■ မွန်ပြည်နယ်လွှတ်တော် လုံခြုံရေးတာဝန်ကျရဲတပ်သားတစ်ဦးကို ရေလုပ်သားအဖြစ် ရောင်းစားရန် ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် အမျိုးသားသုံးဦးအား လူကုန်ကူးမှုဥပဒေ အပါအဝင် ရာဇသတ်ကြီးပုဒ်မ လေးခုဖြင့် အမှုဖွင့်

■ မွန်ပြည်နယ်လွှတ်တော် လုံခြုံရေးတာဝန်ကျရဲတပ်သားတစ်ဦးကို ရေလုပ်သားအဖြစ် ရောင်းစားရန် ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် အမျိုးသားသုံးဦးအား လူကုန်ကူးမှုဥပဒေ အပါအဝင် ရာဇသတ်ကြီးပုဒ်မ လေးခုဖြင့် အမှုဖွင့်
Published 23 June 2026

မွန်ပြည်နယ်လွှတ်တော် လုံခြုံရေးတာဝန်ကျရဲတပ်သားတစ်ဦးကို ရေလုပ်သားအဖြစ် ရောင်းစားရန် ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် အမျိုးသားသုံးဦးအား လူကုန်ကူးမှုဥပဒေ အပါအဝင် ရာဇသတ်ကြီးပုဒ်မ လေးခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထိုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် ၁၉ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော် လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ရဲတပ်သား ဇော်ဝင်းထွန်းမှာ မော်လမြိုင်မြို့ တောင်ရိုးတန်းပေါ်ရှိ နဂါးမောက်စေတီတော်သို့ ဘုရားဖူး သွားရောက်ခဲ့ပြီး ရင်ပြင်တော်ပေါ်တွင် တစ်ဦးတည်းထိုင်နေစဉ် အမည်မသိ အမျိုးသားသုံးဦး ရောက်ရှိလာပြီး ၎င်းတို့နှင့် လိုက်ခဲ့ရန် ခေါ်ဆောင်ခဲ့ကြောင်းနှင့် ရဲတပ်သား ဇော်ဝင်းထွန်းမှ ၎င်းသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့်အတွက် မလိုက်နိုင်ကြောင်း ပြောပြရာ ထိုအမျိုးသားသုံးဦးအနက် တစ်ဦးက “ဘာရဲလဲ၊ ငါဗိုလ်မှူးပဲ” ဟု ပြောဆိုကာ ရဲတပ်သား ဇော်မင်းထွန်းအား နားရင်းနှစ်ချက်ရိုက်၍ အတင်းအဓမ္မချုပ်နှောင်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းဗိုလ်မှူးဆိုသူက ဆိုင်ကယ်မောင်းနှင်ပြီး နောက်မှတစ်ဦးက ညှပ်ထိုင်ကာ ခေါ်ဆောင်ခဲ့ပြီး ကျန်အမျိုးသားတစ်ဦးမှာ ဆိုင်ကယ်တစ်စီးဖြင့် သီးသန့်လိုက်လာခဲ့ကာ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့သို့ ခေါ်ဆောင်သွားခဲ့ကြောင်းနှင့် ည ၈ နာရီအချိန်ခန့်တွင် ကျိုက္ခမီမြို့ရှိ ရေလုပ်သားပွဲစားတစ်ဦးဖြစ်သူ မတင်ဇာလွင်ဆိုသူ၏ နေအိမ်သို့ အတင်းအဓမ္မပို့ဆောင်ခံခဲ့ရကြောင်း သိရသည်။

ထို့နောက် ရဲတပ်သားဇော်မင်းထွန်းက ဗိုလ်မှူးဆိုသူနှင့်အဖွဲ့က ပြောခိုင်းသည့် ကြိုတင်ငွေ ၁၂ သိန်းကျပ်အား ထုတ်ပေးရန် တောင်းခံရာမှ မတင်ဇာလွင်က မူမမှန်ကြောင်း ရိပ်မိပြီး ရဲတပ်သားဇော်မင်းထွန်းအား ကျိုက္ခမီရဲစခန်းသို့ ညွန်ပြပေးခဲ့ရာမှ ရဲစခန်းသို့ သွားရောက်ခဲ့ပြီး ရဲတပ်သားဇော်မင်းထွန်းက  ဖြစ်စဉ်အား တာဝန်ရှိသူထံ အသိပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျိုက္ခမီနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဆန်းကိုကိုဦး ဦးစီးသည့်အဖွဲ့မှ ရေလုပ်သားပွဲစားဖြစ်သူ မတင်ဇာလွင်၏ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာမှ တင်သန်းထံမှ ဦးတင်သန်း အမည်ပါ တပ်မတော်စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (မော်လမြိုင်) ၏ တပ်သားသစ်စုဆောင်းရေးတာဝန် (အကူ) စိစစ်ရေးကဒ်ပြား တစ်ခု (ယင်းကတ်ပြားအား အတုပြုလုပ်ထားခြင်းနှင့် မှန်ကန်ခြင်း ရှိ/မရှိ စိစစ်ဆဲ) တို့နှင့်အတူ ၈၂ ယ/၇၅၈၂၆ နံပါတ်ပါ HONDA CLICK 125 ဆိုင်ကယ်တစ်စီးနှင့် ၃၅ ယ/၃၄၇၈၄ နံပါတ်ပါ HONDA WAVE 110 ဆိုင်ကယ်တစ်စီးတို့အား တွေ့ရှိခဲ့ပြီး ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် ကျိုက္ခမီမြို့ရှိ နယ်မြေရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

၎င်းဖြစ်စဉ်မှ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ ဘူတာကြီးဝန်းနေ အသက် (၅၁) နှစ်အရွယ် တင်သန်း၊ မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာအုပ်စု၊ ဇော်ကုန်းကျေးရွာနေ အသက် (၄၆) နှစ်အရွယ် တင်မင်းထွဋ်နှင့် မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်၊ ဘူတာကြီးဝန်းနေ အသက် (၃၈) နှစ်အရွယ် ဖြိုးကိုကိုတို့ သုံးဦးအား ကျိုက္ခမီနယ်မြေရဲစခန်းတွင် (ပ) ၃၃/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၇၀/၃၃၂/၃၄၂/၁၁၄ ဖြင့် အမှုအရေးယူဆောင်ရွက်ထားသည့်အပြင် (ပ) ၃၂/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆/၄၄ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent