■ Written By - ကျော်ဇောလင်း
အခုဆိုရင် အစိုးရလေးဆက်တိုင်တိုင် ဖြစ်လာခဲ့ပြီး အရင်အစိုးရ သုံးဆက်ဖြစ်တဲ့ ဦးသိန်းစိန်၊ NLD၊ နစက လက်ထက်တွေမှာ အဂတိနဲ့ပတ်သက်လို့ မေးခွန်းထုတ်ခံရတဲ့အတွက် ရပ်နားထားရတဲ့ မြကျွန်းသာဝန်း ဧရိယာထဲမှာရှိတဲ့ မျက်နှာစာဘက်မှာတော့ ကော်ဖီဆိုင်တွေ၊ အဝတ်အစားဆိုင်တွေ ဖွင့်လှစ်နေတာကို တွေ့နေရပြီဖြစ်ပါတယ်။
ကမ္ဘာအေးဘုရားလမ်း ဆီဒိုးနားဟိုတယ်ရှေ့ဘက်မှာရှိပြီး အင်းလျားကန်ဘေးမှာတည်ရှိတဲ့ မြကျွန်းသာမြေနေရာက ၂၀၁၀ မတိုင်မီ တပ်မတော်အစိုးရလက်ထက်မှာ ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ချထားပေးခဲ့ပါတယ်။
ဒါပေမဲ့ မြကျွန်းသာဝန်းအတွင်းမှာပါဝင်တဲ့ အခြားမြေနေရာတွေမှာ လုပ်ငန်းဖော်ဆောင်ခြင်းမပြုဖို့ အစိုးရ အဆက်ဆက် တားဆီးထားတဲ့အတွက်ကြောင့် အထပ်မြင့်စီမံကိန်းတွေ ဖော်ဆောင်တာ ရပ်တန့်ထားခဲ့ရတာဖြစ်ပေမယ့် လက်ရှိအခြေအနေမှာတော့ မြကျွန်းသာအဝင် ရှေ့ဘက်မျက်နှာစာမှာတော့ ကော်ဖီဆိုင်တွေ၊ အဝတ်အစားဆိုင်တွေ၊ မျက်မှန်ဆိုင်တွေ အစရှိတဲ့ဆိုင်အချို့ ဖွင့်လှစ်လုပ်ကိုင်နေတာ မြင်တွေ့လာရပါတယ်။
ဒီလို ဆိုင်ခန်းတွေကို ငှားရမ်းတာကိုတော့ Inya Palace Centre အမည်နဲ့ ဆောင်ရွက်နေတာဖြစ်ပြီးတော့ ဒါတွေကို ဘယ်သူတွေက ပိုင်ဆိုင်သလဲ၊ ဘယ်သူတွေက စီမံခန့်ခွဲနေသလဲ ဘယ်လိုခွင့်ပြုချက်တွေနဲ့ ဆောင်ရွက်နေကြတာလည်းဆိုတာ အများပြည်သူအကြား ရှင်းရှင်း လင်းလင်း မရှိသေးလို့ မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။
တစ်ဆက်တည်းမှာပဲ အစိုးရအဆက်ဆက် မြကျွန်းသာဧရိယာထဲမှာရှိတဲ့ စီမံကိန်းတွေကို ရပ်တန့်ထားဖို့ ညွှန်ကြားထားခဲ့ပြီး အခုချိန်မှာတော့ မျက်နှာစာဘက်မှာ ဆိုင်ခန်းတွေဖွင့်လှစ်လုပ်ကိုင်ခွင့်ရလာတာနဲ့ ပတ်သက်ရင် ဘယ်လိုခွင့်ပြုချက် ဘယ်လိုသဘော တူညီမှုတွေရရှိခဲ့ကြတာလဲ။ အစိုးရကရော ဒါနဲ့ပတ်သက်ပြီး ကာလပေါက်ဈေးနဲ့ ငှားရမ်းတာလား၊ သက်မှတ်အခွန်ရရှိသလား ဒီမြကျွန်းသာထဲမှာရှိတဲ့ စီမံကိန်းလုပ်ငန်းတွေ နဲ့ပတ်သက်ရင် အဂတိတွေ ရှိ၊ မရှိ စတဲ့ မေးခွန်းတွေရှိလာပါတယ်။
နိုင်ငံတော်သမ္မတအဖြစ်တာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အခမ်းအနားမှာ အဂတိလိုက်စားတဲ့ မည်သူ့ကိုမဆို ထိထိရောက် ရောက်အရေးယူမယ်လို့ ပြောကြားထားပါတယ်။
“ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ရာမှာ အဂတိလိုက်စားမှုကင်းစင်ဖို့လိုအပ်ပြီး အဂတိ လိုက်စားမှုဟာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက် အဟန့်အတားဖြစ်စေပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်းဟာ အဂတိလိုက်စားမှုကို ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ခြင်းဖြစ်သလို အဂတိလိုက်စားမှုအပေါ် သည်းခံခွင့်လွှတ်ခြင်း၊ နားလည်မှုပေးခြင်း၊ လျစ်လျူရှုခြင်းတို့ဟာ အားပေးရာရောက်တဲ့အတွက် လုံးဝမပြုလုပ်ကြဖို့လိုအပ်ပါတယ်”လို့လည်း ဦးမင်းအောင်လှိုင်ကဆိုပါတယ်။
■မြကျွန်းသာရဲ့ အတိတ်
