ရှမ်းပြည်နယ်တွင် တောင်သူပေါင်း တစ်သောင်းခန့်ကို ငွေကျပ် ၁ ဒဿမ ၆ ဘီလီယံ စိုက်ပျိုးရေး ချေးငွေ ထုတ်ချေးပေးထားကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ် ရှမ်းပြည်နယ်ထံမှ သိရသည်။
စိုက်ပျိုးရေး စားရိတ်ချေးငွေမှာ တစ်နှစ်တွင် ၃ မျိုးရှိကြောင်း၊မိုးရာသီ စိုက်ပျိုးရေးစားရိတ်ချေးငွေမှာ အများဆုံးချေးရသော ချေးငွေ ဖြစ်ကြောင်း၊ဆောင်းရာသီ စိုက်ပျိုးရေးစားရိတ်ချေးငွေနှင့် မိုးကြိုရာသီစိုက်ပျိုးရေးစားရိတ်ချေးငွေဟူ၍ ၃ မျိုး ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရှမ်းပြည်နယ် မန်နေဂျာ ဦးဘကျော်တင်က ဆိုသည်။
၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးရေး စားရိတ် ချေးငွေ ကာလ တွင် မေလ မှ စတင်၍ စက်တင်ဘာလ တွင် ချေး၍ပြီးဆုံးကြောင်း ၊ လောလောဆယ် ဇူလိုင်လ ၁၇ ရက် အထိ တောင်သူ ဦးရေ ပေါင်း တစ်သောင်းခန့် ၊ သီးနှံ ဧကပေါင်း ၆၀၀၀၀ ကျော် နှင့် ချေးငွေ ပမာဏ ၁၆ ဘီလီယံ (ကျပ်သိန်းပေါင်း တစ်သောင်းခြောက်ထောင်) ကျော် ထုတ်ချေးပေးထားကြောင်း သိရသည်။
ယခင်နှစ် ကာလတူ နှိုင်းယှဉ်ချက်အရာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၇ ရက် အထိ ငွေကျပ် သိန်းပေါင်း ၉၀၉၄၅.၀၉ သိန်းကျော် ထုတ်ချေးပေးခဲ့ခြင်း ရှိကြောင်း သိရသည်။
“လက်ရှိကာလ ကတော့ တောင်သူ ဦးရေ ပေါင်း တစ်သောင်းခန့် ၊ သီးနှံ ဧကပေါင်း ၆၀၀၀၀ ကျော် နှင့် ချေးငွေ ပမာဏ ၁၆ ဘီလီယံ (ကျပ်သိန်းပေါင်း တစ်သောင်းခြောက်ထောင်) ကျော် ချေးထားပါတယ်” မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ် ရှမ်းပြည်နယ် မန်နေဂျာ ဦးဘကျော်တင်က ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပိုမို များပြားခြင်း ဖြစ်ကာ ရပ်စောက်မြို့နယ် တွင် တောင်သူ ပိုမို များပြားသဖြင့် ချေးငွေလည်း များပြားကြောင်း သိရသည်။
“ နိုင်ငံတော်ကလည်း ပုံစံ အမျိုးမျိုး နဲ့ ချေးငွေ တွေ ပံ့ပိုးပေးနေတာ ရှိပါတယ်။ အဲဒါတွေကို ရဖို့ အတွက် ကိုယ့်ဘက်က လိုအပ်ချက်တွေကို ပြင်ဆင်ဖို့ လိုတာပေါ့နော်။ အထောက်အထားလေးတွေ ပိုင်ဆိုင်မှု အထောက်အထားလေးတွေပေါ့။ လုပ်ငန်း ဆိုရင်လည်း တည်ဆောက်ထားတဲ့ မြေနေရာတွေဟာ တခြားနည်း သုံးစွဲခွင့် ရဖို့ ဒါ တကယ် တရားဝင်ဖြစ်ဖို့အတွက် တောင်သူတွေ ရော လုပ်ငန်းရှင် တွေရော ဆောင်ရွက်ဖို့ လိုတာပေါ့။ ပြီးတော့ ဘဏ်စနစ် အကြောင်းကိုလည်း သိထားရမယ်။ ဘဏ်စနစ် ၊ ဘဏ်ချေးငွေ ရဖို့အတွက် ဘယ်လို အထောက်အထား အချက်အလက်တွေ ပြည့်စုံ ရမယ် ဆိုတာလည်း သိဖို့လိုတယ်။ ပြီးတော့ လယ်ယာနဲ့ပတ်သက်တဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ကို နားလည်ပြီးတော့ လုပ်ငန်းတွေ မြေနေရာတွေကို ဥပဒေနဲ့အညီ လုပ်ထားဖို့ လိုတာပေါ့။ ပြီးတော့ လုပ်ငန်းရှင် တွေ ဆိုရင် လုပ်ငန်း နဲ့ ပတ်သက်တဲ့ စာရင်းဇ ယားလေးတွေကို စနစ်တကျ ဆောင်ရွက်ထားဖို့ လိုတယ်။ အဲ့ဒီ စာရင်း ဇယားလေးတွေကလည်း ချေးငွေ ရရှိရေး မှာ အရေးကြီး ပါတယ်။ အဲဒါလေးတွေလည်း ဘဏ်တွေကို တင်ပြရတယ်။ လုပ်ငန်းက ဘယ်လောက်အောင်မြင် နေတယ်။ ဘယ်လောက်ဝင်ငွေ ရှိတယ်။ ဘယ်လောက် အကျိုးအမြတ် ရှိတယ် ဆိုတာ စာရင်း ဇယား တွေ ကြည့်ရတာပေါ့။ အဲဒါလေးတွေ လုပ်ဖို့ လိုပါတယ်”ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရှမ်းပြည်နယ် မန်နေဂျာ ဦးဘကျော်တင် က ဆိုသည်။
ရှမ်းပြည်နယ်တွင် ယခင်နှစ် အဆက်ဆက် စိုက်ပျိုးရေး စားရိတ် အကြွေးကျန် ဆိုသည်မှာ မရှိခဲ့ဖူးကြောင်း၊ လက်ရှိကာလ မတည်ငြိမ်မှုကာလတွင် ကျန်ရှိခြင်းများ ရှိလာကြောင်း၊ မိုးမိတ် ၊ ဖယ်ခုံ နှင့် ရှမ်းမြောက် ရှိ မြို့ အနည်းငယ် တို့တွင် ကြွေးကျန် အနည်းငယ်သာ ရှိလာခဲ့ကြောင်း ၊ သိရသည်။















