■  နေ့စဉ် မရှိမဖြစ်လိုအပ်သည့် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများ ဈေးနှုန်းအဆမတန် မြင့်တက်နေခြင်းသည် ရှင်သန်ရပ်တည်ရေးကိုပါ စိန်ခေါ်လာနေပြီဖြစ်ပြီး လွှတ်တော်အနေဖြင့် ပြည်သူလူထုဒုက္ခကို မျက်ကွယ်ပြုထား၍ မရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား 

■  နေ့စဉ် မရှိမဖြစ်လိုအပ်သည့် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများ ဈေးနှုန်းအဆမတန် မြင့်တက်နေခြင်းသည် ရှင်သန်ရပ်တည်ရေးကိုပါ စိန်ခေါ်လာနေပြီဖြစ်ပြီး လွှတ်တော်အနေဖြင့် ပြည်သူလူထုဒုက္ခကို မျက်ကွယ်ပြုထား၍ မရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား 
Published 13 June 2026

■ အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေခံစားကုန်များ၏ နေ့စဉ် ဈေးနှုန်းဖြစ်ပေါ်နေမှုနှင့် ကုန်စည် စီးဆင်းမှုများကို စိစစ်သုံးသပ်၍ ဈေးနှုန်း တည်ငြိမ်စေရေးနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးအတွက် ဆက်စပ်ဌာနများဖြင့်  ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

ဆင်းရဲနွမ်းပါးသူများနှင့် အခြေခံဝန်ထမ်းများအတွက် နေ့စဉ် မရှိမဖြစ် လိုအပ်သည့် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများ ဈေးနှုန်း အဆမတန် မြင့်တက်နေခြင်းသည် ရှင်သန်ရပ်တည်ရေးကိုပါ စိန်ခေါ်လာနေပြီ ဖြစ်ပြီး လွှတ်တော်အနေနှင့် ပြည်သူလူထု ကြုံတွေ့နေရသည့် ဒုက္ခကို မျက်ကွယ်ပြုထား၍ မရကြောင်း ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုသင်းက ပြောကြားသည်။

ဇွန် ၁၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့တွင် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများအပေါ် သွင်းကုန်အခွန် လျော့ချပေးရန်နှင့် ဒေသတွင်း ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် ထိရောက်သော မူဝါဒမျိုး ချမှတ်ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိနှင့် ဒေသကုန်ထုတ်လုပ်သူများကို မည်သို့ ထိရောက်သည့် မူဝါဒများနှင့် ပံ့ပိုးသွားမည်ကို သိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုသင်းက အထက်ပါတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

“ ယနေ့ မိမိတို့ မိဘပြည်သူတစ်ရပ်လုံးဟာ နေ့စဉ်နဲ့အမျှ မြေပြင်မှာ ကုန်ဈေးနှုန်း ကြီးမြင့်မှု အကြပ်အတည်း ဒုက္ခကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများနဲ့ အခြေခံဝန်ထမ်းများအဖို့ နေ့စဉ် မရှိမဖြစ် လိုအပ်တဲ့ အခြေခံစားသောက်ကုန်များနဲ့ ကျန်းမာရေးအတွက် အားကိုးနေရတဲ့ ဆေးဝါးများ ဈေးနှုန်း အဆမတန် မြင့်တက်နေခြင်းဟာ ပြည်သူတို့ရဲ့ ရှင်သန်ရပ်တည်ရေးကိုပါ စိန်ခေါ်လာနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ ပြည်သူလူထု ကြုံတွေ့နေရတဲ့ ဒုက္ခကို မျက်ကွယ်ပြုထားလို့ မရပါဘူး” ဟု ဦးကိုကိုသင်းက ပြောကြားသည်။