ဦးသိန်းစိန် အစိုးရလက်ထက်မှာ အဂတိလိုက်စားမှု ရှိ မရှိ မေးခွန်းထုတ်ခြင်းခံရတဲ့၊ ပြည်သူ့ဘဏ္ဍာ နစ်နာဆုံးရှုံးမှုတွေရှိခဲ့လို့ ဝေဖန်မှုတွေခံခဲ့ရတဲ့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်က မြကျွန်းသာစီမံကိန်းကို ဦးသိန်းစိန်အစိုးရ ဆင်းခါနီးအချိန်မှာပဲ ရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့သလို NLD အစိုးရလက်ထက်မှာလည်း စီမံကိန်းတွေ ဆက်လက်လုပ်ဆောင်ခြင်းမရှိဘဲ ရပ်နားထားခဲ့ရတာ အားလုံးအသိပဲဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၃ ခုနှစ်ဇူလိုင်လအတွင်းတုန်းက Inya Palace Centre အမည်နဲ့လူမှုကွန်ရက်စာမျက်နှာမှာ မြကျွန်းသာက ဆိုင်ခန်းတွေ ငှားရမ်းမယ်ဆိုတဲ့ ကြော်ငြာတစ်ခုကို ကြေညာထားခဲ့တာတွေ့ရပါတယ်။
အဲဒီအဆောက်အအုံဟာဆိုရင် အရင်က မြကျွန်းသာစီမံကိန်းများကို ခွင့်ပြုထားတဲ့ စာရင်းတွေအရ Mandalay Golden Win ကုမ္ပဏီ လုပ်ပိုင်ခွင့်ရရှိထားတဲ့ Inya Palace ကုမ္ပဏီရဲ့ မြေနေရာမှာရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဆိုင်ခန်းတွေ၊ ဘဏ်တွေ ငှားရမ်းနိုင်တယ်လို့ ကြော်ငြာထားတဲ့ Inya Palace Centre ကို Inya Palace ကုမ္ပဏီက ဆက်လက် အကောင်အထည်ဖော်နေသလား၊ အခြားကုမ္ပဏီတစ်ခုက အကောင်အထည်ဖော်နေ တာလား ဆိုတာကလည်း ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ ဒါပေမဲ့ မြကျွန်းသာရဲ့ အတွင်းပိုင်းမှာရှိတဲ့ မြေနေရာတွေမှာတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေက လည်ပတ်မှုမရှိသလောက်ဖြစ်ပြီး ရပ်တန့်နေတာကိုတော့ တွေ့ရပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ NLD အစိုးရလက်ထက်စတဲ့ အစိုးရ နှစ်ဆက်မှာ ရန်ကုန်မြို့မှာ မြကျွန်း သာအပန်းဖြေ ဥယျာဉ်ထဲက စီမံကိန်းတွေက အဂတိနဲ့ နာမည် ထွက်ခဲ့တဲ့အပြင် ငှားရမ်းခ သတ်မှတ်ချက်အရ ပြည်သူ့ဘဏ္ဍာ နစ်နာစေတဲ့ အကြောင်းတွေရှိခဲ့တဲ့အတွက်ကြောင့် ဝေဖန်ကန့်ကွက်ခံရပြီး အဲဒီမှာရှိတဲ့ ဆောက်လုပ်ရေး စီမံကိန်းတွေကို ရပ်နားထားရတာ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ မြကျွန်းသာကို အပန်းဖြေစခန်းအဖြစ် စတင်အကောင်အထည်ဖော် လုပ် ကိုင်ခဲ့ပြီးတော့ မြေနေရာကို တပ်မတော်အစိုးရက ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်ပိုင်းမှာတော့ တပ်မတော် ကနေ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်ဖြစ်ပြီးတော့ မြကျွန်းသာကို အများပြည်သူ အပန်းဖြေ နားနေရာအဖြစ် အဆင့်မြှင့်တင်ဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လွှဲခဲ့ပါတယ်။
အဲဒီအချိန်တုန်းကတော့ အများပြည်သူ အပန်းဖြေ၊ အနားယူမှုနဲ့ဆိုင်တဲ့ လုပ်ငန်းတွေပဲ လုပ်ရမယ်၊ နှစ်ပေါင်း ၃၀ အထိ (၂၀+ ၅+၅) အထိပဲ လုပ်ကိုင်ခွင့်ပေးမယ်ဆိုတဲ့ အချက်တွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ငှားရမ်းခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ အဲဒီအတွက်လည်း ရတဲ့လုပ်ငန်းရှင်တွေက ရေပေါ် ဂေါက်ကွင်း၊ ချားရဟတ်တွေလို အများပြည်သူ အပန်းဖြေနိုင်မယ့် လုပ်ငန်းတွေ၊ အများပြည်သူ နားနေစားသောက် နိုင်မယ့် ဆိုင်တချို့ကိုပဲ ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ် ဧပြီလမှာတော့ အရင် အစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ပြန်လည် ပြင်ဆင် ချုပ်ဆိုခဲ့ပါတယ်။ နှစ် ၃၀ စာချုပ်နေရာမှာ နှစ် ၆၀ ငှားရမ်းခြင်း၊ အများပြည်သူ အပန်းဖြေနေရာမှာ ရှော့ပင်းစင်တာကဲ့သို့ စီးပွားဖြစ်အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုခြင်း စတဲ့ အချက်တွေကို ပြင်ဆင်ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။
