ပခုက္ကူမြို့နယ် ပေါင်လောင်ကန်ရွာအနီး ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်း တိုင်အမှတ် ၃၃၈ အား PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၉ ရက် ည ၇ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပေါင်လောင်ကန်ရွာအနီး ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်း တိုင်အမှတ် (၃၃၈) အား PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြို့များသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးလိုင်းများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါဓာတ်အားလိုင်း ဖျက်ဆီးခံရမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ၁၃၂ ကေဗွီဓာတ်အားပေးကွန်ရက်စနစ်အတွင်း ဓာတ်အားတည်ငြိမ်မှုကိုပါ ထိခိုက်ခဲ့ရပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြားမြို့၊ ရွာများတွင်ပါ ဗို့အားကျဆင်းခြင်း၊ ရံဖန်ရံခါ ဓာတ်အားပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကျိုးကျပျက်စီးခဲ့သည့် တာဝါတိုင် ၃၃၈ နေရာသို့ နယ်မြေလုံခြုံရေးအဖွဲ့များနှင့်အတူ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများသွားရောက်၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် PDF များအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















