မကြာသေးမီက ရှန်ဟိုင်းတွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်တုညီလာခံ (WAIC)ကို ကျင်းပခဲ့သည်။ ၂၀၁၈ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့သည့် အဆိုပါညီလာခံသည် ယခုနှစ်တွင် ၉ ကြိမ်မြောက်ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖိန်ကိုယ်တိုင် ယခုနှစ်တွင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ ညီလာခံဖွင့်ပွဲတွင် တရုတ်သမ္မတ ရှီကျင့် ဖိန်က တရားမျှတပြီး အားလုံးပါဝင်နိုင်သည့် ကမ္ဘာ့ AI စီမံအုပ်ချုပ်ရေးစနစ်တည်ဆောက်ရေးကို အဆိုပြုခဲ့ပြီး၊ ဖွံ့ ဖြိုးဆဲနိုင်ငံများ AI ခေတ်မှာ နောက်ကျမကျန်ရစ်စေရေးကို အဓိကထားပြောကြားခဲ့သည်ကိုတွေ့ရသည်။
ယနေ့ခေတ်သည် AI ခေတ်ထဲ တစ်စစဝင်ရောက်လာနေပြီဖြစ်ရာ ဉာဏ်ရည်တု (AI)သည် နည်းပညာ သက်သက်မဟုတ်တော့ဘဲ စီးပွားရေး၊ လုံခြုံရေးနှင့် နေ့စဉ်လူနေမှုဘဝဖြစ်သည့် ကျန်းမာရေး၊နေထိုင်သွားလာ ရေး မှစကာ စားဝတ်နေရေးအထိ ထိုးဖောက်နေရာယူလာနေပြီ ဖြစ်သည်။
ညီလာခံတွင် ရှီကျင့်ဖိန်က ထိုအခြေအနေကို ဖော်ကျူးကာ “တရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်အား လက်တွဲအတူ တည်ဆောက်မည်” ဟူသော ခေါင်းစဉ် ဖြင့် အမှာစကား ပြောကြားခဲ့သည်။လက်ရှိတွင် ကမ္ဘာကြီးသည် ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်ဖြင့် ဆင့် ကဲ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အသစ်တစ်ကြိမ် နည်းပညာတော်လှန်ရေးနှင့် စက်မှုလုပ်ငန်းပြုပြင်ပြောင်းလဲရေး သည် အရှိန်မြင့်ထိုးဖောက်လျက်ရှိပြီး ကမ္ဘာတစ်ဝန်းဉာဏ်ရည်တုနည်းပညာဆန်းသစ်မှုသည် မကြုံစဖူး ရှင်သန်မှုအားကောင်းသည့်ကာလသို့ ရောက်ရှိလာရာ ကြီးမားသည့် အခွင့်အလမ်းများ ပါဝင်သလို စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ် မှုများနှင့်လည်း ရင်ဆိုင်နေရကြောင်း ပြောခဲ့သည်။
WAIC ဖွင့်ပွဲမတိုင်မီ တစ်ရက်အလိုတွင် တရုတ်၊ရုရှား၊ဘရားဇီး၊ပါကစ္စတန်၊လာအို၊မလေးရှား၊ဗင်နီဇွဲလား၊ မြန်မာ၊အင်ဒိုနီးရှား၊လီဆိုသိုအပါအဝင် နိုင်ငံ ၂၉ နိုင်ငံမှ ကိုယ်စားလှယ်များသည် ရှန်ဟိုင်းမြို့တွင် World Artificial Intelligence Cooperation Organization (WAICO) တည်ထောင်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ WAICO သည် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် နည်းပညာပြောင်းလဲမှု၏ အပြင်ဘက်တွင် ကျန်ရစ်မနေဘဲ AI ပူးပေါင်းဆောင်ရွက်မှုနှင့် စွမ်းရည်တည်ဆောက်ရေးတွင်ပါဝင်နိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်သည်။
■ ရှီကျင့်ဖိန်အဆိုပြုတဲ့ သဘောထားလေးရပ်
