■ ယာဉ်အိုယာဉ်ဟောင်းစနစ် ပြောင်းလဲမည်ဟုဆိုကာ မော်တော်ယာဉ်ဈေးကွက်အတွင်း ဝယ်ရောင်းလုပ်ကိုင်သူအချို့က ခြောက်လှန့်ပြီး ဈေးကွက်အတွင်း ဈေးကစားနေခြင်းများရှိနေ
ယခင်သမ္မတဦးသိန်းစိန်လက်ထက်ကတည်းက ကျင့်သုံးခဲ့သည့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုစနစ်မှာ ပြောင်းလဲမှုမရှိသေးဘဲ နဂိုအတိုင်းသာရှိနေဆဲဖြစ်ကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။
လတ်တလောတွင် လူမှုကွန်ရက်စာမျက်နှာအချို့၌ သက်တမ်း နှစ် ၂၀ အောက်ကားများ စစ်ဆေးပြီး လမ်းပေါ်ထွက်မောင်းရန် မသင့်တော်သည့် ယာဉ်စုတ်များဖြစ်ပါက EV ကားများ တင်သွင်းရန် ဖျက်သိမ်းစလစ် ထုတ်ပေးတော့မည်ဆိုသည့် သတင်းများ ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရသည်။
ယင်းနောက်တွင် မော်တော်ယာဉ်ဈေးကွက်အတွင်း ယာဉ်အိုယာဉ်ဟောင်းစလစ်အချို့ကို ပြန်ဝယ်သူအချို့နှင့် မိမိလက်ထဲရှိ မော်ဒယ်နိမ့် မော်တော်ယာဉ်အချို့ကို ပြန်လည်ရောင်းချလျက်ရှိကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။
လက်ရှိတွင် ယခင်သမ္မတဦးသိန်းစိန်လက်ထက်ကတည်းက ကျင့်သုံးခဲ့သည့် ယာဉ်အိုယာဉ်ဟောင်း လဲလှယ်မှုစနစ်မှာ ပြောင်းလဲခြင်းမရှိသေးပေ။
" ယာဉ်အိုယာဉ်ဟောင်း အပ်နှံတဲ့စနစ်က ဘာမှမပြောင်းလဲဘူး။ နဂိုအတိုင်း မပြောင်းလဲဘူး။ ဟိုးအရင်တုန်းက သတ်မှတ်ထားတဲ့အတိုင်းပဲ အပြောင်းအလဲက လုံးဝမရှိဘူး။ ကားတစ်စီးက တိုက်ကြေဖြစ်သွားရင်လည်း မော်ဒယ် Year သတ်မှတ်စရာမလိုဘူး။ ဥပမာ မော်ဒယ်က Brand News ပဲရှိသေးတယ်။ ဥပမာဆိုပါစို့။ ဆူဇူကီး ၂၀၁၈ မော်ဒယ်ပဲရှိသေးတယ်။ နှစ် ၂၀ မပြည့်သေးဘူး။ ဒါပေမဲ့ တိုက်ကြေဖြစ်သွားပြီဆိုရင် ယာဉ်အိုယာဉ်ဟောင်းစလစ်ထုတ်ပေးတယ်။ အဲ့ဒါတွေက နဂိုတည်းကရှိနေတာတွေ"ဟု မော်တော်ယာဉ်ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။
ယာဉ်အိုယာဉ်ဟောင်းစလစ်ထုတ်ယူမှုတွင်လည်း မိမိအသုံးပြုနေသည့် မော်တော်ယာဉ်မှာ နှစ် ၂၀ ကျော်နေသော်လည်း မိမိ၏ စိတ်ဆန္ဒအရသာ အပ်နှံထုတ်ယူနိုင်ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ရန်ကုန်မြို့ရှိ လမ်းများပေါ်တွင် သက်တမ်းနှစ် ၂၀ ကျော်ပြီဖြစ်သော်လည်း ကြံ့ခိုင်မှုကောင်းမွန်သဖြင့် အများပြည်သူအချို့မှာ သုံးစွဲနေဆဲဖြစ်သည်။
" နှစ် ၂၀ ပြည့်သွားတဲ့ကားတွေ အများကြီးရှိတယ်။ တချို့ဆို ကားကိုင်သန့်တော့ ကြံ့ခိုင်မှုကလည်း တော်တော်လေးကို ကောင်းတယ်။ ဈေးတွေကလည်း အနည်းဆုံး သိန်းတစ်ထောင်အထက်မှာပဲရှိတယ်။ အဲ့ဒီလိုကားတွေအများကြီးရှိတာပဲ။ နှစ် ၂၀ ပြည့်တိုင်း အပ်ရမယ်ဆိုရင် မာခ့်တူး၊ ရွှေငါးတွေတောင် မလွတ်ဘူး။ အဲ့ဒီကားတွေက ကြံ့ခိုင်မှုလည်း ကောင်းနေသေးတာတွေ အများကြီးရှိတယ်" ဟု မော်တော်ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
