■ ကွန်မြူနစ်တွေအုပ်ချုပ်တဲ့နိုင်ငံ

■ ကွန်မြူနစ်တွေအုပ်ချုပ်တဲ့နိုင်ငံ
Published 1 July 2026

ကွန်မြူနစ်တွေအုပ်ချုပ်တဲ့နိုင်ငံ

Written by ဆောင်းနှင်းဖွေး

ယခု ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်နိုင်ငံတော်အသစ်တည်ထောင်ခဲ့သည်မှာ ၇၇ နှစ်ပြည့်တော့မည်ဖြစ်ပါသည်။ ၇၇ နှစ်တာကာလအတွင်းမှာ တရုတ်နိုင်ငံသည် ကဏ္ဍအသီးသီး၌ ထိပ်တန်းရောက်နေပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတည်ငြိမ်ကာ ယဉ်ကျေးမှုမြင့်မား၍ နည်းပညာသာလွန်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သောတရုတ်နိုင်ငံတော်အသစ်အဖြစ် ရပ်တည်နေသည်ကို ကျွန်မတို့အားလုံးတွေ့ကြရသည်။ အလွန်အားကျဖွယ်ရာကောင်းလှပါသည်။

တရုတ်နိုင်ငံတော်အသစ်ကို တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်ပြီး တရုတ်အမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုထုထည်ခိုင်မာစွာဖြင့် အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့ကြခြင်းလည်း ဖြစ်သည်။ ယခုကျရောက်သည့် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့သည် တရုတ်ကွန်မြူနစ်ပါတီတည်ထောင်သော ၁၀၅ နှစ်ပြည့်မြောက်သည့်နေ့ရက်လည်းဖြစ်သည်။ ၂၀၂၄ ခုနှစ်၏ နှစ်ကုန်ပိုင်းအချက်အလက်များအရ တရုတ်ကွန်မြူနစ်ပါတီဝင်ဦးရေ သန်း ၁၀၀ ကျော်ရှိကြောင်းသိရကာ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံးနှင့် ပါတီဝင်ဦးရေအများဆုံး နိုင်ငံရေးပါတီဖြစ်မည်ဟုထင်ပါသည်။

တရုတ်နိုင်ငံသည် ၁၉၇၈ ခုနှစ်မှစတင်၍ ပြုပြင်ပြောင်းလဲမှု၊ ပညာရေးအဆင့်မြှင့်တင်မှု၊ ဆိုရှယ်လစ်ဈေးကွက်စနစ်ကျင့်သုံးမှု စသည်ဖြင့် ဘက်ပေါင်းစုံကို အဆင့်ဆင့်ပြုပြင်ပြောင်းလဲမှု၊ အဆင့်မြှင့်တင်မှုများကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ကြခြင်းက ယနေ့ဘက်ပေါင်းစုံတိုးတက်သည့် တရုတ်ပြည်ကြီးကို နှစ်ပေါင်း ၄၀ အတွင်း မြင်တွေ့ကြရခြင်းဖြစ်သည်။ ဤမျှလောက်အထိ အံ့မခန်းတိုးတက်၍ နိုင်ငံသားများအားလုံးလည်း စည်းလုံးညီညွတ်မှုရရှိနေသည့် တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်မှုစနစ်များသည် မကြာခင်နှစ်များအတွင်းက နိုင်ငံရေးသိပွံပညာရှင်များ၊ လေ့လာသူများ၊ စီးပွားရေးသိပွံပညာရှင်များအကြား စိတ်ဝင်တစားလေ့လာကြရသည့် မော်ဒယ်တစ်ခုဖြစ်လာသည်။ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများက တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို လေ့လာကြသည်။ ပြန်လည်အသုံးချကြသည်။ တရုတ်နိုင်ငံထံမှ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုများကို ရယူနေကြသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ တိုင်းပြည်အုပ်ချုပ်မှုပုံစံက အနောက်တိုင်းအရင်းရှင်စနစ် ကျင့်သုံးသော ရွေးကောက်ပွဲဒီမိုကရေစီစနစ်နှင့် ကွာခြားချက်ကြီးမားလွန်းသည်။ သို့သော် အနောက်တိုင်းအရင်းရှင် ဒီမိုကရေစီစနစ်တွင် “Of the people, for the people, by the people” ဟူ၍ရှိသကဲ့သို့ တရုတ်နိုင်ငံ၏အုပ်ချုပ်မှုစနစ်တွင်လည်း “Before the people, After the people” ဟူ၍ရှိကြောင်း လေ့လာဖူးပါသည်။ Before the people က ပြည်သူများ ဆင်းရဲဒုက္ခခံစားရမည့် အရေးကိစ္စများတွင် ပါတီဝင်များက ပြည်သူ၏ရှေ့ကအရင်ဆုံး ပေးဆပ်မှုနှင့် အနစ်နာခံမှုများအတွက် စတေးခံရမည်ဟု ဆိုသည်။ After the people က အကျိုးကျေးဇူးခံစားရရှိခြင်းများတွင် ပြည်သူများအပြည့်အဝရရှိခံစားစေပြီး ပါတီနှင့် ပါတီဝင်များက အကျိုးကျေးဇူးကို နောက်ဆုံးမှသာ ခံစားကြရမည်ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီက ကျင့်သုံးသောပြည်သူပထမမူဝါဒတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီခံစားရရှိရေး လုပ်ငန်းစဉ်တစ်ရပ်လုံးတွင် အဆင့်တိုင်းအဆင့်တိုင်း၌ ပြည်သူ၏အကျိုးစီးပွားကို ရှေ့တန်းတင် ဦးစားပေးထားလေသည်။ ဒါကတကယ်ပဲလား (သို့မဟုတ်) ဝါဒဖြန့်ရေးသားနေခြင်းလား ဆိုသည်ကို စာဖတ်သူက ဆန်းစစ်လိုပါလျှင် တရုတ်ပြည်၏လက်ရှိအဆင့်အတန်း အနေအထားများက စကားလုံးများစွာ ပြောနေစရာမလိုအောင် သက်သေခံနေပါသည်။

နေ့စဉ်သုံးလူသုံးကုန်ပစ္စည်းများမှသည် သယ်ယူပို့ဆောင်ရေးစနစ်၊ အင်တာနက်ဆက်သွယ်ရေး၊ ဆေးဝါးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်ရေးများ၊ ပညာရေးအဆင့်အတန်းနှင့် ပညာရေးရပိုင်ခွင့်များ စသည်ဖြင့် ကဏ္ဍစုံတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေရဆိုသည့် ကြွေးကြော်မှုအောက်တွင် တရုတ်နိုင်ငံသားတိုင်း အကျိုးခံစားခွင့်ရရှိနေကြသည်။ ကျေးလက်တောရွာများပါမကျန် အင်တာနက် 5G ကို တပြေးညီရရှိကြသည်။ လူဦးရေအနည်းအကျဉ်းသာရှိ သော ကျေးရွာများအတွက်ပင် လမ်းပေါက်အောင်ဖောက်ခြင်း၊ တံတားဆောက်ခြင်း၊ သယ်ယူပို့ဆောင်ရေးစနစ် တည်ဆောက်ပေးခြင်းများကို လေ့လာတွေ့ရှိရသည်။

