■ ၂ဝ၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ် ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်
■မြန်မာ-တရုတ် အနာဂတ်အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မြှင့်တင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းအားထုတ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
၂ဝ၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ် ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ခဲ့သည်။
ယနေ့(ဇွန် ၈ ရက်) ညနေပိုင်းတွင် ၂၀၂၆ ခုနှစ် တရုတ် ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ်ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ဥတ္တရသီရိကုန်တိုက်၊ ဂျေစီနီ
ပလက်စ်ရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့နှင့်တူ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ နှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး နှင့်ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြော " အခုလို နှစ်နိုင်ငံသံတမန်ဆက်ဆံရေး(၇၆)နှစ်ပြည့် အခါသမယမှာ မိမိတို့နှစ်နိုင်ငံရဲ့ ပြည်သူများအတွက် ရေရှည်တည်တံ့တဲ့ ဘုံအကျိုးစီးပွားနဲ့ ဒေသတွင်း တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေဖို့၊ မြန်မာ-တရုတ် အနာဂတ်အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မြှင့်တင်နိုင်ဖို့တို့အတွက် ဆက်လက်ကြိုးပမ်းအားထုတ်သွားမှာဖြစ်ကြောင်းလည်း ပြောကြားလိုပါတယ်" ဟု ပြောကြားသည်။
ယနေ့ကျင်းပသည့် ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ်သည် ဖျော်ဖြေမှုသက်သက်သာမကဘဲ ပြည်သူများ၏ စိတ်နှလုံးချင်းပေါင်းစည်းရန်၊ ခံစားမှုရသချင်း နီးစပ်ရန်နှင့် ရှေးယခင်ကတည်းက တည်ရှိခဲ့သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှုကို အဓွန့်ရှည်တည်တံ့ရန် ချိတ်ဆက်ပံ့ပိုးပေးမည့် ယဉ်ကျေးမှု ပေါင်းကူး တံတားတစ်စင်းလည်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
" မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ်ကို ၁၉၅၄ ခုနှစ်မှာ ချမှတ်နိုင်ခဲ့ပါတယ်။ ဒီမူကြီး (၅)ရပ်ဟာဆိုရင် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ စံနမူနာတစ်ခုအဖြစ် ဖြစ်လာခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၇၁ ခုနှစ်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်စေဖို့အတွက်လည်း အပြည့်အဝ မိမိတို့ ကြိုးပမ်းထောက်ခံပေးခဲ့ပါတယ်" ဟု နိုင်ငံတော်သမ္မတ က ပြောကြားသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်မှ စတင်ပြီး ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များက နှစ်နိုင်ငံဆက်ဆံရေးကို တစ်စတစ်စ ပိုမိုတိုး တက်ခိုင်မာစေခဲ့ကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
ရှေ့ဆက်၍လည်း နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် တရုတ်နိုင်ငံနှင့်အတူ အနီးကပ်ပူးပေါင်း အခွင့်ကြုံခိုက်ထပ်လောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုအပြီးနောက် တစ်ရက်တွင် တရုတ်နိုင်ငံက ရှာဖွေကယ်ဆယ်ရေး အဖွဲ့များကို စေလွှတ်ပေးခဲ့ခြင်းသည် မိမိတို့နှစ်နိုင်ငံ ပြည်သူများအကြား အေးအတူပူအမျှ အသိုက်အဝန်းမှ အတူမျှဝေခံစားသည့် စိတ်ဓာတ်ခိုင်မာမြဲမြံသည့် ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်ဖော်ပြခြင်းပင်ဖြစ်ကြောင်း၊ အရေးကြီးဆုံးအချိန်၌ ရှာဖွေကယ်ဆယ်ပေးခဲ့ကြသည့် တရုတ် နိုင်ငံအစိုးရနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို မြန်မာပြည်သူများကိုယ်စား လှိုက်လှဲ စွာကျေးဇူးတင်ရှိသည်ကို ထပ်လောင်းပြောကြားလိုကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