မြေငှားရမ်းခကိုလည်း အဲဒီ ကာလတုန်းက တစ်ဧကလျှင် ကျပ် ၁၀ သိန်းနှုန်းနဲ့ ချုပ်ဆိုခဲ့တာဖြစ်တဲ့ အတွက်ကြောင့် ပြည်သူ့ဘဏ္ဍာ နစ်နာမှုတွေဖြစ်စေခဲ့ရပါတယ်။
ယခင်က မြကျွန်းသာအပန်းဖြေဥယျာဉ်ထဲမှာ လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေက ရှစ်ခု ရှိခဲ့တာလို့သိရပြီး အဲဒီ ကုမ္ပဏီတွေက ဒေါက်တာ ကျော်ဝင်း ပိုင်ဆိုင်တဲ့ Magic land ကုမ္ပဏီ၊ MGW ဦးဝင်းအောင် ပိုင်ဆိုင်တဲ့ Inya Palace ကုမ္ပဏီ၊ ဦးမောင်မောင်ကြိုင်ပိုင်ဆိုင်တဲ့ Ryuji ကုမ္ပဏီ၊ ဦးအိုက်ပန်း ပိုင်ဆိုင်တဲ့ Nay La Pwint ကုမ္ပဏီ၊ ဦးချစ်ခိုင်ပိုင်ဆိုင်တဲ့ Edin ကုမ္ပဏီ၊ ဦးကျော်သူရ ပိုင်ဆိုင်တဲ့ Good Shan Brother ကုမ္ပဏီ၊ ဦးသန့်ဇင်ထွန်း ပိုင်ဆိုင်တဲ့ Myanmar Golden Star ကုမ္ပဏီ၊ ဦးဇော်ဇော် ပိုင်ဆိုင်တဲ့ Max Myanmar ကုမ္ပဏီတို့ပဲ ဖြစ်ပါတယ်။
အဲဒီကုမ္ပဏီရှစ်ခုက ရရှိထားတဲ့မြေနေရာတွေကတော့ Magic Land ကုမ္ပဏီက ၁၃ ဒသမ ၈၆၄၃ ဧက၊ Inya Palace ကုမ္ပဏီက ၁ ဒသမ ၈၃ ဧက၊ Ryuji ကုမ္ပဏီက ၁ ဒသမ ၃၇၇ ဧက၊ Nay La Pwint ကုမ္ပဏီက ၂ ဒသမ ၆၀၆ ဧက၊ Edin ကုမ္ပဏီက ၄ ဒသမ ၇၂၉ ဧက၊ Good Shan Brother ကုမ္ပဏီက ၇ ဒသမ ၇၈၉ ဧက၊ Myanmar Golden Star ကုမ္ပဏီက ၄ ဒသမ ၁၂၅ ဧက၊ Max Myanmar ကုမ္ပဏီက ၆ ဒသမ ၈၆၅ ဧက တို့ပဲ ဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ကုမ္ပဏီရှစ်ခုရဲ့ နှစ် ၆၀ သက်တမ်းနဲ့ ငှားရမ်းခွင့်ရထားတဲ့ မြေဧကစုစုပေါင်းက ၄၃ ဧကကျော် ဖြစ်ပါတယ်။ အဲဒီနေရာတွေကို ၂၀၁၀ ပြည့်လွန်နှစ်များက တစ်ဧက ကျပ် ၁၀ သိန်းနှုန်းနဲ့ ငှားရမ်းခဲ့တာဖြစ် ပြီးတော့ အဲဒီအချိန်ဈေးကွက်ပေါက် ဈေးကတစ်စတုရန်းပေ ကျပ်လေးသိန်းတန်ဖိုးရှိပါတယ်။ အဲဒီလိုနေရာကို တစ်ဧက ကျပ် ၁၀ သိန်းနှုန်းနဲ့ ငှားရမ်းခဲ့တဲ့အတွက်ကြောင့် ပြည်သူ့ဘဏ္ဍာ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက်ကြောင့် အများပြည်သူဝေဖန်မှုတွေကိုခံခဲ့ရပြီး အဂတိလိုက်စားမှုတွေ ရှိ၊ မရှိ စုံစမ်းစစ် ဆေးဖို့ တောင်းဆိုခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်က စာချုပ် ပြင်ဆင်ချုပ်ဆိုရာမှာ အများပြည်သူဘဏ္ဍာ ငွေနစ်နာမှုတွေ ရှိသလို စာချုပ်ပါစည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အတွက်ကြောင့် ဦးသိန်းစိန် အစိုးရ ဆင်းခါနီးအချိန်မှာ ရပ်တန့်ဖို့ အမိန့်ထုတ်ထားတဲ့ မြကျွန်းသာစီမံကိန်းတွေကို NLD အစိုးရ လက်ထက် မှာလည်း စီမံကိန်းတွေ အကောင်အထည် ဖော်ခြင်းမရှိခဲ့ပါဘူး။
