မြဝတံ - ​ကော့ကရိတ်လမ်းပိုင်းရှိ ကော့နွဲ့ဘေလီတံတားကို ကုန်တင်ယာဉ်တစ်စီး ဝင်တိုက်မိ၍ တံတားအချို့ ပျက်စီးသွားသဖြင့် ယာဉ်ကြီးများ ဖြတ်သန်းခွင့် ခေတ္တပိတ်ထား

မြဝတံ - ​ကော့ကရိတ်လမ်းပိုင်းရှိ ကော့နွဲ့ဘေလီတံတားကို ကုန်တင်ယာဉ်တစ်စီး ဝင်တိုက်မိ၍ တံတားအချို့ ပျက်စီးသွားသဖြင့် ယာဉ်ကြီးများ ဖြတ်သန်းခွင့် ခေတ္တပိတ်ထား
Published 22 June 2026

မြဝတီ-​ကော့ကရိတ် အာရှလမ်းသစ် ကော့ကရိတ်မြို့အနီး ကော့နွဲ့တံတားတွင် ဇွန် ၂၂ ရက် ​မွန်းလွဲပိုင်းက ကုန်တင်ယာဉ်ကြီးတစ်စီး ဝင်တိုက်မိခြင်း​ကြောင့် တံတာအချို့ပျက်စီးသွားကာ ကုန်တင်ယာဉ်သွားလာခွင်အား ယာယီရပ်ဆိုင်းထား​ကြောင်း သိရသည်။

ကုန်တင်ယာဉ်ကြီးသည် စက်ချို့ယွင်းကာ တံတားဘောင်များကို ဝင်ရောက်တိုက်မိခြင်းဖြစ်ပြီး တံတားဘောင်အချို့ ပျက်စီးသွားကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း ယာဉ်မောင်းများထံမှ သိရှိရသည်။

၂၀၂၆ခုနှစ် ဇွန် ၂၂ ရက်၊ မွန်းလွဲ ၃ နာရီ မိနစ် ၄၀ ခန့်တွင် မြဝတီမြို့မှ ဘားအံမြို့သို့ ယာဉ်မောင်း ဦးကျော်သူရ မောင်းနှင်လာသည့် ယာဉ်အမှတ် YGN 1J/8548 (၂၂ ဘီးကုန်တင်ယာဉ်) သည် ကော့ကရိတ်မြို့အနီးရှိ အရှည်ပေ (၃၀၀) ရှိသော ကော့နွဲ့နှစ်ထပ်ဘေလီတံတား (တံတားအမှတ်-၅/၈၉) အား ဖြတ်သန်းစဉ် စက်ချို့ယွင်းမှုဖြစ်ပွားကာ တံတားအား ဝင်ရောက်တိုက်ခိုက်မိခဲ့ခြင်းဖြစ်သည်။

ကုန်တင်ယာဉ် တိုက်မိမှုကြောင့် ကော့နွဲ့တံတား ဘေလီဘောင် (၂) ခု ပြတ်ထွက်သွားခြင်း၊ ဘေလီဘောင် (၄) ခု ကွေးညွှန်ပျက်စီးသွားခြင်း၊ Baily Support S3 ရှိ သစ်သား Crib အထိုင် အနည်းငယ် ရွှေ့လျားသွား​ကြောင်းလည်း သိရသည်။

​ဘေလီတံတားအား ကုန်တင်ယာဉ် တိုက်မိမှုဖြစ်ပွားပြီးနောက် ​ဒေါန​တောင်​ကျော်လမ်းပိုင်းတွင် ယာဉ်​ကြောပိတ်ဆို့မှုများ ရှိခဲ့သော်လည်း တာဝန်ရှိသူများ၏ အရေးပေါ် ရှင်းလင်းဆောင်ရွက်​ပေးမှုကြောင့် ယနေ့ညနေ ၅ နာရီခန့်မှစတင်ကာ ယာဉ်ငယ် (အိမ်စီးကားနှင့် အပေါ့စားယာဉ်များ) ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြိ ဖြစ်​သော်လည်း ပျက်စီးသွားသည့် ဘေလီဘောင်များနှင့် တံတားကြံ့ခိုင်မှုကို ပြန်လည်ပြင်ဆင်ရန်အတွက် နှစ်ရက်မှ သုံးရက်ခန့်အထိ ကြာမြင့်နိုင်ကြောင်း လမ်းဦးစီးဌာန၏ ခန့်မှန်းချက်အရ သိရသည်။

ယင်းသို့ ပြုပြင်မှုများ ဆောင်ရွက်နေစဉ်ကာလအတွင်း အဆိုပါ ကော့နွဲ့တံတားပေါ်မှ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့်ကို ခေတ္တပိတ်ပင်ထားမည်ဖြစ်ပြီး၊ ယာဉ်ငယ်များကိုသာ ဆက်လက်ဖြတ်သန်းခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

တံတားကြု့ခိုင်မှုပြန်လည်ပြင်ဆင်ပြီးလျှင် နယ်စပ်ကုန်သွယ်ယာဉ်များ ပုံမှန်သွားလာနိုင်မည်ဖြစ်သည်။

Photo CJ.

Most Read

Most Recent