ဦးသိန်းစိန်လက်ထက်ကတည်းက အသုံးပြုခဲ့သည့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုစနစ်မှာ အစိုးရအဆက်ဆက်တွင် ပြောင်းလဲမှုမရှိသေးဘဲ ရပ်တန့်နေခြင်းလည်းမရှိဟု မော်တော်ယာဉ်ရောင်းဝယ်သူများထံမှ သိရသည်။
" ယာဉ်အိုယာဉ်ဟောင်းစနစ်က ကြားထဲမှာ ရပ်သွားတယ်ဆိုတာ မရှိသေးဘူး။ ယာဉ်အသုံးပြုနေတဲ့ သူတွေလည်း ဘာမှ စိတ်ပူစရာမလိုဘူး။ ဒါက နဂိုကတည်းကရှိပြီးသား။ အပ်တယ်ဆိုတာက ပိုင်ရှင်ရဲ့ သဘောတူညီချက်နဲ့ပဲ အပ်လို့ရတယ်။ ပိုင်ရှင်က မအပ်ချင်တဲ့ကားတွေဆိုရင် ဥပမာဗျာ ယာဉ်အိုယာဉ်ဟောင်းဖြစ်ပေမယ့် နှစ် ၂၀ ပြည့်ပေမယ့် သိန်းထောင်ချီတန်တဲ့ကားတွေရှိတယ်။ မိသားစု မရောင်းတဲ့ကားတွေရှိတယ်။ အပ်စရာမလိုဘူး။ အပ်ချင်တဲ့သူက အပ်လို့ရတယ်" ဟု မော်တော်ယာဉ်ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။
လက်ရှိအသုံးပြုနေဆဲဖြစ်သည့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုစနစ်တွင် နှစ် ၂၀ ဆိုသည်မှာ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်မှတ်ပုံတင်သည့် သက်တမ်းကိုသာ သတ်မှတ်ထားခြင်းဖြစ်ပြီး မဖြစ်မနေအပ်ရမည်ဆိုသည့် မူဝါဒ မချမှတ်ထားကြောင်း သိရသည်။
" အရင်က ၂၀၁၁ တုန်းက မြန်မာနိုင်ငံမှာ ယာဉ်မှတ်ပုံတင်တဲ့သက်တမ်း ပေါ်မူတည် သတ်မှတ်ခဲ့တယ်။ ဒါပေမယ့်လည်း မဖြစ်မနေ အပ်ရမယ်လို့တော့ မူဝါဒ မချမှတ်ထားပါ။ မအပ်ချင်လည်း ရပါတယ်။ အခုထိ ၁၉၈၇ Van ကားတွေ လိုင်စင်သက်တမ်းရှိဆဲ ကားတွေ ရှိနေပါသေးတယ်။ ယာဉ်ကြံ့ခိုင်မှု့ မရှိတော့လို့ ကိုယ့်သဘောဆန္ဒအရ အရည်ကျိုအပ်ချင်လည်း စလစ်ထုတ်ပေးပါတယ်။ ဥပမာပြောရရင် မြန်မာနိုင်ငံ စက်မှု (၂) ဝန်ကြီးဌာနက ကားတွေ ၂၀၀၇ ကနေ ၂၀၁၀ လောက်အထိ ထုတ်တဲ့ MSW ( Myanmar Station Wagon) ကားတွေ ထုတ်လုပ်ခုနှစ် ၂၀၀၇-၂၀၁၀ အတွင်း ကားတွေ တစ်စီးမှ မကျန်တော့ပဲ အားလုံးအရည်ကျို အပ်ခဲ့ကြပြီးပြီ မဟုတ်လား။ သက်တမ်းအရ ပြောကြေးဆိုရင် နှစ် (၂၀) က ၂၀၃၀ မှ ပြည့်မှာလေ ဘာလို့ အရည်ကျိုအပ်ပြီးသွားကြတာလဲ။ မိမိသဘောဆန္ဒအရ အပ်ကြတာပေါ့။ (4L) နံပါတ်နောက်ပိုင်း ရန်ကုန်လိုင်စင် လိုချင်ရင် စလစ်ကပ်ရမယ်ဆိုတော့ ရောင်းရင် စလစ်ဈေးလောက်တောင် တန်ဘိုးမရနိုင်တော့တဲ့ကားတွေ အရည်ကျိုအပ်လိုက်ကြတာပါပဲ" ဟု မော်တော်ယာဉ်ရောင်းဝယ်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ယခုနှစ် ဧပြီလတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လက်ရှိသမ္မတဦးမင်းအောင်လှိုင်က EV ကား တင်သွင်းရာတွင် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့်စနစ်ဖြင့် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