ရန်ကုန်တိုင်းလွှတ်တော်မှာတော့ အဲဒီအချိန်တုန်းက ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ယူထားတဲ့ ဦးမောင်မောင်စိုးက မြကျွန်းသာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး Master Plan ရေးဆွဲနေဆဲဖြစ်တယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်အထိ မြကျွန်းသာအတွက် Master Plan ကို ရေးဆွဲတာ ပြီးစီးခြင်းမရှိခဲ့ ဘူးလို့ သိရပါတယ်။
ရန်ကုန်မြို့ရဲ့ မြေဈေးအကြီးဆုံးမြို့နယ်ထဲကတစ်ခုဖြစ်တဲ့ မရမ်းကုန်းမြို့နယ် နေရာကောင်းမှာတည်ရှိတဲ့ မြကျွန်းသာအပန်းဖြေဥယျာဉ်နေရာမှာ တည်ဆောက်ခွင့်ရရှိခဲ့တဲ့ ကုမ္ပဏီတွေက စည်းကမ်း မလိုက်နာမှုတွေကြောင့် လုပ်ငန်းလုပ်ကိုင်ခွင့်တွေကို ၂၀၁၆ ခုနှစ် မတ်လကတည်းက ရပ်ဆိုင်းခံခဲ့ရတာပဲဖြစ်ပါတယ်။
မြကျွန်းသာကိစ္စမှာ နစ်နာမှုအရှိဆုံးလို့ ဆိုရမယ့်ကိစ္စကတော့ မြေငှားရမ်းခစာချုပ်ပဲ ဖြစ်ပါတယ်။ ၂၀၁၀ မတိုင်မီ တပ်မတော်အစိုးရလက်ထက်မှာ ချုပ်ဆိုခဲ့တဲ့ မြေငှားရမ်းခစာချုပ်ကို ပြင်ဆင်ချုပ်ဆိုရာမှာ မြေငှားရမ်းခကို တစ်ဧက ကျပ်၁၀ သိန်းနှုန်းနဲ့သာ ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်ထဲမှာချုပ်တဲ့ မြကျွန်းသာ ငှားရမ်းတဲ့ စာချုပ်ဟာ မြေငှားရမ်းခနဲ့ ငှားရမ်းခွင့်ပြုလိုက်တဲ့ သက်တမ်းစည်းကမ်းချက်နဲ့တင် နိုင်ငံတော်က ကျပ်ဘီလျံပေါင်းများစွာ နစ်နာသွားရတဲ့ စာချုပ်တစ်ခုလည်း ဖြစ်ပါတယ်။ မြေတစ်ဧကကို တစ်လ ကျပ် ၁၀ သိန်းနဲ့ ငှားလိုက်တဲ့ အပြင်နှစ်ပေါင်း ၆၀ အထိ လုပ်ကိုင်ခွင့်ပြု ပေးလိုက်တာ ဖြစ်ပါတယ်။
အဲဒီအချိန်ကာလတုန်းက မြကျွန်းသာလိုနေရာမှာ တစ်စတုရန်းပေကို ကျပ်လေးသိန်းပေါက်ခဲ့တဲ့နေရာ ပဲဖြစ်ပါတယ်။ လုပ်ကိုင်ခွင့်ပြုလိုက်တဲ့မြေဧကက ၄၃ ဧက ကျော်ရှိတဲ့အတွက်ကြောင့် အနည်းဆုံး ကျပ်ဘီလျံ ရှစ်ရာနီးပါးတန်ဖိုး ရှိတဲ့နေရာပဲဖြစ်ပါတယ်။ (ဒါဟာ ဦးသိန်းစိန် အစိုးရလက်ထက်က တန်ဖိုးမျှသာ ဖြစ်ပါတယ်။)
၂၀၁၃ ခုနှစ်မှာ ချုပ်ဆိုထားတဲ့ စာချုပ်ဟောင်းအရဆို အစိုးရက တစ်ဧကကို ကျပ် ၁၀ သိန်းသာရရှိတဲ့ အတွက်ကြောင့် တိုင်းပြည်ဘဏ္ဍာများစွာ နစ်နာနေသလို အမှန်တကယ် ပြင်ပ ခန့်မှန်းပေါက်ဈေးနဲ့ ဘယ် လောက်ကွာဟနေသလဲဆိုတာ သိသာစေပါတယ်။ လက်ရှိအချိန်မှာဆိုရင် မြကျွန်းသာလို နေရာမျိုးရဲ့ ငှားရမ်း ခကို ကြည့်မယ်ဆိုရင် အဆောက်အအုံပါရင် တစ်စတုရန်းပေကို အနိမ့်ဆုံး ကျပ် ၁၅ သိန်းကနေ သိန်း ၂၀ ခန့် ရှိနိုင်တယ် လို့ ဈေးကွက်တွင်းလေ့လာချက်အရ သိရှိရပါတယ်။
လက်ရှိမြကျွန်းသာမှာ စီမံကိန်းတွေပြန်စတင်နေပြီဆိုရင်လည်း အစိုးရအနေနဲ့ ပြည်သူ့ဘဏ္ဍာများစွာရရှိ မယ့်အနေအထားလည်း ဖြစ်ပြီးတော့ လုပ်ကိုင်ခွင့်ပြန်လည်အစပြုဖို့ အခြေအနေမှာ ကုမ္ပဏီတွေနဲ့ စာချုပ်တွေ ကို ပြန်ပြင်ချုပ်ဆိုသလား၊ ယခင်စာချုပ်အတိုင်း လုပ်ကိုင်ခွင့် ပေးထားသလားဆိုတာတွေအတွက် တိုင်းပြည် ဘဏ္ဍာ မနစ်နာစေရေး စနစ်တကျ စိစစ်ဖို့လိုသလို အများပြည်သူကိုလည်း ပွင့်လင်းမြင်သာစွာ ချပြသင့်ပါတယ်။
■စင်ကာပူက နာမည်ကျော် Gardens by the Bay လို လုပ်သင့်တဲ့ မြကျွန်းသာ
ဒီနေရာမှာ မြကျွန်းသာကို ဘယ်လိုလုပ်သင့်သလဲ၊ အများပြည်သူအတွက် အကျိုးရှိမယ့် ဘယ်လိုစီမံကိန်းမျိုးတွေ ဖြစ်သင့်သလဲလို့ ပြောကြမယ်ဆိုရင် စင်ကာပူက Gardens by the Bay ကို မြင်မိကြမှာဖြစ်ပါတယ်။
