■ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများကို ဆွေးနွေး
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကိုယ်စားလှယ်အဖွဲ့နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ ဇွန် ၁၇ ရက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇွန် ၁၇ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကိုယ်စားလှယ်အဖွဲ့က အထူးဒေသ(၄) သို့ ရောက်ရှိခဲ့ကြရာ အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဌ ဦးထိန်လင်း ဦးဆောင်သည့် ခေါင်းဆောင်အစုအဖွဲ့က လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
ထို့နောက် NSPNC နှင့် NDAA တို့ အလွတ်သဘော တွေ့ဆုံရာတွင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေး စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဥ်ကို အဓိက ဦးစားပေးပြီး၊ အထူးဒေသ(၄) အပါအဝင် အခြားသော သက်ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားကြောင်း၊ အစိုးရအနေဖြင့် အဖွဲ့အစည်းများအကြားရှိ အပြန်အလှန် နားလည်ယုံကြည်မှုကို ပွင့်လင်းသော ဆက်ဆံဆွေးနွေးမှုများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ညှိနှိုင်းမှုများမှတစ်ဆင့် တဖြည်းဖြည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NSPNC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် NDAA ဥက္ကဌ ဦးထိန်လင်းကလည်း အထူးဒေသ(၄) အနေဖြင့် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအရေး၊ ပညာရေးကဏ္ဍ မြှင့်တင်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝ တည်ငြိမ်အေးချမ်းရေးတို့အပေါ် ထားရှိသည့် နိုင်ငံတော်၏ သဘောထား လမ်းညွှန်ချက်များကို ထောက်ခံလျက်ရှိကြောင်း၊ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဖြစ်စဥ်တိုင်းတွင်လည်း အပြုသဘောဆောင် တက်ကြွစွာ ပါဝင်ပြီး၊ နယ်စပ်ဒေသ ရေရှည် တည်ငြိမ်အေးချမ်းရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နှစ်ဦးနှစ်ဖက်လုံးအနေဖြင့် အပြန်အလှန် နားလည်ယုံကြည်မှု တိုးမြှင့်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် မြှင့်တင်ရေးတို့အပြင် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်တက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အစားထိုးသီးနှံ စိုက်ပျိုးရေး၊ ယဥ်ကျေးမှုနှင့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးနှင့် ဆေးဝါးကုသရေးကဏ္ဍ စသည့် အကြောင်းအရာများအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အထူးဒေသ (၄) အနေဖြင့်လည်း ဥက္ကဌဟောင်း ဦးစိုင်းလင်းချမှတ်ခဲ့သော “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဟူသည့် ပင်မလမ်းစဥ်အတိုင်း ဆက်လက် ခိုင်မာစွာ လျှောက်လှမ်း၍ တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး နိုင်ငံရေးရည်မှန်းချက်ကို စွဲမြဲစွာ ဆုပ်ကိုင်ကာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို စဥ်ဆက်မပြတ် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့် လုပ်ငန်းကိစ္စရပ် အသီးသီးတို့တွင်လည်း အဆက်ဆက် အပြုသဘောဆောင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကာ ဒေသတွင်းရှိ တိုင်းရင်းသားလူမျိုးစု ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း NDAA က ထုတ်ပြန်ခဲ့သည်။















