■ သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာ အနီးတွင် လက်ပြန်ကြိုးတုပ်လျှက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦးမှာ ဖုန်းတာဝါတိုင်ပြုပြင်သူများဖြစ်သည်ဟု သိရ

■ သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာ အနီးတွင် လက်ပြန်ကြိုးတုပ်လျှက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦးမှာ ဖုန်းတာဝါတိုင်ပြုပြင်သူများဖြစ်သည်ဟု သိရ
Published 21 May 2026

သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာ အနီးတွင် လက်ပြန်ကြိုးတုပ်လျှက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦးမှာ ဖုန်းတာဝါတိုင်ပြုပြင်သူများဖြစ်သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

လက်ပြန်ကြိုးတုပ်လျှက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦးမှာ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ တောရကျောင်းလမ်းတွင် အိမ်ငှားရမ်းနေထိုင်ကြသည့် အသက် (၃၃) နှစ်အရွယ် ကိုမိုးမင်းသန့် (MPT ဖုန်းတာဝါတိုင် စက်ပြင်) နှင့် အသက် (၂၉) နှစ်အရွယ် ကိုမိုးမြင့်ထက် (တာဝါတိုင်အထက်ပိုင်း စက်ပြင်) တို့ဖြစ်ကြကြောင်း သိရသည်။

၎င်းတို့နှစ်ဦးမှာ မေလ (၁၉) ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်ခန့်က Honda Insight အမျိုးအစား မော်တော်ယာဉ်ဖြင့် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာရှိ တာဝါတိုင်ရှိ မီးစက်ပြုပြင်ရန်သွားရောက်ခဲ့ကြရမှ ပြန်လည်ရောက်ရှိလာခြင်းမရှိတော့ကြောင်း နှင့် ယမန်နေ့ မေလ (၂၀) ရက်နေ့နံနက်ပိုင်းမှသာ ၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းများအား သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာအနီး သံဖြူဇရပ် - ကရုပ္ပိ - ထင်းရူး - အနင်းကားလမ်းဘေးတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မနေ့ကရုပ်အလောင်းတွေ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံကို ရောက်လာတော့ သက်ဆိုင်ရာက ကိုမိုးမင်းသန့် ရဲ့ ဇနီးသည်ဖြစ်ကိုခေါ်ယူပြီး အတည်ပြုချက်ရယူခဲ့တာလို့ သိရပါတယ်။ သူတို့ စီးနင်းသွားတဲ့ Honda Insight အမျိုးအစား မော်တော်ယာဉ် ကတော့ ပျောက်ဆုံးနေဆဲလို့ သိရပါတယ်” ဟု ပြောကြားသည်။

ကိုမိုးမင်းသန့်၏ ရုပ်အလောင်းတွင် အနီရောင်ကြိုးဖြင့်လက်ပြန်ကြိုးတုပ်လျက် ဆီးခုံကျည်ဖောက်ဝင်ဒဏ်ရာ (၁) ရက်၊ ဘယ်ဘက်ပေါင်ရင်း ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဦးခေါင်းဝဲဘက်ခြမ်းတွင်  (၃) လက်မခန့် ပြဲရှပ်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်ပါး ဖူးရောင်ညိုမဲ ဒဏ်ရာများတွေ့ရှိရပြီး၊ ကိုမိုးမြင့်ထက် ၏ ရုပ်အလောင်းတွင် အဝါရောင်ကြိုးဖြင့် လက်ပြန်ကြိုးတုပ်လျက် ညာဘက်မျက်ခုံး (၁) လက်မခန့် ပေါက်ပြဲဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်လည်ပင်းအောက်နား ကျည်ဖောက်ဝင်ပြီး ညာဘက်ရင်အုံအောက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ညာဘက်ပေါင် ကျည်ဖာက်ဝင်ဒဏ်ရာ (၁) ချက်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သံဖြူဇရပ်မြို့မရဲစခန်းတွင် (ပ) ၆၀/၂၀၂၆၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၄ အရ အမှုဖွင့်ထားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မေလ (၁၄) ရက်နေ့ နံနက်ပိုင်းကလည်း သံဖြူဇရပ်မြို့နယ် မရှိခဏဘုရားအနီး  သံဖြူဇရပ် - ရေးကားလမ်းဘေး တွင် လက်ပြန်ကြိုးတုပ်လျှက် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြသည့် အမျိုးသား သုံးဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရသေးကြောင်း သိရသည်။

Most Read

Most Recent