စင်ကာပူမှာ ကမ္ဘာ့လှည့်ခရီးသွားအများအပြား လာရောက်လည်ပတ်တဲ့ Gardens by the Bay က နာမည်ကြီးပါတယ်။
Gardens by the Bay က စင်ကာပူနိုင်ငံရဲ့ အလယ်ဗဟို Marina Reservoir အနီးမှာ တည်ရှိပြီးတော့ ၁၀၅ ဟက်တာ(ဧက ၂၅၀ ကျော်)ကျယ်ဝန်းတဲ့ ခေတ်မီရုက္ခဗေဒဥယျာဉ်ကြီးတစ်ခု ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံကို "ဥယျာဉ်ထဲက မြို့တော်" (City in a Garden) အဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားခြင်း ဖြစ်ပြီး တစ်ကမ္ဘာလုံးမှ ထူးခြားဆန်းပြားတဲ့ အပင်ပေါင်း ၁ ဒသမ ၅ သန်းကျော်ကို ခေတ်မီနည်းပညာတွေနဲ့ ပေါင်းစပ်ပြသထားတာလည်းဖြစ်ပါတယ်။
အဲ့ဒီမှာဆိုရင် ပြင်ပမှာ ဥယျာဉ်နေရာတွေကို ဝင်ကြေးအခမဲ့နဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပြီးတော့ အဓိက နေရာတွေဖြစ်တဲ့ ဖန်လုံအမိုးခုံးလိုနေရာမျိုးကို ဝင်ရောက်ကြည့်ရှုမယ်ဆိုရင်တော့ လက်မှတ်ဝယ်ရပါတယ်။ အမိုးခုံး ဥယျာဉ်ထဲမှာဆိုရင် ၃၅ မီတာမြင့်တဲ့ ကမ္ဘာ့အကြီးဆုံး အိမ်တွင်းရေတံခွန်ရှိပြီးတော့ အပူပိုင်းတောင်ပေါ် ဒေသရာသီဥတုနဲ့ ဖန်တီးထားတာပါ။ နောက်တစ်နေရာမှာဆိုရင်လည်း မြေထဲပင်လယ်ရာသီဥတု ပုံစံမျိုးဖန်တီး ထားပြီးတော့ ကမ္ဘာအနှံ့က ရှားပါးသစ်ပင်၊ သစ်ခွ အစရှိတာတွေကို ပြသထားတာလည်းဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် Gardens by the Bay မှာ အများပြည်သူအတွက် စိမ်းလန်းဧရိယာကို ဖော်ဆောင် ထားပြီးတော့ အခြားတစ်ဖက်မှာဆိုရင်လည်း ခရီးသွားတွေလာရောက်လည်ပတ်နိုင်အောင် စီစဉ်ထားတာပါ။ တေးဂီတဖျော်ဖြေပွဲတွေ၊ အစားအသောက်ရောင်းချတဲ့နေရာတွေကို စီစဉ်ထားပြီးတော့ လာရောက်လည်ပတ် တဲ့ နိုင်ငံခြားသား ခရီးသွားတွေဆီကနေ နိုင်ငံခြားငွေ ရရှိနေပါတယ်။
ရန်ကုန် မြို့ထဲမှာဆိုရင် စိမ်းလန်းဧရိယာတွေက အတော်ရှားသွားပါပြီ။ အင်းလျား၊ ကန်တော်ကြီး စတဲ့ နေရာတွေလောက်ပဲ အထင်ကရရှိတော့တယ်လို့ ပြောရင်မမှားပါဘူး။ မြကျွန်သာနဲ့ အင်းလျားဟာ ရန်ကုန်မြို့ရဲ့ရှားပါးလှတဲ့ စိမ်းလန်းဧရိယာတစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပြီး စင်ကာပူက Gardens by the Bay လို အကောင်အထည်ဖော်နိုင်တဲ့ နေရာအခင်းအကျင်းလည်း ရှိနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။
မြကျွန်းသာရဲ့ ပတ်ဝန်းကျင်မှာဆိုရင် နာမည်ကြီး ဆီဒိုးနားဟိုတယ်၊ Melia ဟိုတယ်၊ The Central ၊ နိုင်ငံခြားသံရုံးက ဝန်ထမ်းအချို့ တည်းခိုတဲ့ မရီနာ အစရှိတဲ့ ဟိုတယ်တွေ၊ Residence တွေရှိပါတယ်။ ပြီးတော့ အများပြည်သူ လာရောက်လည်ပတ်တဲ့ မြန်မာပလာဇာလိုနေရာတွေ၊ မြကျွန်းသာ မလှမ်းမကမ်းမှာဆိုရင် ရန်ကုန်မြို့ရဲ့ နာမည်ကြီး Night Life ဖော်ဆောင်နိုင်တဲ့ ဆရာစံလမ်းလိုနေရာတွေရှိပါတယ်။
ဒါကြောင့် မြကျွန်းသာလိုနေရာဟာ အများပြည်သူ အပန်းဖြေနေရာ Gardens by the Inya လုပ်နိုင်တဲ့ ပတ်ဝန်းကျင် နဲ့ ရေခံမြေခံကောင်းတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
အခုချိန်မှာ မြကျွန်းသာကို ရန်ကုန်အစိုးရအဖွဲ့ စည်ပင် ကပဲပိုင်ပိုင်၊ တပ်ဘက်ကပဲပိုင်ပိုင် ဘယ်သူကပဲ ပိုင်ဆိုင်ပိုင်ဆိုင် ကျိန်းသေတာ တစ်ခုကတော့ အများပြည်သူနဲ့ ဆိုင်တဲ့ အထင်ကရ နေရာပဲဖြစ်သင့်ပါတယ်။