တရုတ်နိုင်ငံ၏ အေအိုင်နှင့် စက်ရုပ်နည်းပညာ၊ ဒရုန်းနည်းပညာများအလွန်ထွန်းကားလာသည့် ယခုနှစ်အပိုင်းအခြားများအတွင်း ပြည်သူကိုဗဟိုပြုသည့်ဝန်ဆောင်မှုများစွာလည်း ပို၍ကျယ်ပြန့်လာခဲ့သည်။ စက်ရုပ်နည်းပညာဖြင့် အိမ်သန့်ရှင်းရေး၊ အခြားဝန်ဆောင်မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပြုခြင်း ဝန်ဆောင်မှုများကို ကုန်ကျစရိတ်သက်သာစွာဖြင့် နိုင်ငံသားများအသုံးပြုနိုင်လာကြသည်။ ကမ္ဘာ့သမိုင်းစာမျက်နှာများထဲတွင် အခြားသောတိုင်းပြည်များ ယမ်းမှုန့်တီထွင်နိုင်ခဲ့စဉ်က စစ်ပွဲများစွာဖြစ်ပွားခဲ့ပြီး တရုတ်လူမျိုးများကမူ သူတို့တီထွင်နိုင်ခဲ့သည့် ယမ်းကို ဗျအိုးများဖောက်ခြင်းဖြင့် ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲခဲ့ကြပြီး ယခုအခါ ဒရုန်နည်းပညာများ ကမ္ဘာတွင်ကျယ်ပြန့်လာချိန်၌လည်း ကမ္ဘာ၏အရပ်ဒေသအနှံ့အပြားတွင် ဒရုန်းစစ်ဆင်ရေးများဖြစ်ပေါ်နေကြသော်လည်း တရုတ်နိုင်ငံ၌မူ ဒရုန်းဖြင့် ပစ္စည်းပို့ဆောင်ခြင်း၊ ကောင်းကင်ယံတွင် ဒရုန်းသရုပ်ပြဖျော်ဖြေမှုဝန်ဆောင်မှုပေးခြင်းများဖြင့် ပြည်သူကို ဗဟိုပြုသောကွန်မြူနစ်ပါတီ၏ စီမံအုပ်ချုပ်မှုဖြင့် ပျော်ရွှင်သာယာနေကြပေသည်။

တရုတ်ဝိသေသလက္ခဏာဖြင့်ပေါင်းစပ်ထားသော ဆိုရှယ်လစ်စနစ်ကိုကျင့်သုံး၍ ခေတ်သစ်တရုတ်နိုင်ငံကို အင်အားတောင့်တင်းသောနိုင်ငံအဖြစ်ကို ဦးဆောင်ခဲ့ခြင်းတွင် “မိမိကိုယ်ကိုတော်လှန်ခြင်း” သို့မဟုတ် “စဉ်ဆက်မပြတ်လေ့လာသင်ယူနေခြင်း” ကလည်း အလွန်အရေးပါကြောင်း လေ့လာသိရှိရသည်။ “တရုတ်ကွန်မြူနစ်ခေါင်းဆောင်များသည် ၎င်းတို့၏နိုင်ငံနှင့် လူမျိုးအတွက် အကျိုးစီးပွားကို ရှေးရှုကြရာတွင် မျက်စေ့နှစ်ဖက်လုံးကို အသုံးချကြပြီး တစ်ဖက်ကလေ့လာသင်ယူခြင်းဖြစ်ကာ ကျန်တစ်ဖက်က အနာဂတ်မှာ ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုနှင့်စွန့်စားမှုများကို ကြိုတင်တွက်ချက် သုံးသပ်ထားကြလေ့ရှိသည်” ဟု Renmin University ၏ Institute of International Affairs ဌာန၏ ပါမောက္ခနှင့် ဥက္ကဋ္ဌဖြစ်သူ ပါမောက္ခဒေါက်တာ ဝမ်ယိဝေက ပြောဖူးသည်။

သမိုင်းကိုပြန်လေ့လာကြည့်မည်ဆိုလျှင် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်လူမျိုးတို့ ရှင်သန်မှုအတွက်ရုန်းကန်နေရသည့် အရေးကြီးလှသောကာလတွင် မွေးဖွားလာခြင်းလည်းဖြစ်သည်။ တရုတ်လူမျိုးတို့ အချုပ်အခြာလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေရချိန်ဖြစ်ကာ သမိုင်း၏နာကျင်စရာ ဝေဒနာများအားကုစားပြီး တရုတ်လူ့အဖွဲ့အစည်းအသစ်ကို တည်ထောင်ရန်လိုအပ်နေချိန်ဖြစ်သည်။ အနောက်တိုင်းသားတို့ အစိတ်စိတ်အမွှာမွှာဆွဲဖြဲထားခဲ့ပြီး ဖက်ဆစ်ဂျပန်တို့ကျူးကျော်ကာ လူမဆန်အောင် နှိပ်စက်ဖျက်ဆီးခြင်းခံခဲ့ရသော တိုင်းပြည်အဖြစ်ကနေ ပြန်လည်စုစည်း၍ တည်ငြိမ်ခြင်းမှသည် ခမ်းနားသော အောင်မြင်မှုအထိရောက်အောင် ကြိုးစားခဲ့ကြသည့် တရုတ်နိုင်ငံ၏စွမ်းဆောင်ရည်က ခေတ်သစ်ကမ္ဘာလူသားများသမိုင်းတွင် မှတ်ကျောက်တင်ထိုက်သည်။

