ပါကစ္စတန်ကယ်ဆယ်ရေးအဖွဲ့များက ပင်လယ်အတွင်း ပျက်ကျသွားသည့် Boeing ကုန်တင်လေယာဉ်၏ အပျက်အစီးများကို ဇူလိုင် ၈ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း လေဆိပ်အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပြီး လေယာဉ်ပျောက်ဆုံးသွားချိန်တွင် လိုက်ပါသွားသည့် လေယာဉ်အဖွဲ့သား ငါးဦးကို ကယ်ဆယ်ရေးသမားများက ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ပြောပြခဲ့သည်။
အဆိုပါ လေယာဉ်သည် ယူအေအီးနိုင်ငံ ရှာဂျာ မြို့မှ ကရာချီမြို့သို့ ဦးတည်ပျံသန်းလာစဉ် ဇူလိုင် ၇ ရက် ညနေပိုင်းက လမ်းကြောင်းပြစနစ်ဆိုင်ရာ ပြဿနာ ရှိနေကြောင်း သတင်းပို့ပြီးနောက် အရှိန်အဟုန်ဖြင့် အမြင့်ပေကျဆင်းသွားသည်ကို ရေဒါတွင် ပြသခဲ့ကြောင်း ပါကစ္စတန်လေဆိပ်အာဏာပိုင်အဖွဲ့ (PAA) က ဆိုသည်။
ပါကစ္စတန်ရေတပ်နှင့် ရေကြောင်းကယ်ဆယ်ရေးအေဂျင်စီတို့သည် ၁၂ နာရီကြာ ရှာဖွေပြီးနောက် ပျောက်ဆုံးကြောင်း ကြေညာခဲ့သည့် K2 Airways Cargo B737 လေယာဉ် ၏ အပျက်အစီးများကို အောင်မြင်စွာ ရှာဖွေတွေ့ရှိပြီး ခွဲခြားသတ်မှတ်နိုင်ခဲ့ကြောင်း PAA က X လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ခဲ့သည်။
အပျက်အစီးများကို ပါကစ္စတန်တောင်ဘက်ကမ်းရိုးတန်းရှိ အိုမာရာမြို့အနီး အာရေဗျပင်လယ်အတွင်း၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ပျောက်ဆုံးနေတဲ့ လေယာဉ်အဖွဲ့သားတွေကို ရှာဖွေဖို့ ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်" ဟု PAA က ဖြည့်စွက်ပြောကြားခဲ့သည်။
အာဏာပိုင်အဖွဲ့သည် ကယ်ဆယ်ရေးသမားများက လေယာဉ်ကိုယ်ထည် အစိတ်အပိုင်းများကို လှေငယ်တစ်စင်းပေါ်မှ သင်္ဘောကြီးတစ်စင်းပေါ်သို့ ဆွဲတင်နေသည့် ပုံရိပ်များနှင့် "K2 Air" ဟု စာသားပါရှိသော အနီနှင့် အဖြူရောင် လေယာဉ်အပျက်အစီးများကို သင်္ဘောကုန်းပတ်ပေါ်တွင် ခင်းကျင်းထားသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
လေယာဉ်အပျက်အစီးများ မတွေ့ရှိမီ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တစ်ခုတွင် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က "ပုဂ္ဂလိက ကုန်တင်လေယာဉ်တစ်စင်း အာရေဗျပင်လယ်အတွင်း ပျက်ကျပျောက်ဆုံးသွားခဲ့ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်အပေါ် အလွန်စိတ်မကောင်းဖြစ်ရပါကြောင်း" ဖော်ပြခဲ့သည်။
ယင်းကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီသတင်းသို့ ပြောကြားရာတွင် ရေတပ်နှင့် ကုန်သည်ကူးသန်းရောင်းဝယ်ရေး သင်္ဘောများအပြင် စစ်ဘက်ဆိုင်ရာ လေယာဉ်များပါဝင်ပြီး ရှာဖွေရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေကြကြောင်း သိရသည်။
အဆိုပါ လေယာဉ်ကို အင်္ဂါနေ့ည ၉ နာရီ ၂၁ မိနစ် တွင် အရှိန်အဟုန်ဖြင့် အမြင့်ပေကျဆင်းလာပြီး လမ်းကြောင်း အမြန်ပြောင်းလဲသွားသည်ကို ရေဒါတွင် တွေ့ရှိခဲ့ရပြီးနောက် ကရာချီမြို့၏ အနောက်ဘက် ရေမိုင် ၁၅၅ မိုင်ခန့်အကွာတွင် ဆက်သွယ်ရေးပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း PAA က ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ လေကြောင်းပျံသန်းမှု စောင့်ကြည့်ရေးဝန်ဆောင်မှုဖြစ်သော Flightradar24.com မှ ပေးပို့သည့် ကနဦးအချက်အလက်များအရ လေယာဉ်သည် အမြင့်ပေကျဆင်းသွားပြီးနောက် ပြန်လည်မြင့်တက်လာကာ ထို့နောက် ဒုတိယအကြိမ်အဖြစ် ရုတ်တရက်နှင့် သိသိသာသာ အမြင့်ပေထပ်မံကျဆင်းသွားခဲ့သည် ကို ပြသနေသည်ဟုဆိုသည်။
K2 Airways သည် ပြည်တွင်းနှင့် ပြည်ပသို့ ပုံမှန်ခရီးစဉ်များနှင့် စင်းလုံးငှားခရီးစဉ်များကို ပျံသန်းပြေးဆွဲနေသည့် ပါကစ္စတန်နိုင်ငံရှိ ပုဂ္ဂလိက ကုန်တင်လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။
Airfleets.net ၏ ဖော်ပြချက်အရ အဆိုပါလေယာဉ်ကို ၁၉၉၉ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး၊ ၂၀၁၂ နှစ်တွင် ကုန်တင်လေယာဉ်အဖြစ်သို့ မပြောင်းလဲမီအထိ အဲရိုဖလော့ နှင့် ဂါရူဒါ အင်ဒိုနီးရှားလေကြောင်းလိုင်းတို့တွင် ခရီးသည်တင်လေယာဉ်အဖြစ် ပျံသန်းခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်နိုင်ငံ၏ လေကြောင်းကဏ္ဍသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တောင်ပိုင်းကရာချီမြို့အပါအဝင် နေရာအချို့၌ လူသေဆုံးမှုများပြားသည့် ကြီးမားသော လေယာဉ်ပျက်ကျမှု အကြိမ်ရေအနည်းငယ်နှင့်အတူ မရေရာလှသည့် သမိုင်းကြောင်းရှိခဲ့ဖူးသည်။
Ref:AFP
Photo:AFP















