ဒေသတွင်း ဘက်စုံချိတ်ဆက်မှုများ ပိုမိုအားကောင်းလာစေရန် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ (China- Myanmar-Bangladesh Economic Corridor) တည်ဆောက်ရေးကို ရှေ့ရှုလျက်၊ အရည်အသွေးမြင့်မားသော "ရပ်ဝန်းနှင့် ပိုးလမ်းမ" (Belt and Road) ပူးပေါင်းဆောင်ရွက်မှုများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ လက်တွဲဖော်ဆောင်သွားရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံက ပြောကြားလိုက်ပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကို ပိုမို ဟန်ချက်ညီညီ ပေါင်းစပ်သွားရန်လည်း ရည်ရွယ်ထားသည်ဟုဆိုသည်။
ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်သမ္မတ ရှီကျင်းပင်နှင့်ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တာရစ်ရာမန်တို့ ဇွန်၂၆ ရက်တွင် တွေ့ဆုံခဲ့ကြရာ၌ သမ္မတ ရှီကျင်းပင်ကက တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုရှိစေရန်၊ ဘေးကင်းလုံခြုံပြီး သာယာဝပြောသောအိမ်နီးနား ချင်း ပတ်ဝန်းကျင် ဖြစ်ထွန်းလာစေရန်ဟူသော မူဝါဒကို ကိုင်စွဲထားကြောင်း အလေးအနက် ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ချစ်ကြည်ရင်းနှီးမှု၊ ရိုးသားတည်ကြည်မှု၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှုနှင့် အားလုံးပါဝင်နိုင်မှုဟူသော အခြေခံမူများကိုလည်း လက်ခံကျင့်သုံးလျက်ရှိသည်ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အိမ်နီးချင်းနိုင်ငံများအတွက် အခွင့်အလမ်းသစ်များနှင့် တက်ကြွသော တွန်းအားသစ်များကို ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန၏ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။
တွေ့ဆုံရာ၌ ခေါင်းဆောင်နှစ်ဦးသည် ခေတ်သစ်တစ်ခုတွင် "ရည်မှန်းချက်တူညီသောအနာဂတ်ဖြင့်ဘင်္ဂလားဒေ့ရှ်-တရုတ် အသိုက်အဝန်း" (Bangladesh-China community with a shared future) ကို ပူးပေါင်းတည်ဆောက်သွားမည်ဟု ပူးတွဲကြေညာခဲ့ကြပြီး၊ နှစ်ဦးနှစ်ဖက်ဆက်ဆံရေးများကို ပိုမိုမြင့်မားသော အဆင့်အထိ မြှင့်တင်သွားမည်ဟု ဆိုသည်။
သမ္မတ ရှီကျင်းပင်က တရုတ်နိုင်ငံသည်ဘင်္ဂလားဒေ့ရှ်-တရုတ် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုကို အစဉ်တစိုက် အလေးအနက် တန်ဖိုးထားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ် ပြည်သူ များအပေါ်အိမ်နီးချင်းကောင်းပီသမှုနှင့် ချစ်ကြည်ရင်းနှီးမှု မူဝါဒအားတည်ကြည်စွာ စောင့်ထိန်းလာခဲ့သည်ဟုပြောကြားခဲ့သည်။
ကမ္ဘာကြီး မည်မျှပင် ပြောင်းလဲစေကာမူ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တရုတ်နိုင်ငံချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး၏ အဓိက ဦးတည်ချက်နှင့်ပတ်သက်၍တရုတ်နိုင်ငံ၏ ကတိကဝတ်သည် မည်သည့်အခါမျှ ယိမ်းယိုင်သွားမည်မဟုတ်ကြောင်း၊တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အစဉ်အမြဲ ယုံကြည်အားထားရသော မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်းနှင့် မိတ်ဖက်ကောင်းအဖြစ် ရှိနေမည်ဖြစ်ကြောင်းသမ္မတရှီကျင်းပင်က အခိုင်အမာ ပြောကြားခဲ့သည်ဟု ဆိုသည်။
စီးပွားရေးစင်္ကြံ တည်ဆောက်ရေးအဆိုပြုချက်သည် သမ္မတနှစ်ဦးတွေ့ဆုံခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟုဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ မာဒီအာမင်က ပြောကြားခဲ့သည်။
ခေါင်းဆောင်နှစ်ဦး တွေ့ဆုံအပြီးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မာဒီအာမင်က နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဒေသတွင်း ချိတ်ဆက်မှု ကဏ္ဍများနှင့် စပ်လျဉ်း၍ အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။
၎င်းက "သမ္မတ ရှီကျင်းပင်နဲ့ ဝန်ကြီးချုပ် တာရစ်ရာမန်တို့ဟာ ဒေသတွင်း ချိတ်ဆက်မှု အခန်းကဏ္ဍကို အသေးစိတ် ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ တရုတ် သုံးနိုင်ငံကို အပြန်အလှန် ချိတ်ဆက်ပေးနိုင်မယ့် စီးပွားရေးစင်္ကြံတစ်ခုကို ဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မလဲဆိုတဲ့ အဆိုပြုချက်ကို အလေးအနက်ထား ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်" ဟု ရှင်းလင်း ပြောကြားခဲ့သည်။















