တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆော့ယို၏ မာရှယ်လော စစ်အုပ်ချုပ်ရေးကြေညာမှုတွင် နိုင်ငံတော်ပုန်ကန်မှုမြောက်သည့် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ပြစ်မှုထင်ရှားတွေ့ရှိရပြီးနောက် တရားရေးဝန်ကြီးဟောင်း ပတ်ဆောင်ဂျယ်ကို ဇွန် ၂၂ ရက်တွင် ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်သည်။
အထူးစုံစမ်းစစ်ဆေးရေးမှူး ချိုအွန်ဆော့၏ အဖွဲ့က တောင်းဆိုထားသည့် ထောင်ဒဏ် အနှစ် ၂၀ ထက်ပင် ကျော်လွန်ကာ ဆိုးလ်ဗဟိုခရိုင်တရားရုံးက တရားရေးဝန်ကြီးဟောင်းကို ပြစ်ဒဏ်ကြီးလေးစွာ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သက်သေအထောက်အထားများ ဖျက်ဆီးနိုင်ခြေရှိသည်ဟုဆိုကာ တရားရုံးက ၎င်းကို ချက်ချင်းပင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
တောင်ကိုရီးယားတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်က သမ္မတဟောင်း ယွန်းဆော့ယို၏ စစ်အုပ်ချုပ်ရေးကြေညာချက် ထွက်ပေါ်လာပြီးနောက် ပတ်ဆောင်ဂျယ်က တရားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများကို အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့သည်။ အဆိုပါလုပ်ဆောင်ချက်ကြောင့် ၎င်းအား နိုင်ငံတော်ပုန်ကန်မှုတွင် အဓိကပါဝင်ပတ်သက်မှု၊ ရာထူးအာဏာအလွဲသုံးစားလုပ်မှု စသည့်စွဲချက်များဖြင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က တရားစွဲဆိုခဲ့သည်။
တရားခံသည် ပုန်ကန်မှု အောင်မြင်နိုင်သည်ဆိုသည့် အတွေးဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည့် ၎င်း၏တာဝန်ဝတ္တရားများကို သွေဖည်ကာ ပုန်ကန်မှုတွင်ပါဝင်ရန် ရွေးချယ်ခဲ့သည်ဟု ရုံးတော်စီရင်ချက်တွင် ထည့်ကြေညာခဲ့သည်။
သမ္မတဟောင်း ယွန်းဆော့ယိုသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာအတွင်း မြောက်ကိုရီးယားသို့ ဒရုန်းများလွှတ်ရန် ညွှန်ကြားခဲ့မှုဖြင့် တရားရုံးက နောက်ထပ်ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံထားရသည်။ တရားစွဲဆိုသူများ၏ အဆိုအရ ၎င်းသည် ထိုစဉ်က ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းများမှ လမ်းလွှဲရန်နှင့် စစ်အုပ်ချုပ်ရေးကြေညာရန် အကြောင်းပြချက် ဖန်တီးသည့်အနေဖြင့် မြောက်ကိုရီးယားကို ရန်စရန် ဒရုန်းစစ်ဆင်ရေးကို အမိန့်ပေးခဲ့ခြင်းဖြစ်သည်။သမ္မတဟောင်းသည် စစ်အုပ်ချုပ်ရေးကြေညာချက်ကြောင့် ထောင်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရပြီးဖြစ်သည်။















