လိုင်စင်သက်တမ်းတိုးသည့် ဆိုင်ကယ်များ ဘေးတွဲတပ်ဆင်အသုံးမပြုရန် ခံဝန်ထိုးရ၊ မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သက်တမ်းတိုးသည့် ဆိုင်ကယ်များအနေဖြင့် ဘေးတွဲတပ်ဆင်အသုံးမပြုရန် ခံဝန်ရေးထိုးခိုင်းခြင်းဖြစ်သည်ဟု မော်တော်ယာဥ်လိုင်စင်သက်တမ်းဝန်ဆောင်မှုပေးသူအချို့က ပြောကြားသည်။
လိုက်နာခြင်းမရှိသည့် ဆိုင်ကယ်များကို ၂၀၂၀ ပြည့်နှစ် ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ပုဒ်မ ၉၅နှင့် ပုဒ်မ ၉၆အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ကညနက ထုတ်ပေးသည့် ဝန်ခံကတိပြုလွှာတွင် ရေးသားဖော်ပြထားသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်အများစုတွင် ပြေးဆွဲလျက်ရှိသည့် ဘေးတွဲဆိုင်ကယ်အများစုမှာ လိုင်စင်မဲ့ ဆိုင်ကယ်များဖြစ်ကြောင်း သိရသည်။
ဇွန် ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဦးမင်းသိန်းထွန်းက လွန်ခဲ့သည့် ရှစ်နှစ်ခန့်မှ ရန်ကုန်မြို့တွင် ပြေးဆွဲသွားလာနေသော ဘေးတွဲယာဉ်နှင့် ယာဉ်မောင်းများကို တရားဝင် လိုင်စင်ထုတ်ပေး၍ စနစ်တကျ သွားလာခွင့်ပြုရန် အစီအစဉ်ရှိ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြန်လည်ဖြေကြားရာ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိအသုံးပြုနေသည့် ဘေးတွဲဆိုင်ကယ်အစီးရေ ၈၀၀၀၀ ကျော်မှာ တရားဝင်တင်သွင်းခဲ့ခြင်းမရှိ၍ တရားဝင် မှတ်ပုံတင်ပေး၍ မရကြောင်းနှင့် ၎င်းတို့အစား တရားဝင် တင်သွင်းခွင့်ပြုထားသည့် သုံးဘီးဆိုင်ကယ်များ အစားထိုးတင်သွင်းလာပါက ကညန ဥပဒေနှင့်အညီ ခွင့်ပြုချက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဘေးတွဲဆိုင်ကယ်များကို ၂၀၁၃ ခုနှစ်ခန့်က ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့များနှင့် ပင်လယ်ကမ်းခြေဒေသများတွင် ပစ္စည်းသယ်ယူခြင်းအတွက် စတင်သုံးစွဲခဲ့ပြီး နယ်မြေနီးစပ်မှုရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့များ၏ ဆင်ခြေဖုံနေရာများသို့ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း၊ ယခင် လူစီးဆိုက္ကားနေရာတွင် လူစီးဘေးတွဲ မော်တော်ဆိုင် ကယ်အဖြစ်လည်းကောင်း၊ ကုန်တင်တွန်းလှည်းနေရာတွင် လူစီးဘေးတွဲ မော်တော်ဆိုင်ကယ် အဖြစ်လည်း ကောင်း ဒေသန္တရအလုပ်ရုံ ဝပ်ရှော့များမှာ တရားမဝင်ပြုပြင်၍ အစားထိုးပြောင်းလဲသုံးစွဲလာခဲ့ကြကြောင်း သိရသည်။















