တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးဒေသတွင် လူအများအပြား သေဆုံးပျက်စီးခဲ့ရသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူဦးရေသည် ဇူလိုင် ၉ ရက်တွင် ၃၉ ဦးအထိ မြင့်တက်လာခဲ့ပြီး၊ လူကိုးဦးမှာမူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ကြေညာခဲ့သည်။
ယခုသီတင်းပတ်အတွင်း ပြင်းထန်သော ရာသီဥတုအခြေအနေကြောင့် တရုတ်နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီး ကွမ်ရှီးဒေသ၌ မိုးသည်းထန်စွာရွာသွန်းကာ ဆိုးရွားစွာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
ထို့အပြင် ယခုသီတင်းပတ်ကုန်တွင်လည်း အရှေ့ဘက်ပြည်နယ်များဆီသို့ စူပါတိုင်ဖွန်းမုန်တိုင်းတစ်ခု ဦးတည်ရွေ့လျားနေသည်။
သေဆုံးသူများအနက် ၂၆ ဦးမှာ လျူလန်ရေလှောင်တမံ ကျိုးပေါက်မှုနှင့် ဆက်စပ်နေပြီး ထိုနေရာတွင် လူခုနစ်ဦးမှာမူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
ဇူလိုင် ၈ ရက်နေ့တွင် အေအက်ဖ်ပီ သတင်းထောက်များ လျူလန်ဒေသသို့ ရောက်ရှိသွားချိန်၌ ရေကြီးမှုများ ပြန်လည်ကျဆင်းသွားခဲ့ပြီဖြစ်သော်လည်း လမ်းများနှင့် နေအိမ်များမှာမူ ထူထပ်သော ရွှံ့နွံများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ရေလှောင်တမံမှ ရေများသည် မြစ်အတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဆင်းနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့သည် အခြားတစ်ဖက်ကမ်းတွင် ပိတ်မိနေသူများထံသို့ အစားအစာနှင့် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန်အတွက် အစားအစာတင်ဆောင်ထားသော ဒရုန်းကြီးများကို စေလွှတ်ခဲ့ကြသည်။
ယခုသီတင်းပတ်အစောပိုင်းက နိုင်ငံပိုင် စီစီတီဗွီမှ ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုဖိုင်များတွင် ရေလှောင်တမံ၏ ပြိုကျပျက်စီးသွားသော ကွန်ကရစ်တံတိုင်းများကြားမှ ရေစီးသန်လှသော ရေတံခွန်များ စီးဆင်းနေသည်ကို တွေ့ရပြီး အသက်ကယ်အကျႌများ ဝတ်ဆင်ထားသည့် ကယ်ဆယ်ရေးသမားများကို လေထိုးလှေများဖြင့် စေလွှတ်ထားခဲ့သည်။
လျူလန်ဒေသခံများသည် ပျက်စီးသွားသော ၎င်းတို့၏ နေအိမ်များကို လိုက်လံရှင်းလင်းနေကြပြီး အချို့မှာ ပျက်စီးသွားသည့် အိမ်သုံးပစ္စည်းများကို ကော်ထုတ်ရန်အတွက် မြေတူးစက်များကို အသုံးပြုနေကြသည်ကို အေအက်ဖ်ပီ သတင်းထောက်များက တွေ့မြင်ခဲ့ရသည်။
Ref:AFP
Photo:AFP















