စည်းကမ်းဖောက်ဖျက်ကျူးလွန်သည့် မော်တော်ယာဉ်များကို Viber မှတစ်ဆင့်တိုင်ကြားနိုင်ပြီး YGN မော်တော်ယာဉ်များ လိုင်စင်သက်တမ်းတိုးမည်ဆိုပါက ပြစ်မှုကင်းရှင်းကြောင်း သက်သေခံစာရွက် ထုတ်ပေးမည်

စည်းကမ်းဖောက်ဖျက်ကျူးလွန်သည့် မော်တော်ယာဉ်များကို Viber မှတစ်ဆင့်တိုင်ကြားနိုင်ပြီး YGN မော်တော်ယာဉ်များ လိုင်စင်သက်တမ်းတိုးမည်ဆိုပါက ပြစ်မှုကင်းရှင်းကြောင်း သက်သေခံစာရွက် ထုတ်ပေးမည်
Published 5 June 2026

စည်းကမ်းဖောက်ဖျက်ကျူးလွန်သည့် မော်တော်ယာဉ်များကို Viber မှတစ်ဆင့်တိုင်ကြားနိုင်ပြီး YGN မော်တော်ယာဉ်များ လိုင်စင်သက်တမ်းတိုးမည်ဆိုပါက ပြစ်မှုကင်းရှင်းကြောင်း သက်သေခံစာရွက် ထုတ်ပေးမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ထုတ်ပြန်သည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ကျူးလွန်သည့် မော်တော်ယာဉ်များကို တိုင်ကြားမည်ဆိုပါက အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးရှိ Online Complain Centre(OCC) Viber ဖုန်းနံပါတ် ၀၉၇၇၇၄၃၆၂၃၂ သို့နေ့ရက်၊ အချိန်၊ နေရာ၊ ပြစ်မှုထင်ရှားသည့် မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုများနှင့်အတူ ပေးပို့တိုင်ကြားနိုင်သည်ဟု ကောင်စီက ဖော်ပြသည်။

 " ယာဉ်မရပ်ရတဲ့နေရာတွေမှာ စည်းကမ်းမဲ့ရပ်နေတာတွေကို တိုင်ကြားနိုင်တယ်။ မည်သူမဆို တရားလိုပုံစံနဲ့ တိုင်ကြားနိုင်တယ်။ ကိုယ့်နာမည်တွေ ဖုန်းနံပါတ်တွေ ရေးစရာမလိုဘူး။ ကားပုံလေးပို့လိုက်၊ဘယ်နေ့ ဘယ်ချိန် ဘယ်လမ်းမှာ စည်းကမ်းမဲ့ရပ်တန့်နေပါတယ်ဆိုပြီး ပို့လိုက်ရင်ရပြီ" ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 ထို့ပြင် ယာဉ်သက်တမ်းတိုးဆောင်ရွက်မည်ဆိုပါက ပြစ်မှုကင်းရှင်းကြောင်းသက်သေခံအထောက်အထား၊ စာရွက်စာတမ်းကို ပုဇွန်တောင်ရှိ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှုသေးစစ်ဌာနတွင်လည်းကောင်း၊မြင်သာ၊ အင်းစိန်၊ ဒဂုံတောင်၊ ရွာသာကြီး၊ သန်လျင်တို့ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန One Stop Services များတွင်လည်းကောင်း ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

" ချလံနဲ့ ဖြတ်ဖမ်းတဲ့အမှုတွေ လာမရွေးကြတာတွေပေါ့။ မြောက်ပိုင်းခရိုင်မှာ အဖမ်းခံရတဲ့ယာဉ်တွေဆိုရင် အင်းစိန်မှာရွေးလို့ရတယ်။ ရန်ကုန်အနောက်ပိုင်းမှာဆိုရင် ဒဂုံဘက်တွေမှာပေါ့။ အဲ့ဒါတွေကို သုံးလကျော်လို့ လာမရွေးဘူးဆိုရင် ရဲမှုရင်မဆိုင်အနေနဲ့ အဲဒါက ဘယ်မှာလာဝင်သလဲဆိုတော့ ၅၁ လမ်း ကွန်ပြူတာမှာ လာဝင်တယ်။ အဲဒါတွေက လိုင်စင်သက်တမ်းတိုးတဲ့အချိန်မှာ သွားပေါ်တာပေါ့။

အမှုပေါ်ခဲ့ရင် အမှုကို ဒဏ်ငွေဆောင်ပြီးမှဒီကနေ အမှုကင်းရှင်းကြောင်း ထောက်ခံစာ ထုတ်ပေးမှာပေါ့။ ခုနက အွန်လိုင်းစင်တာကို စည်းကမ်းမဲ့ရပ်တန့်လို့ တိုင်တာရှိသလို မီးနီဖြတ်သွားတာလည်းရှိတယ်။ နောက်တခုက ချလံဖြတ်အဖမ်းခံရတာတွေ

အနည်းဆုံးတော့ အဲ့ဒီသုံးမျိုးနဲ့ အရေးယူတာတွေကို လာပြီး အချိန်မီလာမရွေးတဲ့အခါကျရင် ကွန်ပြူတာမှာ ရဲမှုမှတ်တမ်းဝင်သွားတာပေါ့။ လိုင်စင်တိုးတဲ့အခါကျရင် ဒါတွေ ပေါ်တတ်တယ်။ သူများကားကို ကိုယ်က

ဝယ်တဲ့အခါကျရင်လည်း ရဲမှုရှိရင် လိုင်စင်သက်တမ်းတိုးရင် ပေါ်တတ်တယ်လေ။ ရှိတယ်ဆိုရင် သွားဆောင်လိုက်၊ ဆောင်ပြီးပြီဆိုမှ ကင်းရှင်းကြောင်းရတာ" ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent