ဒီအာကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါ ဖြစ်ပွားကြောင်း ကြေညာပြီး တစ်လကျော် အကြာတွင် သေဆုံးသူဦးရေ ၃၀၀ ကျော် ရှိ လာပြီဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ခန္ဓာကိုယ်မှ ထွက်သော အရည်များနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်တတ်သည့် အဆိုပါ သေစေနိုင်သောအီဘိုလာ ဗိုင်းရပ်စ်ပိုးသည် ပြင်းထန်စွာ သွေးယိုစီးခြင်း နှင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းတို့ကို ဖြစ်စေနိုင်သည်။
မေလ ၁၅ ရက်နေ့က ရောဂါကူးစက်မှုကို စတင်တွေ့ရှိခဲ့ရပြီးနောက်ပိုင်း ဒီအာကွန်ဂိုနိုင်ငံတွင် ရောဂါပိုးကူးစက်ခံရကြောင်း အတည်ပြုထားသူ ၁၁၁၅ ဦးအနက် လူနာ ၃၀၄ ဦး သေဆုံးသွားပြီဖြစ်ရာ သေဆုံးမှုနှုန်းမှာ ၂၆ ဒသမ ၃ ရာခိုင်နှုန်း ရှိနေကြောင်း အမျိုးသားပြည်သူ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့ သည်။ထိုပမာဏသည် ဇွန်လ ၁၈ ရက်နေ့က အာဖရိကသမဂ္ဂ၏ ကျန်းမာရေးအေဂျင်စီက အတည်ပြုခဲ့သည့် ကူးစက်ခံရသူ ၈၇၅ ဦးအနက် သေဆုံးသူ ၂၀၂ ဦး (သေဆုံးမှုနှုန်း ၂၃ ရာခိုင်နှုန်း) ရှိခဲ့ရာမှ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။
အဆိုပါ အီဘိုလာရောဂါ ကူးစက်မှုသည် အဆိုးရွားဆုံးအခြေအနေသို့ မရောက်ရှိသေးဘဲ ထိန်းချုပ်နိုင်ရန် တစ်နှစ်ခန့်အထိ ကြာမြင့်နိုင်ကြောင်း ကြက်ခြေနီအဖွဲ့က ပြီးခဲ့သည့်အပတ်တွင် သတိပေးခဲ့သည်။
ရှားရှားပါးပါး သတင်းကောင်းတစ်ခုအနေဖြင့် ဒီအာကွန်ဂိုအာဏာပိုင်များက အီဘိုလာလူနာအချို့ကို ကုသပေးနိုင်ခဲ့ပြီး ရောဂါပျောက်ကင်းသွားပြီဖြစ်ကြောင်း ဇွန်လအစောပိုင်းတွင် ကြေညာခဲ့သည်။
နယ်နိမိတ်ကျယ်ပြောပြီး မတည်မငြိမ် ဖြစ်နေသော ဒီအာကွန်ဂိုတွင် ၁၇ ကြိမ် မြောက်အဖြစ် ကြုံတွေ့နေရသည့် ယခုကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်နေကြရသူများသည် ကြီးမားလှသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်သည့် ဒီအာကွန်ဂိုနိုင်ငံတွင် လက်ရှိကူး စက်ပြန့်ပွားမှုကို ဖြစ်ပွားစေသော ဗိုင်းရပ်စ်၏ Bundibugyo မျိုးစိတ်အတွက် အတည်ပြုထားသည့် ကာကွယ်ဆေး သို့မဟုတ် ကုသဆေးမျိုး လုံဝမရှိသေးပေ။
ရောဂါကူးစက်မှုဒဏ်ကိုခံနေရသော ကွန်ဂိုအရှေ့ပိုင်းရှိ ပြည်နယ်သုံးခုဖြစ်သည့် အီတူရီ၊ မြောက်ကီဗူးနှင့် တောင်ကီဗူးတို့သည် ဆယ်စုနှစ် သုံးခုကြာအောင် ပဋိပက္ခများနှင့် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရမှုဒဏ် များကို ခံစားနေရသဖြင့် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများကို ပိုမိုရှုပ်ထွေးခက်ခဲစေသည်။အဆိုပါ ရောဂါကူးစက်မှုသည် အိမ်နီးချင်း ယူဂန်ဒါနိုင်ငံသို့လည်း ပြန့်နှံ့သွားခဲ့သော်လည်း ထိုနိုင်ငံတွင်မူ ရောဂါထိန်းချုပ်ရေးအစီအမံများက ထိရောက်မှုရှိခဲ့ကြောင်း သိရသည်။
ယူဂန်ဒါနိုင်ငံတွင် မေလ ၁၅ ရက်နေ့ကတည်းက စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါပိုးကူးစက်ခံရသူ ၂၀ ဦးရှိ ကြောင်း အစီရင်ခံထားပြီး ၎င်းတို့အနက် ၂ ဦး သေဆုံးခဲ့သည်။ ကူးစက်ခံရသူအများစုမှာ ယူဂန်ဒါနိုင်ငံသို့ ခရီးသွားလာခဲ့ကြသည့် ဒီအာကွန်ဂိုနိုင်ငံသားများ ဖြစ်ကြသည်။
ဇွန် ၂၄ ရက်တွင် အာဖရိကတိုက်ပြင်ပတွင် ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်နိုင်ငံ၌ အီဘိုလာ ရောဂါပိုးကူးစက်ခံရသူတစ်ဦးကို အတည်ပြုတွေ့ရှိခဲ့ပြီး ၎င်းသည် ဒီအာကွန်ဂိုတွင် နိုင်ငံတကာ ဆေးဘက်ဆိုင်ရာကယ် ဆယ်ရေးအဖွဲ့တစ်ခုတွင် အလုပ်လုပ်ခဲ့သည့် ကွန်ဂိုလူမျိုး ဆရာဝန်တစ်ဦးဖြစ်သည်။
Ref:AFP















