ချင်းပြည်နယ် တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များရှိ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသူများအား ဆန်အိတ် ၁ဝဝဝနှင့် စားသုံးဆီပိဿာ ခြောက်ထောင်ကျော်အပါအဝင် စားသုံးကုန်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့များတွင် နိုင်ငံတော်မှ ဆန်အိတ် ၁၀၀၀၊ စားသုံးဆီ ၆၁၆၀ ပိဿာ၊ ဘိလပ်မြေ ၄၀၀ အိတ်၊ သွပ် ၆၇၅၆ ချပ်၊ သွပ်ရိုက်သံ ၂၀ ဖာ၊ လူ/ကယ်/ ပြန်ပစ္စည်း ၆၀၀ စုံ ကို နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့်အတူ ဇူလိုင် ၂၃ ရက်တွင် ဖလမ်းမြို့တွင်း လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စစ်ဆေးပြီး သူနာပြုသင်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှုခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလေး-ဖလမ်း-ဟားခါလမ်း မိုင်(၇၈/၇ - ၇၉/၂)ကြား လမ်းသားနိမ့်ကျသောနေရာအား ကျောက်ပွဖြည့်ခင်းခြင်းနှင့် မိုင်(၈၂/၀ - ၈၂/၃)ကြား မိုးဒဏ်တောင်ပြိုမြေစာ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ဒုတိယဝန်ကြီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများအား ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားရန်၊ မိုးရာသီတွင် လမ်းမပေါ်၌ ရေမတင်စေရေး အလေးထားဆောင်ရွက်ရန်၊ တောင်ပေါ်ဒေသလမ်း ဖြစ်သည့်အတွက် မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ ကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ ကျန်းမားရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာန၊ သူနာပြုသင်တန်းကျောင်းသို့ သွားရောက်ခဲ့ရာ သင်တန်းကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းဝန်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများမှ ပြန်လည်အသုံးပြုနိုင်သော ဆယ်တင်ပစ္စည်းများဖြစ်သည့် သွပ်များ၊ သစ်သားများ၊ သံပန်း၊ သံတံခါးများ၊ တံခါးပြူတင်းရွက်များ၊ ကျည်းဘောင်များ၊ ရေသန့်နှင့် လျှပ်စစ်ပစ္စည်းများကို သိမ်းဆည်းထားရှိရန်၊ ပြန်လည်ပြုပြင်ရမည့် အဆောက်အဦများကိုလည်း ပြုပြင်ရမည့် နည်းလမ်းများကို တာဝန်ရှိသူများအား ပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ဒုတိယဝန်ကြီးမှ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ဆောင်များကို အမြန်ဆုံးပြင်ဆင်နိုင်ရေးနှင့် အထက်တန်းကျောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
လက်ရှိအချိန်ထိ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့များတွင် အခြေခံပညာကျောင်းပေါင်း (၂၈၈)ကျောင်း ဖွင့်လှစ်နိုင်၍ သင်ကြားရေးဆရာ၊ ဆရာမ (၁၂၅၁)ဦးဖြင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ (၂၁၇၅၈)ဦးကို ပညာသင်ကြားပေးလျက်ရှိပြီး ပညာရေး(စီမံ)ဝန်ထမ်း(၅၂၉)ဦးဖြင့် ဌာနဆိုင်ရာလုပ်ငန်း တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ ထောက်ပံ့သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ခဲတံနှင့် ဘောလ်ပင်များလည်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့များတွင် မြို့နယ်ပြည်သူ့ဆေးရုံများ ဖွင့်လှစ်၍ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း (၂၈၅)ဦးဖြင့် လူနာပေါင်း (၁၄၂၅၉)ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ပြီး၊ နိုင်ငံတော်မှ ထောက်ပံ့သော ဓါတ်ခွဲခန်းသုံးပစ္စည်းများ၊ ကုသရေးပစ္စည်းများနှင့် ဆေးဝါးများလည်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။