“ထိုကဲ့သို့အလွန်ဆိုးရွားနေသော အခြေအနေ (တစ်နည်းအားဖြင့်ပြောရလျှင်) အလွန်ဆင်းရဲသောအခြေအနေမှ ကမ္ဘာ့အဆင့်ကိုအမီလိုက်နိုင်ဖို့နှင့် ရပ်တည်နိုင်ရန် သယံဇာတနှင့် အရင်းအမြစ်များကို ဗဟိုထိန်းချုပ်မှုဖြင့် စီမံခန့်ခွဲရမည်။ မိမိကိုယ်ကို အနစ်နာခံကြရမည်ဖြစ်ပြီး မျိုးဆက်တစ်ခုကတော့ မဖြစ်မနေအနစ်နာခံပေးဆပ်ကြရမည်။ တရုတ်နိုင်ငံမှာ တောင်သူလယ်သမားများက အဲဒီကဏ္ဍကို တည်ဆောက်ပြီး ပေးဆပ်ခဲ့ကြတဲ့ မျိုးဆက်များဖြစ်သည်” ဟု ဒေါက်တာဝမ်ယိဝေ၏ သင်ခန်းစာများထဲတွင် ပါဝင်ဖူးသည်။ အမှန်တကယ်လည်း တရုတ်နိုင်ငံတော်အသစ်တည်ထောင်ပြီးစကာလက လူများက အများကြီး ပေးဆပ်အနစ်နာခံခဲ့ကြကြောင်းကို သမိုင်းစာမျက်နှာများတွင် တွေ့နိုင်သည်။ 

အနောက်နိုင်ငံခေါင်းဆောင်များက မကြာခဏဆိုသလို တရုတ်များကို “ဘာသာမဲ့ကွန်မြူနစ်များ” အဖြစ် ကဲ့ရဲ့ရှုတ်ချလေ့ ရှိကြသည်။ သို့သော် တရုတ်ဒဿန၊ တရုတ်အုပ်ချုပ်ရေးစနစ်နှင့် တရုတ်လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှု တန်ဖိုးများကို လေ့လာကြည့်မည်ဆိုလျှင် ကွန်ဖြူးရှပ်ဝါဒ၊ ဗုဒ္ဓဘာသာနှင့် ထောင်အိုဝါဒများကနေ ဆင်းသက်လာသည်ဟု သိရသည်။ စာရိတ္တနှင့် ဗလငါးတန်ဖွံ့ဖြိုးခြင်း၊ လူသားဗဟိုပြုဝါဒ၊ သဘာဝကို ဗဟိုပြုသည့်အတွေးအခေါ် အယူအဆများလွှမ်းမိုးထားခြင်းကြောင့်လည်း တရုတ်အမျိုးသားများ အားသစ်လောင်း၍ ပြန်လည်စုစည်းခိုင်ခန့်လာချိန်တွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့နိုင်ငံများဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့မှာ လွန်စွာအရေးပါလာတော့သည်။ 