ဒီလို နေရာမျိုးမှာ Gardens by the Inya လုပ်မယ်ဆိုရင်လည်း အများပြည်သူအတွက် ကောင်းမွန်ပြီး အမှန်တကယ်ရင်းနှီးမြုပ်နှံနိုင်တဲ့သူကို ပွင့်လင်းမြင်သာစွာနဲ့ တင်ဒါခေါ်ယူပြီး လုပ်ကိုင်ခွင့်ပေးရမှာဖြစ်ပါတယ်။ မြကျွန်းသာ အနီးတစ်ဝိုက်မှာဆိုရင်လည်း နိုင်ငံခြားသား ခရီးသွားတွေ တည်းခိုနေထိုင်တဲ့ ဟိုတယ်တွေ ရှိတဲ့အပြင် ပြည်တွင်းခရီးသွားတွေလည်း လာရောက်လည်ပတ်တဲ့ ရွှေတိဂုံစေတီလို နေရာမျိုးတွေ၊ မြန်မာပလာဇာလို နေရာမျိုးတွေရှိတဲ့အတွက်ကြောင့် မြကျွန်းသာ ဧရိယာကို Business Hub တစ်ခုလုံးအဖြစ် ဖော်ဆောင်ခြင်းထက် Recreation Park (အဆင့်မြင့် အများပြည်သူ အပန်းဖြေဥယျာဉ်) အဖြစ် အကောင်အထည်ဖော်တာက ရေရှည်အတွက်လည်း ပိုကောင်းနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို အများပြည်သူအပန်းဖြေနိုင်တဲ့ နေရာမျိုး၊ ကျန်တဲ့ ၂၀ ရာခိုင်နှုန်း လောက်ကို ပြတိုက်၊ ယဉ်ကျေးမှုပြခန်း၊ ကလေးငယ်တွေအတွက် သင်ယူရေးစင်တာလိုမျိုး တည်ဆောက်လုပ် ကိုင်သင့်ပြီးတော့ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုတော့ အရည်အသွေးမြင့် စားသောက်ဆိုင်၊ ကော်ဖီဆိုင် အစရှိတဲ့ ဆိုင်မျိုးတွေ လုပ်ကိုင်သင့်တယ်လို့ သုံးသပ်အကြုံပြုမှုတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် မြကျွန်းသာ ဧရိယာထဲမှာ ပါဝင်တဲ့ အင်းလျားကန်ဆိုရင် ရန်ကုန်မြို့ရဲ့ အရေးပါတဲ့ စိမ်းလန်း ဧရိယာ တစ်ခုဖြစ်သလို စိမ်းလန်းဧရိယာနည်းပါးလာတဲ့ ရန်ကုန်မြို့ရဲ့ တစ်ခုတည်းသော နိုင်ငံခြားသားတွေကို စွဲဆောင်နိုင်တဲ့ စိမ်းလန်းဧရိယာဖြစ်ပါတယ်။
အဲ့ဒီလိုနေရာမှာ အဆောက်အအုံတွေ၊ ဈေးဆိုင်ခန်း၊ ရုံးခန်းလို နေရာမျိုးတွေပဲ အဓိက ဖွင့်လှစ်လုပ်ကိုင်ပြီး အဆောက်အအုံတွေ ထူထပ်လာမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်၊ လေဝင်လေထွက်နဲ့ ရာသီဥတုစတာတွေအပေါ် သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် မြကျွန်းသာကို Garden by the Bay ကဲ့သို့ အလားသဏ္ဍန်တူပုံစံမျိုး လုပ်သင့်ပါတယ်။
■ Corruption နဲ့ Mismanagement
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံချက်နဲ့ အစိုးရသစ်လက်ထက်မှာ အများပြည်သူအတွက် ပြုပြင်ပြောင်းလဲမှုတွေ သိသိသာသာ တွေ့လာရပြီး အောင်မြင်တယ်လို့ ပြောရမယ့် ဝန်ကြီးဌာနတွေကို ပြောရမယ်ဆိုရင် နံပါတ်တစ်က နိုင်ငံခြားရေးနဲ့ နိုင်ငံတကာဆက်ဆံရေးပဲဖြစ်ပါတယ်။ တက်ကြွပြီး ဘက်မလိုက်တဲ့မူဝါဒနဲ့ အစိုးရသစ်လက်ထက်မှာ တရုတ်၊ အိန္ဒိယ၊ ဘီလာရုစ်၊ လာအို ကမ္ဘာ့ထိပ်သီးနိုင်ငံတွေကခေါင်းဆောင်တွေ အာဆီယံက နိုင်ငံခြားရေးဝန်ကြီးတွေ တာဝန်ရှိသူတွေနဲ့ ဆက်တိုက်တွေ့ဆုံပြီး သံတမန်ရေးလှုပ်ရှားမှုမှာ ကောင်းမွန်တဲ့အလားအလာတွေကို တွေ့နေရပါတယ်။ နံပါတ် နှစ်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနလို့ ဆိုနိုင်ပါတယ်။ ဆုံးရှုံးထားတဲ့ နယ်မြေအချို့၊ ဒေသအချို့ကို ပြန်ရယူနိုင်တယ်။ ဒါဟာ အစိုးရသစ်ရဲ့ ရက် ၁၀၀ အတွင်း လုပ်ဆောင်ချက်တွေထဲမှာ အောင်မြင်တယ်လို့ ပြောရပါလိမ့်မယ်။ နောက် နံပါတ်သုံးကတော့ စွမ်းအင်နဲ့လျှပ်စစ်ဝန်ကြီးဌာနပဲဖြစ်ပါတယ်။ အမေရိကန် အီရန် စစ်ပွဲ ဂယက်နဲ့ လောင်စာဆီ ပြဿနာတွေ အကျပ်အတည်းတွေအပေါ် စွမ်းအင် ကဏ္ဍရဲ့ ဖြေရှင်း ဆောင်ရွက်မှု မှန်ကန်ခဲ့တယ်လို့ ဆိုနိုင်ပြီး လောင်စာအကျပ်အတည်း အပေါ် လျင်လျင်မြန်မြန် နဲ့ ဖြေရှင်းမှုတွေ တွေ့ခဲ့ရပါတယ်။ အလားတူပဲ နံပါတ်လေးနေရာမှာဆိုရင် ကျန်းမာရေးဝန်ကြီးဌာနဖြစ်ပါတယ်။ ဆေးရုံကြီးတွေက အထူးကုဆရာဝန်ကြီးတွေရဲ့ နယ်လှည့် ဆေးကုသမှုတွေနဲ့ ကျန်းမာရေးပိုင်းမှာလည်း ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတချို့တွေ့ရသလို နံပါတ်ငါး အောင်မြင်မှု ကဏ္ဍ အနေနဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ကိုလည်း ထည့်ရမှာဖြစ်ပါတယ်။ မြန်မာ့မီးရထားလုပ်ငန်းတွေ အဆင့်မြှင့်တင်နိုင်မှုဟာ ပြည်သူအကြားမှာ သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။ ဒါ့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ မှတ်ပုံတင် စီမံချက်တွေနဲ့ သူတို့ရဲ့ အဂတိဆိုင်ရာ ပြောကြားချက်တွေကြောင့်လည်း ရက် ၁၀၀ အတွင်းမှာ အောင်မြင်မှုရှိတဲ့ ကဏ္ဍတွေထဲ ပါခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်နဲ့ ဆောင်ရွက်မှုတွေထဲမှာဆိုရင် စီးပွားရေးအရ မအောင်မြင်မှုတွေ၊ mismanagement တွေလည်းရှိနေပါတယ်။ ဆက်စပ်လို့ Corruption တွေ ကိုကိုင်တွယ်ရာမှာ အာဏာထိန်းအစိုးရလက်ထပ်ကထက်စာရင် အားလျော့နေတယ်လို့ ဝေဖန်မှုအသံတွေလည်းရှိနေပါတယ်။
သွင်းကုန် ပို့ကုန်ကဏ္ဍ တွေမှာ အားနည်းချက်တွေကြောင့် စီးပွားရေးကဏ္ဍ မှာ ထင်သလို မဖြစ်တာ အကျပ်အတည်းတွေ ဖြစ်ရပြီး စီးပွားရေးမတိုးတက်တာ၊ ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်တာကြောင့် အများပြည်သူအတွက် အကျပ်အတည်း ဖြစ်တာတွေလည်းရှိနေပါတယ်။ ဇူလိုင် ၇ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာဆိုရင်လည်း အစိုးရအဖွဲ့အတွက် အကြီးမားဆုံးစိန်ခေါ်မှုက ကုန်ဈေးနှုန်း မြင့်တက်ခြင်းပဲဖြစ်တယ်လို့ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသွားခဲ့ပါတယ်။
တိုင်းပြည် စီးပွားရေး မျှော်မှန်းသလောက် မတိုးတက်မှုအတွက်ဆိုရင်သွင်းကုန်၊ ပို့ကုန်၊ နိုင်ငံခြားသုံးငွေထိန်းချုပ်ကန့်သတ် စတဲ့ ကဏ္ဍ တွေမှာ ရှိနေတဲ့ ပေါ်လစီ လုပ်ထုံးလုပ်နည်းတွေအပေါ် ပြန်လည်ဆန်းစစ်ကြရတော့မှာဖြစ်သလို တစ်ဖက်မှာလည်း အစုအဖွဲ့နဲ့ ရှိနေနိုင်တဲ့ အဂတိတွေကိုလည်း လျော့ပါးသွားအောင် ကိုင်တွယ်ဆောင်ရွက်မှုတွေ လုပ်သင့်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုမှာ Nepotism၊ Corruption နဲ့ Mismanagement အပေါ်ဆန်းစစ်ပြီး အစိုးရအနေနဲ့ ထိန်းသိမ်းသင့်တာ ထိန်းသိမ်းပေး၊ အရေးယူသင့်တာ အရေးယူ၊ ညွှန်ကြားဖြေရှင်း သင့်တာ ညွှန်ကြား စသဖြင့်လုပ်ဆောင်ပေးသင့်ပါတယ်။
ဒါမှသာ အစိုးရသစ်အနေနဲ့ ရည်မှန်းတဲ့ပန်းတိုင်နဲ့ အောင်မြင်မှုကို ရနိုင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ရင်တော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ နှေးကွေးပြီး အများပြည်သူ အခက်အခဲအကျပ်အတည်းတွေ လျော့ပါးဖွယ်မရှိဘဲ ဖြစ်နေပါလိမ့်မယ်။
