အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) 7 EAO Alliance ခုနစ်ဖွဲ့မှ ခေါင်းဆောင်းများ နေပြည်တော်၌ ယနေ့ (ဇွန် ၉ ရက်) တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။
အဆိုပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ၏ ဖိတ်ကြားမှုဖြင့် ပြုလုပ်နေခြင်း ဖြစ်သည်။
ယင်းအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) 7 EAO Alliance ခုနစ်ဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်သည့် အဖွဲ့ဝင် ရှစ်ဦး တက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။
အစိုးရသစ်ဖွဲ့စည်းပြီးနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ရည်ရွယ်ပြီး ဧပြီ ၂၁ ရက်က သက်ဆိုင်ရာအဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် တရားဝင်ဖိတ်ခေါ်ခဲ့သည်။
ထိုသို့ ဖိတ်ခေါ်ပြီးနောက် NSPNC က 7 EAO Alliance ထံ တစ်ဖွဲ့ချင်းအလိုက်၊ အစုအဖွဲ့အလိုက် ငြိမ်းချမ်းရေး ဆွေးနွေးရန် စာဖြင့် ထပ်မံဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
7 EAO Alliance အနေဖြင့်လည်း အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးခြင်း ဖိတ်ခေါ်ချက်အပေါ် သက်ဆိုင်ရာ တစ်ဖွဲ့ချင်းအလိုက် ဆွေးနွေးခဲ့သလို 7 EAO Alliance ၏ ဦးဆောင်အဖွဲ့တွင်လည်း အကျေအလည် ဆွေးနွေးခဲ့ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးရန် သဘောထားချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိအခြေအနေများနှင့်အညီ ပြန်လည်ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့်သော အဖွဲ့အစည်းများ ပါဝင်လာနိုင်စေရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့အား ရည်မှန်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် 7 EAO Alliance အနေဖြင့် သဘောထားရှိကြောင်း 7 EAO Alliance ခုနစ်ဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ယင်းအလွတ်သဘောဆွေးနွေးပွဲတွင် နှုတ်ခွန်းဆက် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း 7 EAO Alliance က ထုတ်ပြန်ထားသည်။