လတ်တလောတွင်လည်း အစိုးရအနေဖြင့် EV ကော်မတီကိုလည်း ဖွဲ့စည်းထားခြင်းမရှိသေးကြောင်း မော်တော်ယာဉ်ရောင်ဝယ်သူများထံမှ သိရသည်။
" အခု EV မူဝါဒက ယာယီသမ္မတဘဝတုန်းက ပြောခဲ့တာက ရန်ကုန်လိုင်စင် စလစ်တစ်ခုတည်းနဲ့ မဟုတ်ဘဲနဲ့ EV ကို စလစ်နဲ့ တင်သွင်းခွင့်ပြုမယ၊် ပေးမယ်ဆိုတဲ့ဟာက မူဝါဒက မထွက်သေးဘူး။ EV ကို ဘယ်လိုတင်သွင်းမလဲဆိုတာ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ EV ဦးဆောင်ကော်မတီဆိုတာက ပြန်မဖွဲ့ရသေးဘူး" ဟု မော်တော်ယာဉ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားရာတွင် လျှပ်စစ်သုံးယာဉ် (BEVs) များ ကနဦးမှတ်ပုံတင်ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှစ၍ ကျင့်သုံးဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံသော မော်တော်ယာဉ်များကိုသာ ရန်ကုန်လိုင်စင်ထုတ်ပေးရန် ညွှန်ကြားချက်အတိုင်း ဆက်လက်ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့် မှတ်ပုံတင်ဆောင်ရွက်လိုသော လျှပ်စစ်သုံးယာဉ်များအတွက် ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံစလစ် (ပုံစံ- ဃ) လိုအပ်ကြောင်း အသိပေးကြေညာ ထားသည်။
" နောက်ပြီး တိုက်ကြေဆိုတာရှိတယ်။ အဲ့ဒါက မော်ဒယ် Year နဲ့ မဆိုင်ဘူး။ ရိုးရိုးတိုက်တာက ပြန်ပြင်လို့ရတယ်။ ကားက လုံးဝတွန့်ကြေသွားတယ်။ Road Safety မဖြစ်တော့ဘူး။ သတ်မှတ်ထားတဲ့ ယာဉ်ဖြတ်ဆက်အစိတ်အပိုင်းမှန်လို့ရှိရင် တိုက်ကြေစလစ်ဆိုတာ မော်ဒယ်နဲ့ မဆိုင်ဘူးဘူး။ နဂိုကတည်းက ထုတ်ပေးတယ်။ အခုလည်း ထုတ်ပေးတယ်။ ခုနက အသုံးပြုလို့ရတယ်ဆိုတာက ကားက ဘာဂျာလို တွန့်ကြေသွားရင်တော့ သုံးခွင့်မပေးတော့ဘူးပေါ့။ အဲ့ဒါက မော်ဒယ်နဲ့လည်း မဆိုင်ဘူး။ ၂၀၁၈ မော်ဒယ် ဆူဇူကီး တွန့်ကြေသွားလို့ တိုက်ကြေစလစ်ထုတ်သွားတာတွေ အများကြီးရှိတယ်။ ကညနက Road Safety မဖြစ်ဘူးဆိုတာ အင်ဂျင်တို့ တော်ရုံတန်ရုံထိခိုက်ထားတာတို့နဲ့ မဆိုင်ဘူး။ ကားအစိတ်အပိုင်းကြီး ဖြတ်ဆက်ပြီး တွန့်ကြေနေတဲ့ကားမျိုးကိုပဲ စစ်တာ။ အဲ့ဒါကလည်း မော်ဒယ်Year နဲ့ မဆိုင်ဘူး။ အဲ့ဒါက ဘယ်မော်ဒယ်ပဲ ဖြစ်ဖြစ် အဲ့ဒီလိုဖြစ်နေရင် ကညနက တိုက်ကြေစလစ်ဆိုတာ ထုတ်ပေးတယ်" ဟု မော်တော်ယာဉ် ရောင်း ဝယ်သူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် မော်တော်ယာဉ်ဈေးကွက်အတွင်း နှစ် ၂၀ သက်တမ်းရှိပြီး လမ်းပေါ်ထွက်ရန် မသင့်တော်သည့် ယာဉ်စုတ်များဖြစ်ပါက EV တင်သွင်းရန် စလစ်များထုတ်ပေးမည်ဆိုသည့် သတင်းကြောင့် မော်တော်ယာဉ်ဟောင်းများကို ပြန်လည်ရောင်းချခြင်းများလည်း ရှိနေသည်။
