အင်ချွန်းမြို့ရှိ တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး E-commerce ကုမ္ပဏီ Coupang ၏ ကုန်လှောင်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၅၂ နာရီကျော်အထိ မီးမငြိမ်းသေးဘဲ ဆက်လက်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ထုတ်ပြန်ထားသည်။
အဆောက်အအုံတစ်စိတ်တစ်ပိုင်း ပြိုကျနိုင်သည့် အန္တရာယ်ကြောင့် အနီးပတ်ဝန်းကျင်ရှိ စက်ရုံများနှင့် စီးပွားရေးလုပ်ငန်းများကိုလည်း အရေးပေါ်ရွှေ့ပြောင်းရန် ညွှန်ကြားထားသည်။
ဇူလိုင် ၁၈ ရက် နံနက် ၆ နာရီ ၅၄ မိနစ်ခန့်တွင် အဆောက်အအုံခြောက်ထပ်၌ မီးစတင်လောင်ခဲ့ပြီး ခုနစ်ထပ်သို့ မီးကူးစက်ခဲ့ကာ အဆောက်အအုံအတွင်းရှိ ဝန်ထမ်းအားလုံးကို ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း Coupang က ထုတ်ပြန်သည်။
မီးလောင်သည့် အကြောင်းရင်းကို မသိရသေးသော်လည်း အဆိုပါကုန်လှောင်ရုံတွင် အိမ်သုံးပစ္စည်းများ၊ စက္ကူပုံးများ၊ ဗီနိုင်းထုပ်ပိုးပစ္စည်းကဲ့သို့ မီးလောင်လွယ်သည့် ပစ္စည်းအများအပြား သိုလှောင်ထားသည်ဟု သိရသည်။
အဆောက်အအုံတွင် အထပ်ရှစ်ထပ်ရှိပြီး စုစုပေါင်းကြမ်းခင်းဧရိယာ စတုရန်းမီတာ ၂၉၉၀၀၀ ခန့်ရှိကာ ဘောလုံးကွင်း ၄၂ ကွင်းခန့်နှင့် ညီမျှသည့် အရွယ်အစားရှိသည်။
Coupang သည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး အွန်လိုင်းစျေးဝယ်လုပ်ငန်းဖြစ်ပြီး အမေရိကန်အခြေစိုက် Coupang Inc ၏ လက်အောက်ခံကုမ္ပဏီလည်းဖြစ်သည်။
လက်ရှိတွင် မီးလောင်မှုကြောင့် လုပ်ငန်းလည်ပတ်မှုအပေါ် သက်ရောက်မှုနှင့် ဘဏ္ဍာရေးဆုံးရှုံးမှု ပမာဏကို ကုမ္ပဏီဘက်က ထုတ်ပြန်ခြင်းမရှိသေးပေ။