လက်ရှိအခြေအနေ၌ ကုန်ဈေးနှုန်းကို ချက်ခြင်းလျော့ချပေးနိုင်ပြီး အလျင်အမြန်ဆုံးနှင့် အထိရောက်ဆုံးသော အချက်သည် အစိုးရဘက်က စည်းကြပ်ထားသည့် အခွန်အတုတ် မူဝါဒများကို ယာယီဖြေလျော့ပေးခြင်းပဲ ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်သည့် အကြပ်အတည်းကို အခွန်မူဝါဒနှင့် ဖြေလျော့ပေးသည့် နည်းလမ်းသည် မိမိတို့ သမာရိုးကျ တွေးတောပြီး အဆိုပြုနေခြင်း မဟုတ်ပါဘဲ အာဆီယံဒေသတွင်း နိုင်ငံများ၌လည်း လက်တွေ့ကျင့်သုံးပြီး ပြည်သူကို ကယ်တင်ပေးခဲ့သည့်သာဓကများ အခိုင်အမာရှိပါကြောင်း  ဦးကိုကိုသင်းက ပြောကြားသည်။

ဦးကိုကိုသင်းက “ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း အာဆီယံဒေသတွင်းက ကောင်းမွန်တဲ့ ဗျူဟာမြောက် အခွန်ဖြေလျော့မှု သာဓကတွေကို နမူနာယူပြီး လက်ရှိပြည်သူတွေ ခံစားနေရတဲ့ ကုန်ဈေးနှုန်း ဒုက္ခကို ချက်ချင်း ဖြေလျော့ပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

သို့ဖြစ်ပါ၍ ပြည်သူများ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်း အကြပ်အတည်းကို ရေတိုရော၊ ရေရှည်ပါ ကုစားပေးနိုင်ရန်အတွက် (၁) ပြည်သူများ နေ့စဉ် မရှိမဖြစ် သုံးစွဲနေရသော အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများအပေါ် စည်းကြပ်ထားသည့် သွင်းကုန်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များအား ကာလတို ယာယီ ဖြေလျော့ပေးမည့် အရေးပေါ် အစီအစဉ် ရှိ၊ မရှိ၊ (၂) စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံသော ပြည်တွင်း ကုန်ထုတ်လုပ်သူများအတွက် မရှိမဖြစ် လိုအပ်သည့် သွင်းအားစုများအပေါ် အခွန်အတုတ်များ ဖြေလျော့ပေးရန် စီမံထားခြင်း ရှိ၊ မရှိ (၃) တစ်ဆက်တည်းမှာပဲ နိုင်ငံတော်၏ ရေရှည်တည်တံ့သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ဖို့အတွက် ပြည်ပသွင်းကုန်အပေါ် လွန်ကဲစွာ မှီခိုနေရမှုကို စနစ်တကျ လျော့ချပြီး ပြည်တွင်းထုတ်လုပ်မှု တိုးတက်မြင့်မားအောင် ကုန်ထုတ်မှုကွင်းဆက် တစ်ခုလုံးကို ရေရှည်တည်ငြိမ်အောင် ပံ့ပိုးကူညီပေးရန် အစီအစဉ် ရှိ၊ မရှိ စသည့် မေးခွန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ မေးမြန်းအပ်ပါကြောင်း ဦးကိုကိုသင်း က ပြောကြားသည်။

အထက်ပါမေးခွန်းနှင့်ပတ်သက်၍ “ သွင်းကုန်အပေါ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ကောက်ခံသည့် အခွန်(၄)မျိုးရှိပြီး ၎င်းတို့မှာ အကောက်အခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ခွန်တို့ ဖြစ်ပါတယ်။ အထူးကုန်စည်ခွန်သည် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးအပေါ် ဘေးထွက်ဆိုးကျိုး ဖြစ်စေတဲ့ စီးကရက်၊ အရက်၊ ဘီယာ စသည့် အထူးကုန်စည်များအပေါ်တွင်သာ ကောက်ခံခြင်းဖြစ်ပြီး အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများအပေါ်တွင် ကောက်ခံခြင်း မရှိပါကြောင်းနှင့် ကြိုတင်ဝင်ငွေခွန်သည်လည်း ကုန်စည်တင်သွင်းမှု ဆောင်ရွက်သည့် လုပ်ငန်းရှင်များ၏ အသားတင် အမြတ်ငွေအပေါ်တွင်သာ ကျသင့်ပေးဆောင်ရသည့် တိုက်ရိုက်ခွန်ဖြစ်ပြီး တင်သွင်းလာသာသည့် ကုန်စည်၏ ကနဦးဆိုက်ရောက်တန်ဖိုးနှင့် ပြန်လည်ရောင်းချသည့် ရောင်းဈေးတို့အပေါ် တိုက်ရိုက်သက်ရောက်မှု မရှိပါကြောင်း တင်ပြအပ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြန်လည်ဖြေကြားသည်။ 

၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ(၁၄)၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဃ)တွင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပဲအမျိုးမျိုး၊ အသား၊ ငါး၊ ဥ အမျိုးမျိုး စသည့် အခြေခံ စားသောက်ကုန်များ၊ အိမ်သုံး ဆေးဝါးများ၊ လူသုံးဆေးဝါး၊ တိုင်းရင်းဆေးဝါး စသည့် ဆေးဝါးအမျိုးမျိူး အပါအဝင် ပြည်သူလူထုအတွက် အခြေခံလိုအပ်သည့် ကုန်စည် (၄၆)အုပ်စုနှင့် ကျန်းမာရေး၊ ပညာရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး စသည့် အခြေခံဝန်ဆောင်မှု (၃၄) အုပ်စုတို့ကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားပြီးကြောင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြေညာစာအမှတ် ၈၅/၂၀၂၂ ဖြင့် ဆေးဝါးပစ္စည်းနှင့် ဆေးဝါး ရှားပါးမှု မဖြစ်စေရေး ကိုဗစ်-၁၉ ကပ်ရောဂါပြီး ကာလများတွင် ပြည်တွင်း ဆေးပစ္စည်းနှင့် ဆေးဝါးထုတ်လုပ်သည့် စက်ရုံများ ဆက်လက်ရှင်သန်နိုင်ရေး၊ စက်ရုံသစ်များ တိုးပွားလာရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။ 

အခြေခံအိမ်သုံးဆေးဝါးများအား အခွန်ကင်းလွတ်ခွင့်ဖြင့် သတ်မှတ်ပြဌာန်းထားပြီး အဆိုပါဆေးဝါးများမှအပ ကျန်ဆေးဝါးများအား အကောက်အခွန် ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် သတ်မှတ်ကောက်ခံလျက် ရှိကြောင်းနှင့် အမိန့်ကြေညာစာအမှတ် ၄၆/၂၀၂၃ ဖြင့် ထုတ်ပြန်ထားသည့် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည်အမျိုးအစားများတွင် ပြည်တွင်းဆေးဝါး ထုတ်လုပ်မှု တိုးတက်ဖွံ့ဖြိုးရန်နှင့် ဆေးဝါး ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ချနိုင်ကာ ဆေးဝါးဈေးနှုန်းများ ကျဆင်းရန်အတွက် ဈေးဝါးကုန်ကြမ်း (၄၅၄)မျိုးကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားပြီးလည်း ဖြစ်ကြောင်း၊ နိုင်ငံတော်ပိုင် မြန်မာ့ဆေးဝါးလုပ်ငန်းမှာရှိတဲ့ ဆေးဝါးစက်ရုံများမှာ အသုံးပြုလျက်ရှိတဲ့ ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုးကိုလည်း ထပ်မံထည့်သွင်း၍ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။

