လူမှုရေးအသင်းများအနေဖြင့် ဆေးရုံကြီးသို့ လူနာရှင်မပါဘဲ လာရောက်ပို့ဆောင်ရာတွင် အဆင်ပြေစေရန်အတွက် အရေးပေါ်ဌာနတာ၀န်ရှိသူများထံ စနစ်တကျအပ်နှံပြီး ထားရှိခဲ့နိုင်ရေးအတွက် စီစဥ်ထားရှိကြောင်း မန္တလေးဆေးရုံကြီးမှ သတင်းရရှိသည်။
လူမှုကူညီရေးအသင်းများအနေဖြင့် ဆေးရုံကြီးသို့ လူနာများသွားရောက်ပို့ဆောင်ရာတွင် လူနာရှင်မပါသည့်အခါ အခက်အခဲများဖြစ်ပေါ်နေရကြောင်း လူမှုရေးအသင်းဖွဲ့များ၏ပြောကြားချက်များအရ သိရသည်။
ထိုကဲ့သို့ အခက်ခဲများဖြစ်ပေါ်နေရသည်နှင့်ပတ်သက်ပြီး ဆေးရုံကြီးအနေဖြင့် အဆင်ပြေစေရန်အတွက် အစီအမံများ ဆောင်ရွက်ထားသည်နှင့်ပတ်သက်ပြီး သတင်းမီဒီယာများကို ဇူလိုင်လ၂၄ရက် နေ့လယ်က ရှင်းလင်းပြောကြားခဲ့သည်။
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးမှ " လူနာစောင့်မပါတဲ့ အရေးပေါ်အက်ဆီးဒင့်လူနာတွေ ဆေးရုံကြီးအရေးပေါ်ဌာနကို အခါအားလျော်စွာ ရောက်ရှိတတ်ပါတယ်။အရေးပေါ်အနေနဲ့ကတော့ လက်ခံကုသပေးပါတယ်။ကာယကံရှင်မိသားစုနဲ့အဆက်သွယ်ရဖို့တွက် ဆေးရုံကြီးမှာ ဆေးလူမှုဆက်ဆံရေးဌာနဆိုတာရှိပါတယ်။အဲဒီဌာနကတာ၀န်ရှိသူအဆင့်ဆင့်ကနေပြီးတော့မှ ကာယကံရှင်မိသားစုနဲ့အဆက်သွယ်ရအောင် လုပ်ကိုင်ဆောင်ရွက်ပေးပါတယ်။တစ်ခါတစ်လေကျတော့လည်း အရေးပေါ်မှာ လူနာစောင့်မပါတဲ့ လူနာအရမ်းများလာတဲ့ခါကျ လူမှုရေးအသင်းတွေကိုယ်တိုင် နာရီပိုင်းမျှ ၀င်စောင့်ရှောက်ပေးကြသလို၊ တစ်ချို့အသင်းတွေကျလည်း ပို့ပြီးရင် မစောင့်နိုင်ကြတာတွေရှိတယ်။ အဲလိုဆိုရင်လည်း သက်ဆိုင်ရာ အရေးပေါ်ဌာနက တာ၀န်ရှိသူတွေကို စနစ်တကျအပ်နှံပြီးပြန်သွားနိုင်ဖို့ ကျွန်တော်တို့စီမံဆောင်ရွက်ထားပါတယ်" ဟု ရှင်းပြခဲ့သည်။
ထို့ပြင် ဆေးရုံကြီးနှင့်ချိတ်ဆက်ဆောင်ရွက်လုပ်ကိုင်နေရသည့် လူမှုရေးအသင်းများကိုလည်း ဖိတ်ကြားပြီး ဆေးရုံအုပ်ချုပ်ရေးအဖွဲ့၊ အရေးပေါ်ကုသရေးဌာနပါ၀င်သော ဌာနအသီးသီးမှ ဆရာ၀န်များ၊ လွှတ်တော်ကိုယ်စားလှယ်များလည်းပါ၀င်ကာ ပူးပေါင်းဖြေရှင်းနိုင်ရေး ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ ဆက်လက်ပြီး လူမှုရေးအသင်းများကိုလည်း ထပ်မံဖိတ်ကြားကာ ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစောင့်မပါသည့် လူနာများအတွက် ဆေးလူမှူဆက်ဆံရေးဌာနသက်ဆိုင်ရာတာ၀န်ရှိသူများထံဆက်သွယ်နိုင်ကြောင်း၊ ဆက်သွယ်ရမည့် ဖုန်းနံပတ်များလည်းရေးသားထားပြီး အရေးပေါ်ဌာနတွင် ဆေးရုံအုပ်ချုပ်မှုရုံးခန်းဖွင့်လှစ်ထားရှိကာ ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရန် စီစဥ်ထားရှိသည်ဟု သိရသည်။