ထို့ပြင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူပြုနိုင်ရန် တရုတ်ယွမ် ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိသည့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို တရုတ်နိုင်ငံက မိတ်ဆွေကောင်းပီသစွာဖြင့် မြန်မာနိုင်ငံအတွက် ပေးအပ်ခဲ့ကြောင်း၊ အခက်အခဲဆုံးအချိန်တွင်ရရှိခဲ့သည့် ပထမဦးဆုံး ပြည်ပအကူ အညီဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံ၏ အချိန်မီပံ့ပိုးကူညီမှုများက မိမိတို့အစိုးရနှင့် သဘာဝ ဘေးဒဏ်ခံစားရသည့် ပြည်သူများအတွက် များစွာခွန်အားဖြစ်စေခဲ့ကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် အဓိက ကျသည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍများတွင် အကူအညီများကို စဉ်ဆက်မပြတ်ပေးအပ်လျက်ရှိကြောင်း၊ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပီသသည့် တရုတ် နိုင်ငံအစိုးရနှင့် ပြည်သူများက ဆွေမျိုးပေါက်ဖော်ပီသသည့် ရိုင်းပင်းကူညီပေးမှုများအတွက် မြန်မာနိုင်ငံသားများကိုယ်စား များစွာကျေးဇူးတင်ရှိပါကြောင်းကို ပြောကြား လိုကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
ယနေ့ကျင်းပပြုလုပ်သည့် ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ်တွင် ပြသသွားမည့် တရုတ် ရုပ်ရှင်ဇာတ်ကားကောင်းများသည် မြန်မာပြည်သူများကို တရုတ်နိုင်ငံ၏ ခေတ်သစ်လူနေမှုဘဝ၊ တိုးတက်မှု၊ ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အလှ တရားများကို ပိုမိုနားလည် သဘောပေါက်စေမည် ဖြစ်ကြောင်း၊ မြန်မာပြည်သူများ၏ အိမ်မက်များ၊ ပျော်ရွှင်မှုများထဲတွင် တရုတ်ရုပ်သံဇာတ်လမ်းတွဲများသည် နှစ်ပေါင်း များစွာ နေရာယူနိုင်ခဲ့ကြောင်း၊ ကြည့်ရှုကြသည့် နှစ်နိုင်ငံပြည်သူများ ခံစားချက်ချင်း တူညီမှုကနေတစ်ဆင့် စစ်မှန်သည့် သံယောဇဉ်၊ အပြန်အလှန် နားလည်မှုနှင့် ချစ်ခင် ရင်းနှီးမှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက ရုပ်ရှင်ပြပွဲနှင့် ပတ်သက်၍ပြောကြားရာတွင် ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲရက်သတ္တပတ်ဖွင့်ပွဲ အခမ်း အနားကို ယနေ့တွင် ကျင်းပရန်အထူးရွေးချယ်ခဲ့ခြင်းမှာ ရုပ်ရှင်အလင်းအမှောင် စွမ်းအားကိုအသုံးပြု၍ လွန်ခဲ့သော (၇၆) နှစ်တာကာလအတွင်း အေးအတူပူအမျှ၊ အခက်အခဲများကို အတူကျော်ဖြတ်ကာ ပိုမိုခိုင်မြဲလာခဲ့သည့် တရုတ်-မြန်မာဆက်ဆံ ရေးကို အတူတကွ ဂုဏ်ပြုဦးညွှတ်ရန်ဖြစ်သကဲ့သို့ (၇၆) နှစ်တိုင်တိုင် အပြန်အလှန် စောင့်ရှောက်ကူညီပြီး ဒုက္ခ သုခ အတူမျှဝေခဲ့ကြသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရေးကို လက်ဆင့်ကမ်းသွားရန်အတွက်လည်း ဖြစ်ပါကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် လူမှုရေးစနစ် မတူညီသော်လည်း တရုတ်နိုင်ငံသစ်ကို ပထမဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံ၏ အမျိုးသားငြိမ်းချမ်းရေး၊ ပြန်လည် သင့်မြတ်ရေးနှင့် တည်ငြိမ်ရေးတို့အတွက် အမြဲတစေ ထောက်ခံအားပေးခဲ့ပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံက ပူးတွဲအဆိုပြုခဲ့ကြသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူကြီး (၅) ရပ်သည် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်း ဖြစ်လာခဲ့ပါကြောင်း တရုတ်နိုင်ငံသံအမတ်ကြီးက ပြောကြားသည်။
ယခုကျင်းပြုလုပ်သည့် တရုတ်ရုပ်ရှင် ရက်သတ္တပတ်မှတစ်ဆင့် မြန်မာပရိသတ်များအနေဖြင့် သဘာဝကျပြီး စုံလင်လှသော တရုတ်နိုင်ငံကို သိရှိနားလည်နိုင် လိမ့်မည်ဟုမျှော်လင့်ပါကြောင်းနှင့် တရုတ်နိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာရန်လည်း ဖိတ်ခေါ်ပါကြောင်း၊ ထိုသို့ ကူးလူးဆက်ဆံခြင်းဖြင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေကာ နှစ်ဦးနှစ်ဖက် ပိုမိုနက်ရှိုင်း သော ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် အောင်မြင်မှုများ ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးမှု အတွက် နိုင်ငံတော်သမ္မတကြီးနှင့် ဇနီး၊ အဖွဲ့ဝင်များအားလုံးကိုလည်း အထူးကျေးဇူး တင်ရှိပါကြောင်းလည်း တရုတ်နိုင်ငံသံအမတ်ကြီးကပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ၂၀၂၆ ခုနှစ် တရုတ် ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ်ဆိုင်ရာ ဗီဒီယိုနှင့် မေတ္တာစမ်းရေ (Lighting Up the Stars) ရုပ်ရှင် အား ကြည့်ရှုကြကြောင်း သိရသည်။