ယနေ့ကမ္ဘာသည် မတည်ငြိမ်ခြင်း၊ မှန်းဆရန်ခက်ခဲခြင်းနှင့် ရန်လိုမုန်းထားမှုများ ပြန်လည်ထကြွနေချိန် ဖြစ်ပြီး တရုတ်နိုင်ငံရေးသိပ္ပံပညာရှင် Eric Li ၏ သုံးသပ်ချက်အရဆိုလျှင် ယနေ့ကမ္ဘာတွင် Deglobalization နှင့် Reglobalization ဟူသည့် မတူညီဆန့်ကျင်သည့် ရေစီးကြောင်းနှစ်ခု စီးဆင်းနေပြီဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ဖြစ်ပေါ်ခဲ့သည့် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်တွင် အမေရိကန်တို့ ရည်မှန်းခဲ့သည့် ဗိုလ်ကျစိုးမိုးရေးဝါဒကို အောင်မြင်အောင် အကောင်အထည်မဖော်နိုင်သည့်အခါ ၎င်းတို့သွတ်သွင်းခဲ့သည့် အနောက်တိုင်းစံနှုန်းကြီးစိုးရေး ဂလိုဘယ်လိုက်ဇေးရှင်းကို ယခုအခါ အမေရိကန်တို့ကိုယ်တိုင် ငြင်းဆန်နေကြပြီး Deglobalization ဖြစ်စဉ်ကို အင်တိုက်အားတိုက်ကြိုးစားနေကြပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံကတော့ ၎င်း၏အင်အားကြီးထွားလာခြင်းနှင့်အတူ လူတန်းစားမျှတရေးဆိုသည့် ဆိုရှယ်လစ်အတွေးအခေါ် (သို့မဟုတ်) ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်းတူညီမျှရေး လမ်းကြောင်းတွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေရဆိုသည့် အယူအဆက နိုင်ငံများ၊ တိုင်းပြည်များ အကြား ဆင်းရဲချမ်းသာကွာဟချက်ကို ကျဉ်းမြောင်းရန်ကြိုးစားလာသည်။ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ အခန်းကဏ္ဍအတူတကွ မြင့်တက်ရေး၊ အချုပ်အခြာအာဏာပိုင်စိုးမှု တန်းတူညီမျှမှုရရှိရေး၊ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ အသံနှင့် တန်းတူညီမျှခွင့် ပိုမိုရရှိရေး၊ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ခြင်း၊ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများနှင့် သယ်ယူပို့ဆောင်ရေးစနစ် တိုးပွားကောင်းမွန်ရေး စသည်ဖြင့် တရုတ်နိုင်ငံက Reglobalization ဖြစ်စဉ်ကို စနစ်တကျပုံဖော်နေပေပြီ။ တရုတ်နိုင်ငံ၏ Reglobalization ကြိုးပမ်းချက်သည် အနောက်တိုင်းနိုင်ငံတို့ ပုံဖော်ခဲ့သည့် အနောက်တိုင်းပုံစံပြုရေး ဂလိုဘယ်လိုက်ဇေးရှင်းကဲ့သို့ တရုတ်ပုံစံသွတ်သွင်းရေး ဂလိုဘယ်လိုက်ဇေးရှင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများအကြား မျှခြေတည်ရှိသော တန်းတူညီမျှခြင်း၊ ဆင်းရဲချမ်းသာကွာခြားမှု လျှော့ချရေးကြိုးပမ်းချက်ဖြစ်ကြောင်း လေ့လာသိရှိရသည်။

ထို့ကြောင့်လည်း တရုတ်သမ္မတရှီကျင့်ဖျင်အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးအစီအမံ၊ နိုင်ငံတကာအငြင်းပွားမှုများ ဖြန်ဖြေရေးအဖွဲ့အစည်းများကို ကမ္ဘာ့နိုင်ငံအသီးသီးတို့က လက်ခံသဘောတူထားကြခြင်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီက လက်တွေ့ကျင့်သုံးသည့် လူသား အခြေပြုသော အုပ်ချုပ်ရေးစနစ်နှင့် တန်းတူညီမျှခြင်းကိုအခြေပြုသော ရည်ရွယ်ချက်များသည် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး၊ ကမ္ဘာမှာ ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းခြင်းများတွင် များစွာ ကူညီပံ့ပိုးပေးနိုင်မည်ဟုလည်း သုံးသပ်ရသည်။

Most Read

Most Recent