ထို့အပြင် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရှိသည့် ဆေးဝါးလုပ်ငန်းများအား အကောက်အခွန် ကင်းလွတ်ခွင့် လျှောက်ထားလာပါကလည်း မြန်မာ့အကောက်အခွန်နှုန်းစာရင်း ၂၀၂၂ အရ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့က စိစစ်ထောက်ခံတင်ပြပြီး ဆောင်ရွက်ပေးလျက်လည်း ရှိကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး လုပ်ငန်းများ ရေရှည် ရှင်သန်တိုးတက်စေရန်နှင့် သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်စေရန်အတွက် နိုင်ငံတော်မှ MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများ ထူထောင်ထားရှိခြင်း၊ နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ် အသီးသီးတွင် ဒေသထွက်ကုန်များအတွက် ကုန်စည်ပြပွဲများကို ကျင်းပပြုလုပ်ပေးပြီး ဈေးကွက် ရှာဖွေပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိတဲ့အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်များကိုလည်း ပုဂ္ဂလိက စက်မှုလုပ်ငန်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှတ်ပုံတင်ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က “ အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်မှု ရှိစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေခံစားကုန်များ၏ နေ့စဉ် ဈေးနှုန်းဖြစ်ပေါ်နေမှုနှင့် ကုန်စည် စီးဆင်းမှုများကို စိစစ်သုံးသပ်၍ ဈေးနှုန်း တည်ငြိမ်စေရေးနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးအတွက် ဆက်စပ်ဌာနများနှင့်လည်း ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြည်တွင်း ဆန်စားသုံးမှု ဖူလုံစေရေး၊ ပြည်ပသို့ စနစ်တကျ တင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါး ဈေးကွက်နှင့် ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေး၊ သမာရိုးကျ ရောင်းဝယ်ခြင်း မဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မဖြစ်ပေါ်စေရေး၊ သင့်တင့်မျှတသော ဆန်၊ စပါး အခြေခံ ရည်ညွှန်းဈေးနှုန်းများကို အခါအားလျော်စွာ ထုတ်ပြန်ခြင်းတို့ကိုလည်း မြန်မာနိုင်ငံ ဆန်၊ စပါး အသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိပါတယ်။ အဲဒီအပြင် စားသုံးသူ ပြည်သူများ စားသုံးဆီ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရေးနှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး စားအုန်းဆီ တင်ပို့သည့် နိုင်ငံများ၏ ဈေးနှုန်း အတက်အကျအပေါ် မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်၏ ထောက်ပံ့မှု အစီအစဉ် တစ်ရပ်အနေဖြင့် တင်သွင်းမှုတန်ဖို ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်၊ ၇၅ ရာခိုင်နှုန်းကို FX Online Trade နှုန်း ၃၆၆၇ ကျပ်၊ နှစ်ရပ်ပေါင်း ပျမ်းမျှ ငွေလဲနှုန်း ၃၂၇၈ ကျပ်ဖြင့် စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းကို တွက်ချက်ပြီး နေ့စဉ်ထုတ် သတင်းစာများတွင် အပတ်စဉ် ထုတ်ပြန်ကြေညာပေးလျက်လည်း ရှိပါတယ်”ဟု ပြောကြားသည်။

ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ချနိုင်ရန်နှင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရာတွင် အဓိက အသုံးပြုလျက် ရှိတဲ့ ဒီဇယ်ဆီ (500 ppm) ကို နိုင်ငံတော်မှ နိုင်ငံခြားငွေ စိုက်ထုတ်ပေးခြင်း၊ စက်သုံးဆီ တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်အခွန် အထူးကုန်စည်ခွန် ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း တို့ကိုလည်း ကင်းလွတ်ခွင့်ပြုထားကြောင်းကို အများပြည်သူများသို့ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပြီး စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအား အပတ်စဉ် ထုတ်ပြန်ကြေညာ ဆောင်ရွက်ပေးလျက်လည်း ရှိကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုများအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ တင်သွင်းခြင်းအစား ပြည်တွင်းထုတ်ကုန်များအဖြစ် အစားထိုးထုတ်လုပ်ပြီး မဖြစ်မနေ လိုအပ်သည့် ဓာတုပစ္စည်း ကဲ့သို့သော ပြည်တွင်းမှ ထုတ်လုပ်နိုင်ခြင်း မရှိသည့် ကုန်ကြမ်းများကိုသာ တင်သွင်းခွင့်ပြုလျက် ရှိကြောင်း၊ ပြည်ပမှ ကုန်ကြမ်းတင်သွင်းမှုကို လျော့ချပြီး ပြည်တွင်းထုတ်ကုန်များကို ပြည်ပသွင်းကုန် အစားထိုး ထုတ်လုပ်နိုင်ရန်အတွက် သီလဝါ အထူးစီးပွားရေးဇုန်တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းရှင်များကို ကုန်ကြမ်းများ ပြည်ပမှ တင်သွင်းခြင်းအစား ပြည်တွင်း ထွက်ကုန်များဖြင့် အသုံးပြုနိုင်ရေးအတွက် ပြည်တွင်းမှာရှိတဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက် လည်ပတ်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က ပြောကြားသည်။