စက်များက လူလိုတွေးခေါ်တတ်အောင် ဖန်တီးလာနေသည့် ယနေ့ခေတ်တွင် စက်များနှင့်လူသား များ ယှဉ်တွဲနေထိုင်ရန် မည်သို့ဖော်ဆောင်သင့်သည်ကို ရှီကျင့်ဖိန်က ညီလာခံတွင် တက်ရောက်လာသူများကို ပြောခဲ့သည်။ နိုင်ငံ့အကြီးအကဲများ၊ အစိုးရထိပ်တန်းအကြီးအကဲများ၊ နိုင်ငံတကာအဖွဲ့အစည်း တာဝန်ရှိသူများ၊ နိုင်ငံ အသီးသီးမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များတက်ရောက်ကြသည့် WAIC ညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖိန်က ဉာဏ်ရည်တုနည်းပညာ (AI) ဖွံ့ဖြိုးတိုးတက်မှု၊ စီမံခန့်ခွဲမှုတို့နှင့် စပ်လျဉ်းသည့် သဘောထားလေးရပ်ကို အဆိုပြုခဲ့သည်။
ရှီတင်ပြသည့် ပထမအချက်မှာ ပွင့်လင်းမှု၊ နှစ်ဖက်စလုံးအတွက် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင် ရွက်မှု မူဝါဒကို လက်ကိုင်ပြုကျင့်သုံးနေသည့် တစ်ချိန်တည်းတွင် ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်တွန်းအားပေးသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းပင်ဖြစ်သည်။ နည်းပညာ ဆန်းသစ်တီထွင်မှု၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၊ လက်တွေ့ပတ်ဝန်းကျင်အခြေပြုသော AI အသုံးချမှုတို့ အဆင်ပြေချောမွေ့စေရေးအတွက် အခမဲ့သုံးစွဲနိုင်မှု၊ ပွင့်လင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် မျှဝေမှုတို့ကို အားပေးရန် အရေးကြီးကြောင်း ရှီက အလေးထား ပြောဆိုခဲ့သည်။
ဒုတိယအချက်မှာ အန္တရာယ်ဖြစ်နိုင်ခြေအား သိရှိနားလည်မှု ပိုမိုအားကောင်းရေးနှင့် AI နည်းပညာအား လုံခြုံစိတ်ချရပြီး စည်းစနစ်တကျ ထိန်းချုပ်နိုင်အောင် သေချာစွာလုပ်ဆောင်ရေးပင်ဖြစ်သည်။ ရှီက AI နည်းပညာသည် လူသားတို့၏ ထိန်းချုပ်မှုအောက်တွင်သာ အစဉ်အမြဲရှိနေရန် လိုအပ်သည်ဟု အလေးထားပြောဆိုခဲ့ကာ ဘက်အသီးသီးအနေဖြင့် AI နယ်ပယ်၌ အမျိုးသားလုံခြုံရေးဟူသော အယူအဆအား ချဲ့ကားပြောဆိုခြင်း သို့မဟုတ် နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးကို အခြားနိုင်ငံများ၏ လုံခြုံရေးထက် ရှေ့တန်းတင်နေခြင်းကို အတူတကွ ဆန့်ကျင်ကြရန်လည်း တိုက်တွန်းခဲ့သည်။
တတိယအချက်မှာ အားလုံးလက်ခံပါဝင်မှုကို အားပေးတိုက်တွန်းခြင်းနှင့် ယဉ်ကျေးမှုအချင်းချင်း အပြန် အလှန် လေ့လာသင်ယူမှု မြှင့်တင်ခြင်းတို့ပင်ဖြစ်သည်။ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ယင်းအား အသုံးချမှုမှာ ကမ္ဘာ့ယဉ်ကျေးမှုများ၏ ကွဲပြားစုံလင်မှု သို့မဟုတ် မတူညီသော နိုင်ငံအသီးသီး၏ ယဉ်ကျေးမှုဆိုင်ရာ ထူးခြားချက်များကို အားလျော့ပျက်ပြယ်စေခြင်း သို့မဟုတ် ထိခိုက်စေခြင်းတို့ မဖြစ်သင့်ကြောင်းလည်း ရှီက ဆိုသည်။
