ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိအသုံးပြုနေသည့် ဘေးတွဲဆိုင်ကယ်အစီးရေ ၈၀၀၀၀ ကျော်မှာ တရားဝင်တင်သွင်းခဲ့ခြင်းမရှိ၍ တရားဝင် မှတ်ပုံတင်ပေး၍ မရကြောင်းနှင့် ၎င်းတို့အစား တရားဝင် တင်သွင်းခွင့်ပြုထားသည့် သုံးဘီးဆိုင်ကယ်များ အစားထိုးတင်သွင်းလာပါက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ၏ ဥပဒေနှင့်အညီ ခွင့်ပြုချက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။
ယနေ့ (ဇွန် ၂၂ ရက်) ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဦးမင်းသိန်းထွန်းက လွန်ခဲ့သည့် ရှစ်နှစ်ခန့်မှ ရန်ကုန်မြို့တွင် ပြေးဆွဲသွားလာနေသော ဘေးတွဲယာဉ်နှင့် ယာဉ်မောင်းများကို တရားဝင် လိုင်စင်ထုတ်ပေး၍ စနစ်တကျ သွားလာခွင့်ပြုရန် အစီအစဉ်ရှိ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးတွဲဆိုင်ကယ် ခန့်မှန်းအစီးရေ ၈၂၃၅၄ စီးခန့် အသုံးပြုပြေးဆွဲနေ သော်လည်း တရားဝင်တင်သွင်းခဲ့ခြင်းမရှိ၍ တရားဝင်မှတ်ပုံတင်ပေး၍ မရပါကြောင်း၊ ရန်ကုန်ုတိုင်း ဒေသကြီးအတွင်း သုံးဘီးဆိုင်ကယ်အစီးရေ ၇၂၆၀ စီးရှိပြီး အဆိုပါစာရင်းမှာ Baja၊ ဒေါင်ဖန်း စသည့် သုံးဘီးအမျိုးအစားများလည်း ပါဝင်ကြောင်း၊ ရိုးရိုးသုံးဘီးဆိုင်ကယ်များအား (ခ) ယာဉ်မောင်းလိုင်စင်ဖြင့် မောင်းနိုင်ခွင့်ပြုပြီး ၁၇၃၉ ဦးအား လိုင်စင်ထုတ်ပေးပြီးဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။
“ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်အစီးရေ ၈၂၃၅၄ စီးအစား တရားဝင်တင်သွင်းခွင့်ပြုထားသည့် အထက်ဖော်ပြပါ သုံးဘီးဆိုင်ကယ်များ အစားထိုးတင်သွင်းလာပါက ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်များ ကညန၏ ဥပဒေနဲ့အညီ ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ပြန်လည် ဖြေကြားအပ်ပါတယ်”ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်ပမှတင်သွင်းသော မော်တော်ဆိုင်ကယ်များနှင့် ပြည်တွင်း၌ SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ဆိုင်ကယ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် သတ်မှတ်အထောက်အထားများ ပြည့်စုံပါက မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ် ဧပြီလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ဆိုင်ကယ် ၁၁၈၉၈၈ စီးနှင့် သုံးဘီးတပ်ယာဉ်၊ သုံးဘီးဆိုင်ကယ် ၇၂၆၀ စီးအား မှတ်ပုံတင်ပေးခဲ့ကာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်းမှအပ တစ်နိုင်ငံလုံးတွင် မောင်းနှင်နိုင်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။
ဘေးတွဲဆိုင်ကယ်များကို ၂၀၁၃ ခုနှစ်ခန့်က ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့များနှင့် ပင်လယ်ကမ်းခြေဒေသများတွင် ပစ္စည်းသယ်ယူခြင်းအတွက် စတင်သုံးစွဲခဲ့ပြီး နယ်မြေနီးစပ်မှုရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့များ၏ ဆင်ခြေဖုံနေရာများသို့ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း၊ ယခင် လူစီးဆိုက္ကားနေရာတွင် လူစီးဘေးတွဲ မော်တော်ဆိုင် ကယ်အဖြစ်လည်းကောင်း၊ ကုန်တင်တွန်းလှည်းနေရာတွင် လူစီးဘေးတွဲ မော်တော်ဆိုင်ကယ် အဖြစ်လည်း ကောင်း ဒေသန္တရအလုပ်ရုံ ဝပ်ရှော့များမှာ တရားမဝင်ပြုပြင်၍ အစားထိုးပြောင်းလဲသုံးစွဲလာခဲ့ကြကြောင်း သိရသည်။















