ဘန်ကောက်ရှိ Na Ladprao ဘီယာဆိုင် မီးလောင်မှုကြောင့် သေဆုံးခဲ့သူ တစ်ဦးချင်းစီအတွက် ကျန်ရစ်သူမိသားစုများအား ထိုင်းတရားရေးဝန်ကြီးဌာနက ဘတ်သုံးသိန်းနှုန်းဖြင့် လျော်ကြေးပေးကာ သေဆုံးသူ ၃၁ ဦးအတွက် စုစုပေါင်း ဘတ် ၉ ဒသမ ၃ သန်း လျော်ကြေးပေးရန် အတည်ပြုခဲ့ကြောင်း သိရသည်။
တရားရေးဝန်ကြီးကိုယ်တိုင် ဇူလိုင် ၁၉ ရက်က ကျင်းပသည့် အခမ်းအနားတွင် မိသားစု ၁၄ စုအား လျော်ကြေးငွေများကို ပေးအပ်ပြီးပြီဖြစ်ကာ လျော်ကြေးငွေရရန် ကျန်နေသေးသည့် မိသားစုများကို ၎င်းတို့၏ ဘဏ်အကောင့်များသို့ တိုက်ရိုက်လွှဲပေးသွားမည်ဖြစ်သည်။
လျော်ကြေးရရှိသူများတွင် ဘီယာဆိုင်တီးဝိုင်းမှ မိန်းကလေးအဆိုတော် ၊ ဒရမ်သမား ၊ လာအိုနိုင်ငံသား ဝန်ထမ်းတစ်ဦး၏ မိသားစုများ ပါဝင်ကြသည်။ နောက်ဆုံးသတင်းများအရ သေဆုံးသူက ၃၄ ဦးအထိ မြင့်တက်လာပြီဖြစ်သည်။ သို့သော် နောက်ပိုင်းသေဆုံးသူအချို့က ကနဦး လျော်ကြေးအတည်ပြုစာရင်းတွင် မပါသေးပေ။
ဇူလိုင် ၁၂ ရက်က မီးလောင်မှုဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးများအား ဖျော်ဖြေရေးလုပ်ငန်းများကို အထူးစစ်ဆေးသွားရန် ညွှန်ကြားထားသည်။ဘီယာဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် ပါဝင်ပတ်သက်သူအားလုံးကို ဥပဒေကြောင်းအရ အရေးယူသွားမည်ဖြစ်ပြီး လုပ်ငန်းလိုင်စင်ကိုလည်း ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က အတည်ပြုခဲ့သည်။
Ref: Khaosod English