စတုတ္ထအချက်မှာ တစ်စိတ်တစ်ဝမ်းတည်းရှိမှုကို ထောက်ခံအားပေးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို မြှင့်တင်ခြင်းတို့ဖြစ်ပေသည်။ ရှီက ကုလသမဂ္ဂ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရမည်ဟု ပြောကြားခဲ့ကာ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ၊ စီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများ၊ နည်းပညာဆိုင်ရာ စံနှုန်းများနှင့်စပ်လျဉ်း၍ ချိတ်ဆက်ဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။
■ မတူညီသော လမ်းနှစ်သွယ်
ယခုညီလာခံကျင်းပချိန်သည် အမေရိကန်နှင့် တရုတ်တို့၏ AI ပြိုင်ဆိုင်မှု ပြင်းထန်လာနေချိန်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်ဘက်က DeepSeek AI မော်ဒယ်က အမေရိကန်၏ AI မော်ဒယ်များနှင့်အပြိုင်ထွက်လာချိန်တွင် တရုတ်၏ AI တိုးတက်မှုအရှိန်အဟုန်ကို ကမ္ဘာက စောင့်ကြည့်နေရသည်။ ထရမ့်၏ကန့်သတ်ပိတ်ဆို့မှုများကြောင့် နှစ်ဖက်ပြိုင်ဆိုင်မှုပြင်းထန်လာမည်ဟု မျှော်လင့်ထားချိန်တွင် ရှီကျင့်ဖိန်က WAIC ညီလာခံ၌ "ဘယ်သူက AI အကောင်းဆုံးတည်ဆောက်မလဲ" ဆိုသည်ထက် "AI ကို ဘယ်လိုမျှဝေသုံးစွဲကြမလဲ" ဆိုသည့်အမြင်ကို မျှဝေခဲ့သည်။
ရှီကျင့်ဖိန်က တရားမျှတပြီး အားလုံးပါဝင်နိုင်သည့် ကမ္ဘာလုံးဆိုင်ရာ AI စီမံအုပ်ချုပ်ရေးစနစ် တည်ဆောက်ဖို့ကို အဆိုပြုခဲ့သလို ဖွံ့ဖြိုးဆဲနိုင်ငံများ AI ခေတ်၏အပြင်ဘက်တွင် မကျန်ရစ်စေရေးကိုလည်း အလေးထားပြောခဲ့သည်။ ရှီက လာမည့်ငါးနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် AI သင်တန်းနေရာ ၅၀၀၀ ပံ့ပိုးပေးမည်၊ အာဆီယံ၊ BRICS၊ SCO၊ အာဖရိကသမဂ္ဂ၊ အာရပ်အဖွဲ့ချုပ်နှင့် အခြားဒေသဆိုင်ရာအဖွဲ့အစည်းများအတွက် AI ပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာနများ တည်ဆောက်ရေး၊ AI အခြေပြုမိုးလေဝသကြိုတင်သတိပေးစနစ် MAZU ကို နိုင်ငံ ၃၀ ကျော်မှာ အသုံးချနိုင်ရေးတို့ကို ကြေညာခဲ့သည်။
ယင်းကြေညာချက်များကိုကြည့်လျှင် တရုတ်နိုင်ငံသည် AI ကို မဟာဗျူဟာနည်းပညာပြိုင်ဆိုင်မှု တစ်ခုထက် နိုင်ငံတကာဖွံ့ဖြိုးရေးမဟာဗျူဟာအဖြစ် အမေရိကန်နှင့်မတူဘဲ ပြောင်းလဲရှုမြင်ထားနေသည်ကိုတွေ့ ရမည်ဖြစ်သည်။ အမေရိကန်နှင့်တရုတ်သည် AI နည်းပညာနှင့်ပတ်သက်လျှင် တူညီသောပန်းတိုင်ကို ဦးတည်နေကြသည်ဟု ဆိုနိုင်သော်လည်း လျှောက်လှမ်းသည့်လမ်းကြောင်းမှာ သိသိသာသာ ကွဲပြားနေသည်ကို အထက်ပါကြေညာချက်က ထင်ရှားစွာပြသနေသည်။