ယာဉ်အိုယာဉ်ဟောင်းများကို ပြန်အပ်ကာ စလစ်ထုတ်ယူပြီး EV ယာဉ်များကို ပြန်လည်တင်သွင်း ရာတွင်လည်း ငွေကြေးကုန်ကျမှုများရှိမည်ဖြစ်ကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူအချို့က ပြောကြားသည်။
ယင်းကြောင့် လတ်တလော ထွက်ပေါ်နေသည့် သတင်းများကြောင့် မော်တော်ယာဉ်စီးနင်းသူအချို့မှာ စိုးရိမ်ပူပန်မှုများရှိနေပြီး မော်တော်ယာဉ်ရောင်းဝယ်သူအချို့ကလည်း မော်ဒယ်နိမ့်မော်တော်ယာဉ်များမှာ အခွန်ဆောင်ရာတွင် အများအပြားဆောင်ရမည်ဆိုသည့် စကားများဖြင့် ခြိမ်းခြောက်ကာ မော်တော်ယာဉ်များကို ပြန်ရောင်းရန် တိုက်တွန်းမှုများလည်း ရှိနေသည်ဟု သိရသည်။
" ကျွန်တော်က အသက် ၇၀ ရှိပါပြီ။ ကျွန်တော်တို့ လင်မယားနှစ်ယောက်မှာ ကားလေး တစ်စီးပဲ ရှိပါတယ်။ ထပ်လည်း မဝယ်နိုင်ပါဘူး။ ကျွန်တော်ရဲ့ ၂၀၀၂ ခုနှစ်မော်ဒယ် 2.0 CC Mark II ကားလေးက အခု သိန်း တစ်ထောင်ဝန်းကျင်လောက် ပေါက်ဈေးရှိတယ် ပြောတယ်။ ကျွန်တော့်ကားမော်ဒယ်အပါအဝင် နှစ် ၂၀ ကားတွေ ဖျက်တော့မယ်ဆိုတော့ ပွဲစားက လာပြောတယ်။ အန်ကယ် ၅၀၀ လောက်နဲ့ ချရောင်းလိုက်တော့လို့ ပြောတယ်။ တစ်နှစ်၊ တစ်နှစ်ကို ဟိုပေးရ ဒီပေးရမှာနဲ့ လိုင်စင်ဝင်ခနဲ့ တစ်ခါလိုင်စင်ဝင် သိန်း ၅၀ လောက်ကျမှာဆိုတော့ ရောင်းခိုင်းနေတယ်။ ဒါကို ရောင်းပြီးတော့ ယာဉ်အိုယာဉ်ဟောင်းကပ်ပြီးတော့ EV ကားဝယ်ဖို့ကျပြန်တော့လည်း ငွေက မရှိဘူး။ ဒါကြောင့် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကလိုပဲ ယာဉ်အိုယာဉ်ဟောင်း မူဝါဒကို လုပ်စေချင်တယ်။ ကျွန်တော့်ကားက မောင်းလို့ရသေးတယ်။ တရုတ်ကားတွေနဲ့လည်း ယှဉ်မောင်းလို့ရတယ်။ ကားကလည်း ကောင်းတယ်။ ကားအပိုပစ္စည်းကလည်း ပေါတယ်။ ကားအောက်ပိုင်းတွေလည်း ကောင်းတယ်။ ဘယ်လိုနည်းနဲ့မှ ယာဉ်အိုယာဉ်ဟောင်းဆိုပြီး ပစ်ရက်စရာ မရှိဘူး။ တိုက်ကြေဆိုရင်လည်း Incentive ပေး။ အပ်ခိုင်း။ မဟုတ်ဘဲ အခုရှိနေတဲ့စနစ်ကို ဖျက်ပြီးတော့ မူဝါဒအသစ် တွေနဲ့ နှစ် ၂၀ အောက်ကားတွေ ဖျက်ကိုဖျက်ရမယ်ဆိုပြီး ကညနကို အတင်းကြီးလုပ်ခိုင်းလိုက်ရင် နောက်ဆက်တွဲ အဂတိတွေ များလာနိုင်တယ်။ အခုတောင် ပွဲစားက လာပြောနေပြီ။ ကညနမှာ လိုင်စင်ဝင်ရင် တစ်ခါဝင်ရင် သိန်း ၅၀၊ ၁၀၀ ကျမယ်။ မော်ဒယ်နိမ့်တွေက အဲဒီလောက်ကျမယ်ဆိုပြီး ပြောနေတယ်။ ဘာမှမဟုတ်တဲ့ သတင်းတွေနဲ့ တချို့ကားပွဲစားတွေက ကြောက်လန့်အောင် ခြိမ်းခြောက်ပြီး အမြတ်ကြီးစားဖို့ လာဘ်ပေးလာဘ်ယူလုပ်ဖို့ Ready ဖြစ်နေကြပြီ" ဟု နှစ် ၂၀ အောက် မော်တော်ယာဉ်သုံးစွဲသူ ပင်စင်စားတစ်ဦးက ပြောကြားသည်။














