■ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမေရိကန်အသင်း ဗိုလ်စွဲမည်ဆိုပါက လပေါ်သို့ ဘောလုံးပို့‌ ပေးမည်ဟု နာဆာပြောကြား

■ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမေရိကန်အသင်း ဗိုလ်စွဲမည်ဆိုပါက လပေါ်သို့ ဘောလုံးပို့‌ ပေးမည်ဟု နာဆာပြောကြား
Published 1 July 2026

အမေရိကန်အသင်းသာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပါက လပေါ်သို့ ဘောလုံး ပို့ပေးမည်ဟု နာဆာအကြီးအကဲက ပြောကြားလိုက်ပြီး အမေရိကန်‌ဘောလုံးအသင်းသားများကို စည်းရုံးလှုံ့ဆော်ခဲ့သည်။

နာဆာအကြီးအကဲဂျရယ်အိုင်ဆက်မန်းက လပေါ်တွင် အခြေစိုက်စခန်း တည်ဆောက်မည့် နာဆာ၏ စီမံကိန်းအသေးစိတ်ကို ရှင်းလင်းတင်ပြသည့် အခမ်းအနား၌ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အမေရိကန်အသင်းကို အထက်ပါအတိုင်းပြောကြား လိုက်ခြင်းဖြစ်သည်။

၎င်းက "ဒါဟာ စိန်ခေါ်မှုတစ်ခုပဲ။ ဒါကြောင့် အမေရိကန်အသင်းဟာအလုပ်ဖြစ်အောင် လုပ်ပြပါ" ဟု ပြောကြားခဲ့သည်။အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အထိမ်းအမှတ်အဖြစ်နာဆာသည် ဖီဖာ(ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်)ဘောလုံးကို နိုင်ငံတကာအာကာသစခန်း (ISS) သို့ စေလွှတ်ထားပြီး ဖြစ်သည်။

သို့သော်လည်း အမေရိကန်အသင်းသည် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခြေ အလှမ်းဝေးနေသော်လည်း အကယ်၍သာ အမှန်တကယ် ဗိုလ်စွဲမည်ဆိုပါကဘောလုံးတစ်လုံးကို ယခင်ကထက် ပိုမိုဝေးလံသော နေရာသို့ ပို့ပေးမည်ဟု အိုင်ဆက်မန်းက ကတိပြုခဲ့သည်။

၁၉၇၁ ခုနှစ်တွင် အာကာသယာဉ်မှူး အလန်ရှက်ပတ်သည် ဂေါက်ရိုက်တံနှင့် ဂေါက်သီးနှစ်လုံးကို လျှို့ဝှက်သယ်ဆောင်သွားပြီး လကမ္ဘာပေါ်တွင် ဂေါက်သီးရိုက်ပြခဲ့ဖူးသည်ဟု ၎င်းက အမှတ်တရပြောကြားခဲ့သည်။

"ကျွန်တော်တို့တွေ အလန်ရှက်ပတ်ထက် တစ်ပန်းသာအောင် လုပ်ကြမယ်။ လပေါ်ကို ဘောလုံးရောက်အောင် ပို့ဆောင်ပေးမှာပါ" ဟု အိုင်ဆက်မန်းက ကတိပြုခဲ့ပြီး ယင်းသည် ယခုပြိုင်ပွဲတွင် အမေရိကန်အသင်းအတွက်‌‌ စေ့ဆော်မှု ဖြစ်စေလိမ့်မည်ဟု ဆိုသည်။

Ref:AFP

photos - AFP

Most Read

Most Recent