အမေရိကန်သည် အဆင့်မြင့် GPU၊ ဒေတာစင်တာကြီးများ၊ ရင်းနှီးမြှုပ်နှံမှုကြီးမားခြင်းတို့ကြောင့် AI သုတေသနနယ်ပယ်တွင် ဦးဆောင်နိုင်စွမ်းကိုယ်စားပြုနေသည်ကို ChatGPT၊ Gemini၊ Claude စသော မော်ဒယ်များအရ သိနိုင်သည်။ ChatGPT၊O3 mini၊Claude၊Gemini တို့လို လက်ရှိကမ္ဘာပေါ် ခေတ်စားနေသည့် AI မော် ဒယ်အများစုမှာ အမေရိကန်နိုင်ငံထုတ်များဖြစ်ပြီး အမေရိကန်နိုင်ငံ၏အားကောင်းသော သိပ္ပံနည်းပညာ တီထွင်ဆန်းသစ်မှုစွမ်းရည်ကို ထုတ်ဖော်ပြသနေသည်။လက်ရှိကမ္ဘာပေါ်ရှိ AI မော်ဒယ်များသည် Nvidia ကုမ္ပဏီရဲ့ GPU ချစ့်ပ်ပြားကို မှီခိုအားထားကြရသည်။လတ်တလောနာမည်ကြီးနေသည့် Grok 3 မော်ဒယ်ကို GPU ချစ့်ပ်ပြား ၂ သိန်းအထိ သုံးစွဲထားရသည်။ ထိုGPU ချစ့်ပ်ပြား ၂ သိန်း၏လျှပ်စစ်သုံးစွဲမှုပမာဏသည် အမေရိကန် နိုင်ငံရှိ အိမ်ပေါင်း ၃ သိန်းခန့်ရဲ့ဓာတ်အားသုံးစွဲမှုကို ဖြည့်ဆည်းပေးနိုင်သည်။
တရုတ်ဘက်မှပေါ်ထွက်လာသည့် DeepSeek သည် GPU ချစ့်ပ်ပြား ၂၀၀၀ ကျော်ကိုသာ အသုံးပြုခဲ့သော် လည်း ChatGPT နှင့် အလားတူသော အရည်အသွေးနီးပါးရှိခဲ့သည့် မော်ဒယ်ကိုဖန်တီးနိုင်ခဲ့သည်။ ထိုသည်မှာ အမေရိကန်၏ အဆင့်မြင့်ချစ့်ပ်တင်ပို့မှုကန့်သတ်ချက်ကြားမှ တရုတ်သည် ထိရောက်မှုမြင့်မားသည့် AI မော်ဒယ်တစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသည်မှာ AI ဖွံ့ဖြိုးရေးတွင် အမေရိကန်၏ "ပိုများသောအရင်းအမြစ်" ထက် တရုတ်က "ပိုကောင်းတဲ့ထိရောက်မှု" ကို အလေးထားသည့်လမ်းကြောင်းကို လျှောက်နေကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။
ထို့ပြင် DeepSeek သည် Open AI မော်ဒယ်တစ်ခုဖြစ်ပြီး ကုမ္ပဏီတိုင်းကိုသာမက လူတစ်ဦးချင်းစီတိုင်းကိုပါ အခမဲ့အသုံးပြုခွင့်ပေးထားပြန်သည်။ အသုံးပြုသူ ၁ ဘီလီယံကျော်ရှိသည့် တရုတ်နိုင်ငံ၏အကြီးမားဆုံး ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းဖြစ်သည့် WeChat ကိုလည်း မကြာမီ DeepSeekနှင့် ချိတ်ဆက်မည်ဟု ကြေညာ ခဲ့သည်။ Open-source ဂေဟစနစ်အား တရုတ်က အားပေးနေခြင်းကို ထို DeepSeek AIမော်ဒယ်ကိုကြည့်လျှင် မြင်နိုင်သည်။ သုံးစွဲသူများအနေဖြင့် Open AI မော်ဒယ် DeepSeek ကိုအခြေခံပြီး လုပ်ငန်းအသစ်တွေ၊ သုတေသနအသစ်တွေ၊ ဒေသသုံး AI စနစ်တွေ ဖန်တီးနိုင်သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် AI ဝင်ရောက် အသုံးပြုနိုင်မှုတွင် ဖြစ်နေသည့် အတားအဆီးများကို လျော့ချပေးနိုင်မည်ဖြစ်သည်။
■ ဉာဏ်ရည်တုကို ကောင်းမွန်သောအကျိုးစီးပွားအတွက် အသုံးပြုခြင်း
AI သည် လူသားမျိုးနွယ်၏ အကြီးမားဆုံးသော ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းဖြစ်လာနိုင်သည့် အလား အလာရှိသော်လည်း အန္တရာယ်အလားအလာများလည်း ရှိနေကြောင်း ညီလာခံသို့တက်ရောက်လာသူများက ဆွေး နွေးခဲ့ကြသည်။ AI နည်းပညာသည် အနာဂတ်ကမ္ဘာ၏အခြေအနေသစ်ကို ဆုံးဖြတ်မှုပေးနေပြီး ဆက်လက်ဖြစ် ပေါ်လာမည့် အခွင့်အလမ်းနှင့်စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်သွားရမလဲဆိုသည်ကို နိုင်ငံတိုင်းအား မေးခွန်းထုတ်နေသည်။
ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နိုင်ငံအသီးသီးမှာ ကြိုတင်မှန်းဆလို့ မရနိုင်သည့် အန္တရာယ်များနှင့် စိန်ခေါ်မှုများကို ဆက်တိုက်ကြုံတွေ့လာရမည်ဖြစ်သည်။ AI ကြောင့် လုံခြုံရေး၊ လူမှုရေးအုပ်ချုပ်မှု၊ ကိုယ်ကျင့်တရားကျင့်ဝတ်ဆိုင်ရာကဏ္ဍရပ်များမှာ ပြဿနာအသစ်များ ပေါ်ထွက်လာလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံအစိုးရက ဉာဏ်ရည်တုနည်းပညာ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘေးထွက်ဆိုးကျိုး ကြိုတင်ကာကွယ်ရေးကို အလေးထားခဲ့ပြီး “ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာစီမံအုပ်ချုပ်ရေး ဆောင်ရွက်လှုပ် ရှားမှု” ကို အဆိုပြုခဲ့ခြင်းဖြစ်သည်။
ညီလာခံအတွင်း AI ဖွံ့ဖြိုးရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့်လုံခြုံရေးကို တန်းတူအလေးထားပြီး သက်ဆိုင်ရာဥပဒေစည်းမျဉ်းစည်းကမ်းများ၊ မူဝါဒစည်းစနစ်များ၊ အသုံးချမှုစည်းမျဉ်းစံနှုန်းများ၊ ကျင့်ဝတ်စံနှုန်းများကို စဉ်ဆက်မပြတ်ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ကာ ဉာဏ်ရည်တုကဏ္ဍကို လုံခြုံမှု၊ ယုံကြည်အားထားမှု၊ ထိန်းချုပ်နိုင်မှုရှိစေရန်သေချာစေရန်၊ နည်းလမ်းများကို စဉ်ဆက်မပြတ်ပံ့ပိုးပေးလျက်ရှိကြောင်း တရုတ်ဘက်က ဆွေးနွေးခဲ့သည်ကိုတွေ့ရသည်။
တရုတ်နိုင်ငံအနေဖြင့် ဉာဏ်ရည်ထည့်သွင်းမှုကို အကောင်းဘက်သို့ ဦးတည်ရန်၊ အများအကျိုးဖြစ်ထွန်း၍ အားလုံးလက်ခံပါဝင်နိုင်ရန်၊ ဘေးကင်းလုံခြုံ၍ ထိန်းချုပ်နိုင်ရန် ထောက်ခံအားပေးခဲ့ကြောင်း ပြောခဲ့သည်။ AI ဖွံ့ဖြိုးတိုးတက်ရေးသည် လက်ရှိတွင် အရေးပါနေသော်လည်း အရှိန်အဟုန်ကြီးမားသည့် AI ဖွံ့ဖြိုးတိုးတက်မှုလမ်း ကြောင်းကိုထိန်းသိမ်းရန်မှာ အရေးတကြီးဖြစ်လာနေသည်။ AI ကို လူမှုနေ့စဉ်ဘဝတွင် အန္တရာယ်မရှိ သုံးနိုင်ရန် စနစ်တကျထိန်းချုပ်ဖို့လိုသည်။ထို့အတွက် AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံတိုင်းလမ်းစဉ်လိုအပ်သည်။
လက်ရှိတွင် အမေရိကန်၊ တရုတ်၊ ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများက AI ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို ၎င်းတို့နိုင်ငံအလိုက်ရေးဆွဲသတ်မှတ်ထားကြသည်။ ဒစ်ဂျစ်တယ်အတိုင်ပင်ခံကုမ္ပဏီ Oxford Insights က ထုတ်ပြန်သည့် အများပြည်သူဝန်ဆောင်မှုတွင် AI ကိုအသုံးပြုရန် အဆင်သင့်ဖြစ်သည့် ကမ္ဘာပေါ်ရှိ နိုင်ငံနှင့်ဒေသပေါင်း ၁၆၀ ကျော်အဆင့်ဇယားတွင် အမေရိကန်က နှစ်စဉ်နံပါတ် ၁ နေရာတွင်ရှိနေပြီး စင်ကာပူ၊ ဗြိတိန်စသည့် နိုင်ငံများက အစဉ်လိုက်ရှိနေခဲ့သည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံအများစုဖြစ်သည့် အာဖရိက ဆာဟာရဒေသအောက်ပိုင်း၊ ကာရေဘီယံဒေသနှင့် လက်တင်အမေရိကအပါအဝင် ဗဟိုအာရှနိုင်ငံအချို့နှင့်တောင်အာရှနိုင်ငံများမှာ ထို အဆင့်သတ်မှတ်မှုတွင် ရမှတ်အောက်ဆုံးဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဉာဏ်ရည်တုဖွံ့ဖြိုးတိုးတက်ရေး အခြေအနေတွင် နောက်ကျနေဆဲဖြစ်သည်။
ထိုအခြေအနေသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် AI နည်းပညာကို ကျင့်ဝတ်ဆိုင်ရာနှင့်လူမှုရေးပြဿနာအချို့ ၌တွင်ကျယ်စွာအသုံးပြုကာ မညီမျှသောအခြေအနေလက္ခဏာများကိုဖန်တီးနိုင်သဖြင့် လူ့အဖွဲ့အစည်းတည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်လာစေလိမ့်မည်ဖြစ်သည်။ ထိုပြဿနာကို ထိရောက်စွာ မဖြေရှင်းနိုင်ပါက AI နည်းပညာသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်သာမက ကမ္ဘာ့အတွက်ပါ ဓားသွားသဖွယ် ခြိမ်းခြောက်လာမည်ဖြစ်သည်။
■ တောင်ကမ္ဘာခြမ်းနှင့် မြန်မာနိုင်ငံအတွက် AI အခွင့်အလမ်း
ဉာဏ်ရည်တုစနစ် AI က လုပ်ငန်းအများအပြားအတွက် ဖွံ့ဖြိုးတိုးတက်မှုများဆောင်ကြဉ်းပေးလာနိုင်မည်ကို ယနေ့တွင် ကျနော်တို့ ကြိုတင်သိမြင်နေရပြီဖြစ်သည်။ မကြာမီက လူပုံစံတူစက်ရုပ်များမှသည် ကုန်ထုတ် လိုင်းများရှိ စက်လက်တံများအထိ နည်းပညာကြောင့် တိုးတက်မှုကို မရပ်မနားမောင်းနှင်နိုင်နေမည့် အခြေအနေကို မြင်ခဲ့ရပြီဖြစ်သည်။ AI နည်းပညာအသုံးပြုမှုမှ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ကုန်ထုတ်စွမ်းအားကို အရှိန်အဟုန်မြှင့်တင်နိုင်မည်ဖြစ်သည်။ နည်းပညာတီထွင်ဆန်းသစ်မှုနှင့်အတူ စီးပွားရေးကိုတိုးမြှင့်စေရန် တွန်းအားပေးနိုင်မည်ဖြစ်ပြီး လူနေမှုဘဝအရည်အသွေးတိုးတက်ပြောင်းလဲစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်သည်။
ညီလာခံတွင် AI စီမံခန့်ခွဲရေးနှင့် ပတ်သက်ပြီး အဆိုပြုချက် လေးရပ်ကို ရှီကျင့်ဖိန်က တင်ပြပြီးနောက် "ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမှာဖြစ်သလို AI နဲ့ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ကွာဟမှုတွေကို ပေါင်းကူးဆက်သွယ်ပေးဖို့၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့နဲ့ AI နယ်ပယ်မှာ သမိုင်းဆိုင်ရာ မမျှတမှုအခြေအနေသစ်တွေ ဖြစ်ပေါ်မှုကို တားဆီးကာကွယ်ဖို့ စွမ်းဆောင်ရည် မြှင့်တင်ရာမှာလည်း ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေကို ကူညီပံ့ပိုးပေးရမှာဖြစ်တယ်" ဟု ပြောခဲ့သည်။
AI ခေတ်၏ အကြီးမားဆုံးပြဿနာတစ်ခုမှာ "AI Divide" ကွဲပြားခြားနားနေမှုဖြစ်သည်။ အနည်းစုသော နိုင်ငံတချို့က AI နည်းပညာကို အရှိန်အဟုန်ဖြင့် ဖန်တီးနေချိန်တွင် နိုင်ငံအများစုက အသုံးပြုသူအဆင့်မှာပဲ ရပ် တန့်နေဆဲဖြစ်နေသည်။ အာဖရိက၊ တောင်အာရှ၊ လက်တင်အမေရိကနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ ကွန်ပျူတာ စွမ်းအား၊ AI ပညာရှင်၊ ဒေတာအရင်းအမြစ်နှင့် ငွေကြေးရင်းနှီးမြှုပ်နှံမှု အားနည်းမှုကြောင့် AI ပြေးပွဲလမ်းကြောင်းတွင် နောက်ကောက်ကျနေဆဲဖြစ်သည်။
