အမေရိကန်နှင့် အီရန်ကြား သဘောတူညီချက်ကို ဝေဖန်ခြင်းမပြုရန် အမေရိကန်ဒုသမ္မတဂျေဒီဗန့်စ်က အစ္စရေးကို ဇွန် ၁၈ ရက်တွင် သတိပေးခဲ့သည်။
အစ္စရေးနိုင်ငံ၏ ဝေဖန်ရေးသမားများအနေဖြင့် ကမ္ဘာပေါ်တွင် ၎င်းတို့အတွက် ကျန်ရှိနေသည့် တစ်ခုတည်းသော အင်အားကြီးမဟာမိတ်နိုင်ငံနှင့် ဆက်ဆံရေးအလှမ်းဝေးသွားအောင် မလုပ်ကြရန် ဗန့်စ်က ပြင်းထန်စွာ သတိပေးခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ဗန့်စ်က နေတန်ယာဟု၏ အစိုးရအဖွဲ့ဝင်များကို အိပ်ရာကနိုးထပြီး ပကတိအခြေအနေကို ရှုမြင်သုံးသပ်ကြရန် ပြောကြားခဲ့သည်။
"အခုလို အချိန်အခါမျိုးမှာ ဒေါ်နယ် ဂျေ ထရန့်ဟာ အစ္စရေးနိုင်ငံအပေါ် စာနာနားလည်မှုရှိတဲ့ တစ်ကမ္ဘာလုံးက တစ်ဦးတည်းသော နိုင်ငံတော်အကြီးအကဲ ဖြစ်ပါတယ်။ ပြီးတော့ သူက ကမ္ဘာ့အင်အားအကြီးဆုံး စူပါပါဝါနိုင်ငံရဲ့ အကြီးအကဲလည်း ဖြစ်နေပါတယ်။ကျွန်တော်သာ အစ္စရေးအစိုးရအဖွဲ့ထဲမှာ ရှိနေရင် ကမ္ဘာပေါ်မှာ ကျွန်တော့်အတွက် ကျန်ရှိတော့တဲ့ တစ်ခုတည်းသော အင်အားကြီးမားတဲ့ မိတ်ဖက်နိုင်ငံကို ဝေဖန်တိုက်ခိုက်နေမှာ မဟုတ်ပါဘူး" ဟု အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဗန့်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုကိုယ်တိုင် အဆိုပါသဘောတူညီချက်ကို ဝေဖန်ခြင်းမပြုခဲ့သည့်အပေါ် ဗန့်စ်က အသိအမှတ်ပြုခဲ့သော်လည်း အစ္စရေးနိုင်ငံကို အမေရိကန်က ပံ့ပိုးပေးနေသည့် စစ်ရေးအကူအညီများကို အတိအလင်း ထောက်ပြပြောဆိုခဲ့သည်။
အမေရိကန်နှင့် အစ္စရေးသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အီရန်ကို စတင်တိုက်ခိုက်ခဲ့သော်လည်း လက်ရှိ အမေရိကန်နှင့် အီရန်ကြား ရရှိထားသည့် သဘောတူညီချက်ကို ပျက်ပြားသွားစေနိုင်သည့် လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို ထရန့်က ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခဲ့သည်။
"ပြီးခဲ့တဲ့ သုံးလတာကာလအတွင်း ခင်ဗျားတို့ရဲ့ နိုင်ငံကို ကာကွယ်ပေးခဲ့တဲ့ လက်နက်တွေရဲ့ သုံးပုံနှစ်ပုံဟာ အမေရိကန်တွေရဲ့ လက်နဲ့ ထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးနဲ့ စိုက်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်" ဟု ဗန့်စ်က ထပ်လောင်းပြောကြားခဲ့သည်။
"အစ္စရေးအတွက် ပြဿနာက ဒေါ်နယ် ထရန့် မဟုတ်ပါဘူး။ အစ္စရေးမှာရှိတဲ့ ဘယ်သူမဆို သူတို့ရဲ့ အကြီးမားဆုံးပြဿနာဟာ အမေရိကန်သမ္မတလို့ တွေးနေမယ်ဆိုရင် အိပ်ရာကနိုးထပြီး အခြေအနေမှန်ကို ရှုမြင်သုံးသပ်ဖို့ လိုအပ်နေပါပြီ" ဟု ၎င်းက ပြောကြားခဲ့သည်။
ဇွန် ၁၈ ရက်က ထုတ်ဝေခဲ့သည့် New York Times သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ဗန့်စ်က အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂီဗာနှင့် ဘဏ္ဍာရေးဝန်ကြီး ဘီဇာရယ် စမောထရစ်ချ်တို့သည် အမေရိကန်-အီရန် သဘောတူညီချက်ကို တိုက်ခိုက်ဝေဖန်ခဲ့ကြသူများဖြစ်ကြောင်း တိုက်ရိုက်အမည်တပ်၍ ပြောကြားခဲ့သည်။
"သူတို့ကို ကျွန်တော် ပြန်ပြောချင်တာကတော့ ခင်ဗျားတို့ရဲ့ အတိအကျ ပြောချင်နေတာက ဘာလဲ။ ခင်ဗျားတို့ဟာ လူဦးရေ ကိုးသန်းပဲရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ခင်ဗျားတို့ဆီမှာ ရှိနေသမျှ အမျိုးသားလုံခြုံရေးပြဿနာတိုင်းကို လူသတ်တဲ့နည်းလမ်းတစ်ခုတည်းနဲ့ပဲ ဖြေရှင်းလို့ မရနိုင်ပါဘူး" ဟု ဗန့်စ်က New York Times ကို ပြောကြားခဲ့သည်။
ထရန့်ကိုယ်တိုင်လည်း အစ္စရေး၏ တိုက်ခိုက်မှုများ၊ အထူးသဖြင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့အား တိုက်ခိုက်မှုများကြောင့် သေဆုံးသူ အရေအတွက် မြင့်မားလာခြင်းအပေါ် ဝေဖန်ပြစ်တင်ခဲ့သည်။
Ref:AFP