အခုလည်း Corruption နဲ့ ပတ်သက်ရင် ခေတ်အဆက်ဆက် ထောက်ပြခံရတဲ့ မြကျွန်းသာကို ဥပမာအနေနဲ့ တင်ပြရတာဖြစ်ပါတယ်။ အခုလိုအများပြည်သူနဲ့ သက်ဆိုင်တဲ့ အထင်ကရ နေရာမှာ ရှိနေတဲ့ အခြေအနေတွေအပေါ် ဆန်းစစ်တာ၊ မှန်၊ မမှန် စစ်ဆေးရမှာက အစိုးရရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒီလို စီမံကိန်းတွေ၊ နာမည်ကြီးတဲ့ ကိစ္စတွေအပေါ် အစိုးရသစ်အနေနဲ့ အကောင်းဆုံးစိစစ် ကြပ်မတ်လုပ်ဆောင်သင့်တာလည်း အမှန်ပဲဖြစ်ပါတယ်။
ဒါကြောင့် အစိုးရအဆက်ဆက် ရပ်တန့်ထားတဲ့ စီမံကိန်းတွေရှိတဲ့ မြကျွန်းသာလိုနေရာမျိုးရဲ့ မျက်နှာစာရှေ့မှာ ဆိုင်ခန်းတွေ ဘာကြောင့်ပေါ်လာသလဲ၊ သက်ဆိုင်ရာအစိုးရဌာနတွေနဲ့ ဘယ်လိုသဘောတူညီထားသလဲ အများပြည်သူအကျိုးရှိစေမယ့်အခြေအနေ ဘာတွေရှိမလဲ ဆိုတာတွေကို မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ ဒါတွေကို သက်ဆိုင်ရာကလည်း ဖြေကြားသင့်ပါတယ်။
မြေဈေးကောင်းနေတဲ့အခုလိုအချိန်မှာ ဒီလိုနေရာမျိုးအတွက် ငှားရမ်းခဘယ်လောက်ရသလဲ၊ ဘယ်သူတွေ လုပ်ပိုင်ခွင့် ရသွားသလဲ၊ စီမံကိန်းတွေ ရပ်ဆိုင်းထားချိန်မှာ ဘယ်လို အဆောက်အအုံတွေက အစိုးရသစ် ပြောင်းလဲ တာဝန်ယူတဲ့ အခုအချိန်မှာ ဘာကြောင့်ပေါ်လာသလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
အခုချိန်မှာ သက်ဆိုင်ရာ လွှတ်တော်တွေလည်း ပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့လည်း လွှတ်တော်မှာ ဒီလို အများပြည်သူနဲ့ဆိုင်တဲ့ စီမံကိန်းတွေအပေါ် မေးခွန်းထုတ်ရမယ့်အခြေအနေဖြစ်ပါတယ်။ အစိုးရအနေနဲ့ ငှားရမ်းခဘယ်လောက်ရသလဲ၊ ဘယ်လိုဥပဒေနဲ့ လုပ်ကိုင်ခွင့်ရပြီး အခုလိုအခြေအနေတွေကို ရောက်ရှိနေတာလဲ အစရှိတာတွေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာလည်းမေးမြန်းသင့်ပါတယ်။
မြကျွန်းသာလို ပြည်သူ့ဘဏ္ဍာငွေ နစ်နာနိုင်ခြေရှိတဲ့စီမံကိန်းမျိုးကို ပြန်စတင်ပြီဆိုရင်လည်း အများပြည်သူကို အကျယ်တဝင့် ချပြ အသိပေးရမှာပဲဖြစ်ပါတယ်။
၂၀၁၀ မတိုင်မီကာလတုန်းက တပ်ပိုင်မြေ၊ နောက်ပိုင်းမှာတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်မြေ ဖြစ်ခဲ့ပြီးတော့ လက်ရှိအချိန်မှာ မည်သည့်ဌာနက ပိုင်ပိုင် ပြည်သူ့ဘဏ္ဍာ နစ်နာဆုံးရှုံး မှုမရှိအောင်၊ ထိုက်သင့်တဲ့တန်ဖိုးအတိုင်း အစိုးရဘဏ္ဍာရရှိအောင် ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။
ဒါကြောင့် မြကျွန်းသာမှာ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတွေအနက် လုပ်ငန်း ပြန်လည်လည်ပတ်နေတဲ့ ကုမ္ပဏီ တွေရှိရင် ဘယ်လိုသဘောတူညီချက်၊ သတ်မှတ်ချက်စည်းကမ်းချက်တွေနဲ့ ပြန်လည် ခွင့်ပြုထားသလဲ။ အစိုးရအတွက် ထိုက်သင့်တဲ့ အခွန်အခတွေ အမှန်တကယ် ရရှိပါသလား။ ပြည်သူ့ဘဏ္ဍာ နစ်နာ ဆုံးရှုံးမှုမရှိရေးနဲ့ ကြီးမားတဲ့ စီမံကိန်းလုပ်ငန်းတစ်ခုမှာ အဂတိ ရှိ၊ မရှိ စတာတွေကို မေးခွန်းထုတ်ရတော့မှာဖြစ်သလို တာဝန်ရှိသူတွေအနေနဲ့လည်း ဒါတွေနဲ့ပတ်သက်လို့ သိရှိပြီး အများပြည်သူ အကျိုးစီးပွားအတွက် မှန်၊ မမှန် စိစစ်လုပ်ဆောင်သင့်တာအမှန်ပဲ ဖြစ်ပါတယ်။















