အသက် ၆၀ ကျော်အမေရိကန်နိုင်ငံသားအချို့သည် ကျောင်းသားချေးငွေများ ပြန်လည်ပေးဆပ်ရန် အကြွေးတင်နေဆဲဖြစ်ကြောင်း The Wall Street Journal သတင်းစာက ဖော်ပြခဲ့သည်။
Education Data Initiative ၏ မကြာသေးမီက လေ့လာမှုတစ်ရပ်အရ ပျမ်းမျှ အသက် ၆၂ နှစ်မှ ၈၀ နှစ်ကြား အမေရိကန်နိုင်ငံသားအချို့တွင် တစ်ဦးလျှင် ဖက်ဒရယ်ကျောင်းသားချေးငွေ အမေရိကန်ဒေါ်လာ ၄၂၇၈၀ ပေးဆပ်ရန် အကြွေးတင်နေကြောင်း ဖော်ပြခဲ့သည်။
အသက် ၇၁ နှစ်အရွယ်ရှိ မိန်းပြည်နယ် အော်ဘန်းမြို့မှ ရောဘတ် လီအမည်ရှိ အမျိုးသားတစ်ဦးသည် လွန်ခဲ့သော ၂၉ နှစ်က ၎င်း၏ကလေးများ၏ ပညာရေးအတွက် ရယူခဲ့သည့် ကျောင်းသားချေးငွေ ဒေါ်လာ ၆၆၀၀၀ အနက် ဒေါ်လာ ၅၁၀၀၀ ကို ယခုတိုင် ပေးဆပ်ရန် ကျန်ရှိနေသေးကြောင်း Wall Street Journal သတင်းစာက ဇွန် ၃၀ ရက်တွင် ဖော်ပြခဲ့သည်။
ကောလိပ်ကျောင်းသားချေးငွေ အမေရိကန်ဒေါ်လာ ထောင်နှင့်ချီ သို့မဟုတ် သောင်းနှင့်ချီ ပေးဆပ်ရန် ကျန်ရှိနေသေးသည့် အခြေအနေကြောင့် အလုပ်မှအနားယူရမည့် အသက်အရွယ်သို့ နီးကပ်လာချိန်တွင် ချေးငွေပြန်လည်ပေးဆပ်ရန်အတွက် နောက်ဆက်တွဲ ပြဿနာများ ရှိလာခဲ့သည်။
၂၀၂၆ ခုနှစ်၏ ပျမ်းမျှ လူမှုဖူလုံရေးခံစားခွင့်သည် ၂၀၇၁ ဒေါ်လာဖြစ်ပြီး ယင်းငွေကြေးများအနက် ပျမ်းမျှ ဒေါ်လာ ၃၉၀ ကျောင်းသားချေးငွေပြန်လည်ပေးဆပ်နေရသည်။
အလုပ်သမားစာရင်းအင်းဗျူရို (Bureau of Labor Statistics) ၏ အဆိုအရ အလုပ်မှ အနားယူသွားသည့် အငြိမ်းစားတစ်ဦးအတွက် လကုန်ချိန်တွင် ပျမ်းမျှ လက်ကျန်ငွေသည် ၃၃၆ ဒေါ်လာသာ ကျန်ရှိတော့ကြောင်း ဖော်ပြထားသည်။
ဖက်ဒရယ် ကျောင်းသားချေးငွေစနစ်သည် ချေးငွေဝန်ဆောင်မှုလုပ်ငန်း ယန္တရားများ၊ ပြန်လည်ပေးဆပ်မှု အစီအစဉ်များနှင့် ချေးငွေလျှော်ပေးသည့် အစီအစဉ်များကို အကြီးစားပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်အတွင်း စီမံခန့်ခွဲရန် အလွန်ခက်ခဲသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။
Education Data Initiative ၏ အဆိုအရ ၂၀၂၅ ခုနှစ်အတွင်း ကျောင်းသားချေးငွေ လျှောက်ထားမှုများ၏ ၉၃ ရာခိုင်နှုန်းအထိ ပယ်ချခံခဲ့ရသဖြင့် ဖက်ဒရယ်ချေးငွေ လျှော်ပစ်ခွင့် ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင် ရှိခဲ့သည်။
မိမိတို့ အငြိမ်းစားယူမည့်အချိန်တွင် ချေးငွေများ လျှော်ပစ်ခွင့်ရလိမ့်မည်ဟု မျှော်လင့်ထားကြသူများအတွက်မူ လျှောက်လွှာပယ်ချခံရခြင်းကြောင့် ချေးငွေများပြန်လည်ပေးဆပ်ရတော့မည်ဖြစ်သဖြင့် ၎င်းတို့၏ အငြိမ်းစားဘဝအတွက် ကြိုတင်မမျှော်မှန်းထားသော အသုံးစရိတ်တစ်ခု တိုးလာစေခြင်းပင် ဖြစ်သည်။
အမေရိကန် ပညာရေးဝန်ကြီးဌာန၏ SAVE အမည်ရှိ ကျောင်းသားချေးငွေ ပြန်လည်ပေးဆပ်မှုအစီအစဉ်ကို ပယ်ဖျက်လိုက်ခြင်းကြောင့် ကောလိပ်ဘွဲ့ရရှိထားသည့် ချေးငွေရယူထားသူများအတွက် တစ်လလျှင် ပြန်လည်ပေးဆပ်ရမည့်ပမာဏသည် ၂၄၄ ဒေါ်လာအထိ မြင့်တက်လာနိုင်ကြောင်း ကျောင်းသားချေးငွေရယူထားသူများ ကာကွယ်စောင့်ရှောက်ရေးစင်တာ၏ အမှုဆောင်ဒါရိုက်တာ မိုက် ပီယာ့စ်က ၂၀၂၅ ခုနှစ် ဇွန်လအတွင်း အထက်လွှတ်တော်သို့ ပေးပို့သည့် စာတစ်စောင်တွင် ခန့်မှန်းတွက်ချက်ပြခဲ့သည်။
SAVE အမည်ရှိ ကျောင်းသားချေးငွေပြန်လည်ပေးဆပ်မှုအစီအစဉ်သည် ဝင်ငွေနှင့် မိသားစုအရေအတွက်ကို တွက်ချက်ပြီး လစဉ်ချေးငွေပြန်လည်ပေးဆပ်ရမည့် ပမာဏကို သတ်မှတ်ခြင်းဖြစ်ပြီး လက်ရှိတွင် ထိုအစီအစဉ်ကို ပယ်ဖျက်လိုက်ပြီဖြစ်သည်။
ထိုအခြေအနေသည် အလုပ်မှ အနားယူသွားသည့် သာမန် အငြိမ်းစားဝန်ထမ်းများအတွက် သတင်းဆိုးတစ်ခုဖြစ်ပြီး အမေရိကန်ရှိ ပြည်နယ် ၅၀ အနက် ၄၁ ပြည်နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ စုဆောင်းငွေများသည် ကုန်ဆုံးသွားမည့်အခြေအနေရှိကြောင်း သက်ကြီးရွယ်အို စောင့်ရှောက်ရေးရှေ့ဆောင်အဖွဲ့ဖြစ်သည့် CareScout ၏ လေ့လာတွေ့ရှိချက်အရ သိရသည်။
Ref: The Independent
Photos- AFP/AP















