(၃၉)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိသည့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို ဇွန် ၂၆ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရန်ကုန်အနောက်ပိုင်းကုန်တင်ယာဉ်ရပ်နားကွင်း၌ ကျင်းပခဲ့သည်။
မီးရှို့ဖျက်ဆီးရာတွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တနင်္သာရီတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့နှင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသော အမှုများအနက် တရားရုံးပြီးပြတ်ချက်ရရှိပြီဖြစ်သည့် အမှုပေါင်း (၂၇၇၉) မှုမှ မူးယစ်ဆေးဝါးများဖြစ်ကြောင်း သိရသည်။
မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါး အမျိုးအစား (၃၁)မျိုးဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း၃၀၀ ကျော် တန်ဖိုးရှိကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် စာရင်းစစ်ချုပ်၊ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အရာရှိကြီးများ၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။















