌာန၏ မေးမြန်းမှုနှင့်ပတ်သက်၍ မစ္စမော်နင်းက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထပ်ဆင့်ထုတ်ပြန်ထားမှုအရ သိရသည်။

တရုတ်သံရုံး၏ ထုတ်ပြန်မှုအရ AFP သတင်းဌာနက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူး ကိုယ်စားလှယ် Mr.Deng Xijun သည် ကြာသပတေးနေ့တွင် နေပြည်တော်သို့ ရောက်ရှိခဲ့သည်ဟု မြန်မာနိုင်ငံအစိုးရမီဒီယာက သတင်းဖော်ပြခဲ့ကြောင်း၊ ယင်းမတိုင်မီတွင် မြန်မာနိုင်ငံအစိုးရ၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျရှုံးခဲ့သည်ဟု သိရှိခဲ့ရကြောင်း၊ ထို့ပြင် မူလကကြာသပတေးနေ့တွင် တရုတ်နိုင်ငံ၌ နောက်ထပ်တစ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှု ကျင်းပ၍ မြန်မာနိုင်ငံအစိုးရနှင့် “ညီနောင်မဟာမိတ်သုံးဖွဲ့” အား ညှိနှိုင်းပေးရန် စီစဉ်ထားသော်လည်း အစိုးရဘက်က တက်ရောက်ရန် လူမစေလွှတ်ဟု သိရှိရကြောင်း၊ တရုတ်နိုင်ငံဘက်က အဆိုပါကိစ္စကို အတည်ပြုပေးနိုင်ပါသလားဟု မေးမြန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စမော်နင်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အခြေအနေ ပြောင်းလဲလာမှုကို အမြဲတစေများစွာဂရုပြုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၌ စစ်ပွဲဖြစ်ပွားသည်ကို မိမိတို့ မတွေ့မြင်လိုပါကြောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေ ဆောလျင်စွာ ပြန်လည်တည်ငြိမ်လာစေရန် မျှော်လင့်ပါကြောင်း၊ မိမိတို့သည် အမြဲတစေမိမိတို့၏နည်းလမ်းဖြင့် မြန်မာနိုင်ငံဘက်အသီးသီးက အပစ်အခတ်ရပ်စဲရန် ဦးဆောင်ဖျောင်းဖျလျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာကိုဖြေရှင်းကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆောလျင်စွာ ဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဆွေးနွေးရန် ဆက်လက်တက်တက်ကြွကြွတိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တတ်စွမ်းသမျှပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် ၈ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် H.E.Mr.Deng Xijun တို့ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ အခြားငွေကြေးလိမ်လည်မှုနှင့် တရားမဝင်လုပ်ငန်းများ ပပျောက်စေရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အခြေအနေများ၊ နစကအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent