သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေး နှစ်ပေါင်း ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ၎င်း၏ ရုပ်ပုံပါဝင်သည့် အကန့်အသတ်နဲ့သာ ထုတ်ပေးမည့် အမေရိကန် ပတ်စ်ပို့စာအုပ်အသစ်၏ ပုံစံကို ဇွန် ၂၆ ရက်က ထုတ်ဖော်ပြသခဲ့သည်။
" 'ကြိုဆိုပါတယ်၊ ဒါပေမဲ့ လိမ္မာပါ' လို့ ရေးထားတဲ့ အမေရိကန်ရဲ့ ပတ်စ်ပို့အသစ်ပါ" ဟု ထရန့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် ပတ်စ်ပို့ပုံနှင့်တကွ ပို့စ်တင်ပြီး ရေးသားဖော်ပြခဲ့သည်။
အဆိုပါပုံတွင် ထရန့်က စားပွဲခုံကို လက်ထောက်ပြီး စူးစိုက်ကြည့်နေသည့် ၎င်း၏ ရုပ်ပုံနှင့် ၎င်း၏ လက်မှတ်တို့ ပါဝင်ပြီး နောက်ခံတွင် လွတ်လပ်ရေးကြေညာစာတမ်းစာသားကို ဖော်ပြထားသည်။
ယင်းပုံသည် အိမ်ဖြူတော် ဓာတ်ပုံဆရာ ဒန်နီရယ် တိုရော့ခ် ရိုက်ကူးခဲ့သည့် ဓာတ်ပုံကို အခြေခံထားခြင်း ဖြစ်ပုံရသည်။
တစ်ဖက်စာမျက်နှာတွင်မူ ၁၇၇၆ ခုနှစ်က လွတ်လပ်ရေးကြေညာစာတမ်း လက်မှတ်ရေးထိုးပွဲကို သရုပ်ဖော်ထားသည့် ပန်းချီကားတစ်ချပ်၏ ရုပ်ပုံနှင့်အတူ "United States of America 250" ဟူသော စာသားကို ဖော်ပြထားသည်။
အိမ်ဖြူတော်ကလည်း အဆိုပါပတ်စ်ပို့ပုံစံငယ်ကို မျိုးချစ်ပတ်စ်ပို့ (PATRIOT PASSPORT) ဟူသည့် စာသားနှင့်အတူ အွန်လိုင်းတွင် တင်ခဲ့သည်။
အဆိုပါ ပတ်စ်ပို့အသစ်ကို ဇူလိုင်လ ၆ ရက်နေ့မှစတင် ရရှိနိုင်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခင်ကတည်းက ကြေညာထားခဲ့သော်လည်း ယခုကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းခံမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။
ဧပြီလအတွင်းက နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတစ်ဦးက ထရန့်၏ ရုပ်ပုံပါဝင်သည့် အဆိုပါပတ်စ်ပို့များကို ဝါရှင်တန်မြို့ရှိ ရုံးဌာနများသို့ ကိုယ်တိုင်လာရောက် လျှောက်ထားသည့် ရက်ချိန်းများတွင်သာ လက်ကျန်ရှိသရွေ့ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။
သမ္မတ ဒေါ်နယ်ထရန့်သည် အစိုးရအဆောက်အအုံအချို့၏ အပြင်ဘက်တွင် ၎င်း၏ အမှတ်အသားများကို ဖော်ပြခြင်း၊ တစ်ဒေါ်လာတန် ငွေစက္ကူပေါ်တွင် ၎င်း၏လက်မှတ်ကို ထည့်သွင်းရိုက်နှိပ်တော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခြင်း အစရှိသည့် လုပ်ဆောင်ချက်များဖြင့် အစိုးရအဖွဲ့အစည်းများအပေါ် ၎င်း၏ ကိုယ်ပိုင်အမှတ်အသားကို သက်ရောက်စေရန် ကြိုးပမ်းခဲ့သည်။
ထို့အပြင် ထရန့်သည် ဂျွန်အက်ဖ် ကနေဒီ ဖျော်ဖြေရေးအနုပညာစင်တာ (John F. Kennedy Center for the Performing Arts) တွင်လည်း ၎င်း၏အမည်ကို ထည့်သွင်းခဲ့သော်လည်း တရားရုံးက ၎င်း၏အမည်ကို ဖယ်ရှားပစ်ရန် အမိန့်ချမှတ်ခဲ့သည်။
ထရန့်သည် အမေရိကန်နိုင်ငံသားများ၏ ပတ်စ်ပို့ပေါ်တွင် ဖော်ပြခြင်းခံရသည့် ပထမဆုံးသော တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတ ဖြစ်လာမည်ဖြစ်သည်။
Ref:AFP ,Photo- Truth Social