“ ကုန်ဈေးနှုန်းသည် ရောင်းလိုအားနှင့် ဝယ်လိုအားကို အခြေခံ၍ ပြောင်းလဲခြင်းဖြစ်သဖြင့် ပြည်တွင်းရောင်းလိုအား တိုးတက်စေရေး၊ ထုတ်လုပ်မှုအတွက် လိုအပ်သော ကုန်ကြမ်းများကို စက်ရုံရှိသည့် ထုတ်လုပ်သူများထံ တိုက်ရိုက် လုံလောက်စွာ ရရှိစေရေးအတွက် မြေပြင်စစ်ဆေး၍ လိုအပ်ချက်များကို ပံ့ပိုးကူညီခြင်း၊ ထိန်းကျောင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် အရေးတကြီး သုံးစွဲရန် မလိုအပ်သော ကုန်စည်များကို ပြည်ပမှ တင်သွင်းမှုကို လျော့ချပြီး ပြည်တွင်းထုတ် ကုန်စည်များ အစားထိုး သုံးစွဲနိုင်ရေးအတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ပုဂ္ဂလိက လုပ်ငန်းရှင်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။

ပြည်ပသွင်းကုန် လျော့ချပြီး ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ရေရှည် ရှင်သန်တိုးတက်စေရန်နှင့် သွင်းကုန်အစားထိုး၍ ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်စေရေး နိုင်ငံတော်မှ MSME လုပ်ငန်းရှင်များကို သက်သာသော အတိုးနှုန်းဖြင့် ချေးငွေရရှိစေရေး ပံ့ပိုးကူညီခြင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရဲ့ Two Step Loan ချေးငွေ ရရှိရေး ပံ့ပိုးကူညီခြင်း၊ ဖွံ့ဖြိုးရေးဘဏ်များနှင့် ချိတ်ဆက်၍ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများ ရရှိစေရန် ပံ့ပိုးကူညီပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားသုံးသူများအတွက် အရေအသွေး၊ ဈေးနှုန်းမှန်ဖြင့် ရွေးချယ်ဝယ်ယူခွင့် ရရှိစေရန်၊ စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရန်နှင့် ဈေးကွက်အတွင်း ကန့်သတ်ပိတ်ဆို့မှုများကို စားသုံးသူကာကွယ်ရေးဥပဒေဖြင့် စောင့်ကြည့် ထိန်းကျောင်းပေးလျက် ရှိကြောင်း၊ ဈေးကွက်ကို လက်ဝါးကြီးအုပ် ခြယ်လှယ်ခြင်း၊ ဒေသတွင်း ကုန်လုပ်လုပ်သူအနေဖြင့် လုပ်ငန်းကြီးများနှင့်တန်းတူညီမျှစွာ ယှဉ်ပြိုင်ခွင့် ရရှိစေရေးအတွက်ကိုလည်း ယှဉ်ပြိုင်မှု ဥပဒေဖြင့် တားဆီး အရေးယူ ထိန်းကျောင်းဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု မြင့်မားလာစေရေး၊ သွင်းကုန်အစားထိုးပြီး ပြည်ပသို့ တင်ပို့နိုင်စေရေးတို့အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။

 

Most Read

Most Recent