ကရင်ပြည်နယ်၊မြဝတီမြို့ အနောက်တောင်ဘက် ရှိ ဒေါနတောင်ခြေ အနီးက ကွင်းကလေးရွာသွားလမ်းဘေးက ထိမူထ ချောင်းတွင် "ကွင်းကလေးချောင်းသာ"အဖြစ် အနားယူ အပန်းဖြေရန်နေရာသစ် အဖြစ် ဖော်ဆောင်လျှက်ရှိရာ ဇွန်လ ဒုတိယ ပါတ်မှစ၍ လာရောက်လည်ပတ်သူ များပြား စည်ကားလျက်ရှိကြောင်း သိရသည်။
ယခင်နှစ်က စစ်ရေးပဋိပက္ခနယ်မြေအဖြစ် လူအသွားအလာ မရှိ ဘဲတော ခြုံထူထပ်နေသော အဆိုပါ နေရာတွင် ဒေသတွင်း တည်ငြိမ် အေးချမ်းလာမှုနှင့်အတူ ကရင်ပြည်နယ် သာသန နုဂ္ဂဟအသင်း ဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံ ချစ်ကြည် ရေး နာယက ဦးစောမုတ်သုန်က သပ်ရပ်လှပသော အပန်ဖြေ အနားယူရာ နေရာသစ်အဖြစ် ပြောင်း လဲဖော်ဆောင်လာခြင်း ဖြစ်သည်။
တောင်ကျချောင်းရေ ကြည်လင်အေးမြပြီး သဲနုန်း မရှိခြင်းကလည်း လာရောက် လည်ပတ် ရေကစားသူများကို ပိုမိုနှစ်သက်စေသည်ဟုသိရသည်။ ကားထားရလွယ်ကူခြင်း၊ဆိုင်ကယ်စတန်းများနှင့် အကင်၊အထောင်း စားစရာ ဆိုင်များလည်း ဖွင့်လှစ်ရောက်ချလျက်ရှိသည်။ လတ်တလောတွင် အခမဲ့ဝန်ဆောင်မှု ပေးလျက်ရှိပြီး အပျော်တမ်း မြင်းစီးလျှင်လည်း တစ်ပါတ်စီးလျှင် ၅၀၀၀ ကျပ်ဟုသိရသည်။
“ မိသားစုအလိုက် လာရောက် လည်ပတ် အနာယူနေသူတစ်ဦးက" လိုင်းပေါ်မှာတွေ့လို့လာခဲ့ကြတာပါ၊ဒီရောက်တော့ အရမ်းစိတ်ချမ်းသာရပါတယ်။ရေကလည်းကြည်တယ်၊ တော တောင် သဘာဝ အလှအပ သစ်ပင်ရိတ်တွေ နဲ့ အေးချမ်းနေရော၊ နယ်မြေ ထာဝရ ငြိမ်းချမ်းနေဖို့ကိုပဲ ဆုတောင်းပါတယ်"ဟုပြောကြားခဲ့သည်။
မြဝတီမြို့ တောင်ဘက်ခြမ်း သောင်ရင်းမြစ်တွင် အပန်းဖြေ အနားယူရာ နေရာ အများအပြားရှိသော်လည်း ယခုနှစ် ပေါ်ပေါက်လာသော ကွင်းကလေး ချောင်းသာ နေရာ သစ်သို့ လာရောက် လည်ပတ်အနားယူသူများပြားခြင်းမှာ နယ်မြေအေးချမ်းမှု၊သွားလာရ လမ်းကောင်းမွန်လွယ်ကူမှု ၊စိတ်ချမ်းသာမှုကိုအပြည်အဝ ခံစားရမှုကြောင့်ဟု ဆိုသည်။















