မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့
Published 20 July 2026

ကရင်ပြည်နယ် ဘားအံမြို့နယ် ညောင်ကုန်း (နောင်ကုန်း) ကျေးရွာအနီးတောအတွင်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၈) ရက် နံနက် (၁၀) နာရီအချိန်ခန့်က ဘားအံမြို့နယ်၊ ညောင်ကုန်း (နောင်ကုန်း) ကျေးရွာနေ အသက် (၃၆) နှစ်အရွယ် ဒေါ်နော်လှကူး နှင့် အသက် (၄၅) နှစ်အရွယ် ဒေါ်နော့တဒူး တို့နှစ်ဦးမှာ ကျေးရွာအနီးတောအတွင်း ဝါးမျှစ်ရှာနေစဉ် မြေမြှုပ်မိုင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး "မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူ အမျိုးသမီး နှစ်ဦးရဲ့ ခြေထာက်၊ လက် နဲ့ ခန္ဓာကိုယ်တွေမှာ မိုင်းစထိမှန်ဒဏ်ရာတွရရှိခဲ့ပါတယ်။ ရရှိခဲ့ကြတဲ့ ဒဏ်ရာတွေကပြင်းထန်ပါတယ်" ဟု ပြောကြားသည်။

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်သူနှစ်ဦးအား ဒေသခံများမှ ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

အဆိုပါ ညောင်ကုန်း (နောင်ကုန်း) ကျေးရွာမှာ ဘားအံမြို့နယ် ဝါးဘိုးတော - ကမမောင်း ကားလမ်းဘေးရှိကျေးရွာတစ်ခုဖြစ်ပြီး အိမ်ခြေ (၉၀၀) ခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၃၀) ရက်နေ့ ညနေပိုင်းအချိန်ကလည်း ဖာပွန်မြို့နယ် ကမမောင်းမြို့ တကောင်းဘိုးကျေးရွာအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး  ဆိုင်ကယ်နှင့် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခြေထောက်တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သေးကြောင်း သိရသည်။

Most Read

Most Recent