■ တောင်ကြီးမြို့တွင် အမေရိကန် ဒေါ်လာသန်း ၁၇၄ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ ဖျက်ဆီး

■ တောင်ကြီးမြို့တွင် အမေရိကန် ဒေါ်လာသန်း ၁၇၄ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ ဖျက်ဆီး
Published 26 June 2026

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် အမေရိကန် ဒေါ်လာသန်း ၁၇၄ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

(၃၉)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိသည့် အမေရိကန်ဒေါ်လာ သန်း ၁၇၄ သန်း ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်ဓာတုပစ္စည်းများ မီးရှိဖျက်ဆီးခြင်းအခမ်းအနားကို ဇွန် ၂၆ရက် နံနက် ၈ နာရီတွင် မြို့တော်ခန်းမတွင် ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကာ၊ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းတွင် မနက်ပိုင်း ၁၀ နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် မူးယစ်ဆေးဝါး အမျိုးအစားပေါင်း ၂၄ မျိုး၊ စုစုပေါင်း ကျပ်သန်း ၅၈၇၁၂၅ သန်းကျော်၊ ကျပ် ဘီလီယံပေါင်း ၅၈၇ . ၁၂၅၇ ၊ စုစုပေါင်း ဒေါ်လာသန်း ၁၇၄ .၇၃၉၈ ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။  

အဆိုပါ အခမ်းအနားတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုများကို တိုက်ဖျက်နှိမ်နင်းနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အထူးစစ်ဆင်ရေးများနှင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်အတွင်း အထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ ယနေ့အထိ (၂၃)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခုလက်ရှိတွင်လည်း မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ Operation 42 အထူးစစ်ဆင်ရေးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စီမံချက်ချမှတ်ကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်းရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ် ကျော်ကျော်ဟန်မှ ရှင်းလင်းတင်ပြခဲ့သည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေနဲ့ ရှမ်းပြည်နယ်အတွင်းမှာ ၂၀၂၄ ခုနှစ်တွင် အမှုပေါင်း ၁၁၈၆ မှု၊ တရားခံပေါင်း ၁၅၉၅ ဦး၊ ၂၀၂၅ ခုနှစ်မှာလည်း အမှုပေါင်း ၁၂၁၇ မှု၊ တရားခံပေါင်း ၁၆၃၁ ဦး၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၂၄ ရက်အထိ ကာလမှာ အမှုပေါင်း ၆၆၂ မှု၊ တရားခံပေါင်း ၈၃၄ ဦးတို့ကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အတွင်း ဘိန်းခင်းဖျက်ဆီးမှုအနေနဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် ဘိန်းစိုက်ရာသီမှာ ၅၇၁၃ ဧကကျော်၊ ၂၀၂၃-၂၀၂၄ ဘိန်းစိုက်ရာသီမှာ ၆၉၉၉ ဧကကျော်၊ ၂၀၂၄-၂၀၂၅ ဘိန်းစိုက်ရာသီမှာ ၄၇၃၄ ဧကကျော်၊ ၂၀၂၅-၂၀၂၆ ဘိန်းစိုက်ရာသီမှာ ၁၁၆၁၅ ဧကကျော်တို့ကို ဖျက်ဆီးနိုင်ခဲ့ ကြောင်းသိရသည်။

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC)နဲ့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)တို့ ပူးပေါင်းပြီး တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုင်းတာရေးနှင့် ဘိန်းစိုက်ဒေသရှိ တောင်သူများ၏ လူမှုစီးပွားစစ်တမ်းကောက်ယူရေးလုပ်ငန်းများကို ၂၀၀၁ ခုနှစ်မှစပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ချနိုင်ရန်အတွက် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့၊ သီးနှံများအစားထိုးစိုက်ပျိုးရေးအဖွဲ့နဲ့ မွေးမြူရေးအဖွဲ့တို့က အဓိကတာဝန်ယူဆောင်ရွက်လျက်ပြီး အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကို လျှော့ချလျက်ရှိပါကြောင်း ပြောကြားချက်အရ သိရသည်။

ယခုနှစ်တွင် ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးအမှုများအနက် တရားရုံးစီရင်ပြီးပြတ်ခဲ့သော အမှုပေါင်း ၁၃၀၈ မှုမှ မူးယစ်ဆေးဝါး အမျိုးအစား ၂၄ မျိုး၊ ဓာတုပစ္စည်းအမျိုးအစား ၆၉ မျိုး၊ တန်ဖိုးအားဖြင့် မြန်မာငွေကျပ် ၆၁၇ ဘီလီယံကျော်အား မီးရှို့ဖျက်ဆီးသွားမှာဖြစ်ပါကြောင်း ရှင်းလင်းတင်ပြချက်အရ သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆိုလျှင် ၂၀၂၄ ခုနှစ်တွင် မြန်မာငွေကျပ် ၁၁၆၃ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်မှာ မြန်မာငွေကျပ် ၁၀၇၂ ဘီလီယံကျော်၊ ယခု ၂၀၂၆ ခုနှစ်တွင် မြန်မာငွေကျပ် ၂၂၀၉ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို ဒီကနေ့မှာ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း မီးရှို့ဖျက်ဆီးသွားမှာ ဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်အနေနဲ့ မူးယစ်ဆေးဝါးကင်းစင်သော လူ့ဘောင်တစ်ရပ် ဖော်ဆောင်နိုင်ရန် မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်အညီ မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေး၊ လူ့အခွင့်အရေး ပြဌာန်းချက်များနှင့်အညီ ရှိစေရေး၊ စိတ်ပြောင်းဆေးဝါးသစ်များ ပေါ်ပေါက်နေမှု ပြဿနာများအား ထိန်းချုပ်ရေးနှင့် အစားထိုးဖွံ့ဖြိုးရေး စတဲ့လုပ်ငန်းများကို လူမှုအဖွဲ့အစည်းအလွှာအသီးသီးရဲ့ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်းသိရသည်။

Most Read

Most Recent