■ နိုက်ဂျီးရီးယားတွင် လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် လူ ၃၀ သေဆုံး

■ နိုက်ဂျီးရီးယားတွင် လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် လူ ၃၀ သေဆုံး
Published 28 July 2026

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ကာဒူနာပြည်နယ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်သည့် ကျေးရွာတစ်ရွာတွင် လက်နက်ကိုင်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဇူလိုင် ၂၇ ရက်တွင် ပြောကြားသည်။

ညဘက်တွင် ဖြစ်ပွားခဲ့သော ယင်းတိုက်ခိုက်မှုသည် ကျွဲများနှင့် နွားကျောင်းသမားများ၏ လက်ချက်ဟု ဒေသခံများက ပြစ်တင်စွပ်စွဲခဲ့ကြသည်။

တိုက်ခိုက်သူများသည် သန်းခေါင်ယံအချိန်တွင် နာရီဒွန်ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကြပြီး သေနတ်များဖြင့် ပစ်ခတ်ကာ နေအိမ်များနှင့် ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း ဒေသခံများနှင့် ဒေသဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ကာဒူနာပြည်နယ်အစိုးရက သေဆုံးသူအရေအတွက်ကို အတိအကျထုတ်ပြန်ခြင်း မရှိသော်လည်း ကျူးလွန်သူများကို ဖမ်းဆီးနိုင်ရန် လုံခြုံရေး အေဂျင်စီများကို စစ်ဆင်ရေးများ ပိုမိုအရှိန်မြှင့်တင်ရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းနှင့် မြောက်ပိုင်းပြည်နယ်များတွင်ဖြစ်ပွားသည့် ပဋိပက္ခများသည် ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာနေသော တိရစ္ဆာန်အုပ်ကို ထိန်းကျောင်းသူများနှင့် တစ်နေရာတည်းတွင် အခြေချနေထိုင်သည့် စိုက်ပျိုးရေးတောင်သူများအကြား မြေနေရာ အငြင်းပွားမှုများမှ အစပြုခဲ့ခြင်းဖြစ်သည်။

အာဖရိက၏ လူဦးရေ အများဆုံးနိုင်ငံဖြစ်သော နိုင်ဂျီးရီးယားတွင် အချို့သောနေရာများ၌ ယင်းတိုက်ခိုက်မှုများသည် လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခပုံစံများသို့ပါ အသွင်ပြောင်းလဲလာခဲ့သည်။

Ref: AFP

 

Most Read

Most Recent