ထိုအခြေအနေတွင် တရုတ်သမ္မတရှီ၏ “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေကို ကူညီပံ့ပိုးပေးရမှာဖြစ်တယ်” ဆိုသောစကားဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေအတွက် အရေးပါသောသတင်းစကားကို ပါးခဲ့သည်။ ထိုသ တင်းစကားသည် တရုတ်အနေနှင့် AI ကို " ကမ္ဘာလုံးဆိုင်ရာအများပြည်သူအကျိုးပြုထုတ်ကုန်" အဖြစ် သဘောထားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများကို စွမ်းရည်တည်ဆောက်ရေး၊ နည်းပညာမျှဝေရေးနှင့် အခြေခံအဆောက်အအုံပူးပေါင်း တည်ဆောက်ရေးများလုပ်ဆောင်ပေးမည်ဆိုသည့် ကတိကဝတ်ဖြစ်သည်။
ထိုကတိကဝတ်ကြောင့် မြန်မာနိုင်ငံအနေဖြင့် AI နည်းပညာကို ကိုယ်တိုင်ဖန်တီးနိုင်သည့် နိုင်ငံတစ်နိုင်ငံ မဟုတ်သေးသော်လည်း AI ကို အသုံးချနိုင်သည့် နိုင်ငံဖြစ်လာဖို့ အခွင့်အရေး ရှိနေသည်။ တရုတ်နိုင်ငံက ကမ်းလှမ်းသည့် AI သင်တန်းအစီအစဉ်များ၊ ပူးပေါင်းဆောင်ရွက်ရေးစင်တာများ၊ Open-source AI ဂေဟစနစ်များတွင် မြန်မာအနေဖြင့် ပါဝင်နိုင်မည်ဆိုပါက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတွင် အကျိုးရှိနိုင်မည်ဖြစ်သည်။ AI ဖြင့် ပညာရေး၊ ဘာသာပြန်စနစ်၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ အစိုးရဝန်ဆောင်မှု၊ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများတွင် ထိရောက်စွာ အသုံးချနိုင်ပါက ကုန်ထုတ်စွမ်းအားတိုးတက်လာနိုင်မည်ဖြစ်သည်။ ထို့ပြင် AI ကို အသုံးချရုံသက်သက်မဟုတ်ဘဲ ဒေတာကာကွယ်ရေးဥပဒေ၊ ဆိုက်ဘာလုံခြုံရေး၊ AI ကျင့်ဝတ်၊ ကိုယ်ရေးကိုယ်တာ လုံခြုံရေး၊ နိုင်ငံတော်၏ ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာတို့ကို တစ်ပြိုင်တည်း တည်ဆောက်ပါက နည်းပညာအပေါ် ပို၍ အကျိုးရှိစွာထိန်းချုပ်အသုံးပြုနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံအတွက် AI ခေတ်သည် ရွေးချယ်စရာအသစ်တစ်ခုကို ဖွင့်ပေးထားသည်။တတိယကမ္ဘာ့နိုင်ငံ များနည်းတူ AI သည် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုသာမကဖွံ့ဖြိုးရေးအခွင့်အလမ်းကို ပေးနေသည်။ WAICO တွင် မူလတည်ထောင်သူ ၂၉ နိုင်ငံထဲပါဝင်သည့် မြန်မာနိုင်ငံအနေဖြင့် နည်းပညာကိုစောင့်ကြည့်သူသက်သက် မဟုတ်ဘဲ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အသုံးချကာ ကိုယ်ပိုင် AI စွမ်းရည်ကို တည်ဆောက်မည်ဆိုပါက အနာဂတ်တွင် နိုင်ငံတကာနှင့်တန်းတူ AI နယ်ပယ်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိလာမည်ဖြစ်သည်။















