အမေရိကန်ဂျာနယ်လစ်တစ်ဦးဖြစ်သည့် သောမတ်စ် ပေါကင်သည် တရုတ်အစိုးရအတွက် အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့ဖူးကြောင်း ဇွန် ၄ ရက်က ဝန်ခံထွက်ဆိုခဲ့သည်ဟု တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သောမတ်စ် ပေါကင်သည် ၂၀၁၀ ပြည့်နှစ်ကတည်းက တရုတ်နိုင်ငံတွင် နေထိုင်ပြီး တရုတ်အစိုးရပိုင် မီဒီယာအဖွဲ့အစည်း အချို့တွင် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။
၎င်းအား စက်တင်ဘာ ၁ ရက်နေ့တွင် အမေရိကန် ခရိုင်တရားရုံး၌ ပြစ်ဒဏ်ချမှတ်ရန် သတ်မှတ်ထားပြီး ၎င်းအနေဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ကြောင်း တရားရေးဝန်ကြီးဌာနက ဆိုသည်။
သောမတ်စ်ပေါကင်၏ ဖခင်ဖြစ်သူသည် ၁၉၉၀ ပြည့်လွန်နှစ်များက တက္ကဆက်ပြည်နယ် ရီပတ်ဘလစ်ကန်ပါတီ၏ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်သည်။
၎င်းတို့ သားအဖနှစ်ဦးမှာ အမည်ချင်းတူနေသဖြင့် သားဖြစ်သူ သောမတ်စ်ပေါကင်သည် လူချင်းခွဲခြားနိုင်ရန်အတွက် တွမ် မက်ဂရီဂေါဆိုသည့် ကလောင်အမည်ဖြင့် စာရေးသားလေ့ရှိသည်။
ယခုဖြစ်စဉ်သည် တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးနေသည်ဟု သံသယရှိရသော်လည်း သက်ဆိုင်ရာသို့ စနစ်တကျ အသိပေးကြေညာခြင်းမရှိသည့် လူပုဂ္ဂိုလ်များအပေါ် ဖက်ဒရယ်အစိုးရက တရားစွဲဆိုထားသည့် ဖြစ်စဉ်များစွာအနက် နောက်ဆုံးအမှုတစ်ခု ဖြစ်သည်။
ကယ်လီဖိုးနီးယားပြည်နယ် အာကေးဒီးယားမြို့၏ မြို့တော်ဝန်ဟောင်း အိုင်လင်း ဝမ်သည်လည်း တရုတ်အစိုးရအတွက် အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း ပြစ်ဒဏ်စီရင်မှုကို ခံယူရန် မေလက သဘောတူညီခဲ့သည်။
အိုင်လင်းဝမ်သည် ပေကျင်းအစိုးရကို အကျိုးရှိစေမည့် သတင်းဆောင်းပါးများ မျှဝေခြင်း အပါအဝင် တရုတ်အရာရှိများ၏ စေခိုင်းချက်များကို လုပ်ဆောင်ပေးခဲ့သည်ဟု စွပ်စွဲခံထားရသူ ဖြစ်သည်။
နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးများ၏ လက်ထောက်ဟောင်းဖြစ်သူ လင်ဒါ ဆန်သည်လည်း တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
ဆန်သည် ပြည်ပအစိုးရတစ်ခု၏ အေးဂျင့်အဖြစ် မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊ ငွေကြေးခဝါချရန် ၎င်း၏ခင်ပွန်းနှင့် ပူးပေါင်းကြံစည်ခြင်းနှင့် အမေရိကန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နိုင်ရေးအတွက် ဗီဇာလိမ်လည်မှု ကျူးလွန်သူများကို ကူညီပေးခြင်း စသည့် စွဲချက်များနှင့်ပတ်သက်ပြီး အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလက ပြုလုပ်ခဲ့သော တရားစီရင်မှုတွင် ဖက်ဒရယ်ဂျူရီအဖွဲ့က တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့သဖြင့် ဂျူရီအဖွဲ့အတွင်း သဘောတူညီမှု မရရှိ၍ စီရင်မှု မပြီးမြောက်ခြင်းဆိုသည့် အခြေအနေနှင့် အဆုံးသတ်ခဲ့သည်။
သောမတ်စ် ပေါကင်အနေဖြင့် အမေရိကန်အစိုးရက သတ်မှတ်ထားသည့် ပုံစံအချို့ကို ကြိုတင်ဖြည့်စွက်ခြင်းမရှိဘဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အေးဂျင့်အဖြစ် အလုပ်လုပ်ခဲ့မှုအပေါ် တာဝန်သိစွာ လက်ခံခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ ရှေ့နေဖြစ်သူ ချားလ်စ် ဘန်းဟမ်းက ပြောကြားခဲ့သည်။
Ref: AP















