ချင်းပြည်နယ် ဖလမ်းမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ယာယီဆေးရုံတို့၌ ဆိုလာမီးများ တပ်ဆင်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၀ ရက်တွင် ဖလမ်းမြို့၊ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဗိုလ်ချုပ်လမ်းတလျောက် ဆိုလာမီး တပ်ဆင်ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ရာ (6 KW) ဆိုလာမီး တစ်စုံ တပ်ဆင်ဆောင်ရွက်မှု အခြေအနေများကို တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဆိုလာပြားများအား သန့်ရှင်းမှုရှိစေရန်၊ သစ်ကိုင်းများ၊ အဆောက်အဦများကြောင့် ဆိုလားပြားပေါ် နေရောင်ပိတ်ဆို့မှု မဖြစ်စေရန်၊ Battery, Controller, Timer, Connector နှင့် ဝါယာကြိုးတို့အား ပုံမှန်စစ်ဆေးကြရန်၊ မိုးရာသီတွင် ရေစိမ့်ဝင်နိုင်သည့် အစိတ်အပိုင်းများကို အထူးဂရုပြုစစ်ဆေးကြရန်၊ ရုံးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်နှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရန်အတွက် တာဝန်ရှိသူ အဆင့်ဆင့်မှ အလေးထားကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ရေရှည်အသုံးပြုနိုင်ရန်အတွက် စနစ်တကျ ထိန်းသိမ်းကြရန် ပြောကြားခဲ့သည်။
ဖလမ်းမြို့ ယာယီပြည်သူ့ဆေးရုံတွင် (12 KW) ဆိုလာမီးတစ်စုံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် (6 KW) ဆိုလာမီး တစ်စုံ၊ ခရိုင်မြန်မာ့စီးပွားရေးဘဏ်ရုံးတွင် (6 KW) ဆိုလာမီး တစ်စုံ၊ မြို့နယ် ပညာရေးမှူးရုံးတွင် (6 KW) ဆိုလာမီး တစ်စုံတို့အား ချင်းပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ဗိုလ်ချုပ်လမ်းတလျောက် ဆိုလာလမ်းမီးတိုင် တပ်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုကြရာ ဖလမ်းမြို့၊ ဘာသာရေး ခေါင်းဆောင်များ၊ မြို့မိမြို့ဖများမှ ပံ့ပိုးကူညီသော (300 W) ဆိုလာလမ်းမီးများကို ဒေသခံပြည်သူများနှင့် လျှပ်စစ်အင်ဂျင်နီယာဝန်ထမ်းများမှ တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညပိုင်းတွင် ဖလမ်းမြို့ မီးလင်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကြပြီး မြို့၏ အဓိကနေရာများ၊ လမ်းဆုံ လမ်းခွ နေရာများနှင့် ပြည်သူ့ဝန်ဆောင်မှုရုံး ဌာနများတွင် ဆိုလာမီးများကို ဦးစားပေးအလိုက်တပ်ဆင်သွားရန် တာဝန်ရှိသူများအား ပြောကြားခဲ့သည်။
တီးတိန်မြို့အား မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာ (၃)ရွာနှင့် ဌာနဆိုင်ရာရုံးများမှ လျှပ်စစ် မီးသုံးစွဲသူဦးရေ (၃၀၁၈) ဦးတို့အား ဝန်အားများသော အချိန်တွင် 300 KVA ဒီဇယ်ဓါတ်အားပေးစက်ဖြင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ 200 KW နှစ်လုံးတို့ဖြင့် ချိတ်ဆက်၍ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် တပ်မတော် (၂၆၉)တပ်ရင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်ရဲစခန်း၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ လမ်းဦးစီးဌာနရုံး၊ ဆက်သွယ်ရေးရုံးနှင့် ဘုန်းကြီးကျောင်းတို့အားနေ့စဉ် (၂၄)နာရီလျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
တွန်းဇံမြို့အား ဒေသခံပြည်သူများမှ လျှပ်စစ်မီးသုံးစွဲသူဦးရေ (၄၂၀)ဦးနှင့် ဌာနဆိုင်ရာရုံးများ ဖြစ်သော မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်ရဲစခန်း၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၊ ဥပဒေရုံး၊ စာရင်းစစ်ရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ မြို့နယ်မြေစာရင်းဦးစီးဌာနတို့အား 300 KVA ဒီဇယ်ဓါတ်အားပေးစက်ဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် (12 KW) ဆိုလာမီး တစ်စုံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် (6 KW) ဆိုလာမီး တစ်စုံ၊ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ရုံးတွင် (6 KW) ဆိုလာမီးတစ်စုံတို့အား ချင်းပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















